သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအကြံပေး မစ္စတာ Nambiar လိုင်ဇာရောက်


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar ကချင်ဒုက္ခသည်တွေနဲ့ ယခင်က တွေ့ဆုံစဉ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar ကချင်ဒုက္ခသည်တွေနဲ့ ယခင်က တွေ့ဆုံစဉ်။
မြန်မာနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီယား (Vijay Nambiar) ဟာ ဒီကနေ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို သွားရောက်ပြီး KIO အဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒါ့အပြင် မစ္စတာ နမ်ဘီယားအနေနဲ့ လိုင်ဇာဝန်းကျင်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက် ကြည့်ရှုခဲ့တယ်လို့ KIO အဖွဲ့ ဒုက္ခသည်ရေးရာ ကော်မီတီဝင်တဦးဖြစ်တဲ့ ဦးဒွဲပီဇာက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံကို သီတင်းတပတ် နီးပါးလောက် အလည်အပတ် ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီယားဟာ ဒီကနေ့ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက မြစ်ကြီးနားမြို့ကနေ KIO ကချင်ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို ရောက်သွားပြီး KIO စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် အပါအဝင် ခေါင်းဆောင် အားလုံးနီးပါးနဲ့ တွေ့ဆုံခဲ့တယ်လို့ KIO အဖွဲ့ ဒုက္ခသည်ရေးရာ ကော်မီတီဝင် ဦးဒွဲပီဇာက ဗွီအိုအေကို ပြောပါတယ်။

“KIO လူကြီးတွေ၊ အစိုးရနဲ့တော့ တွေ့တာပဲ။”

မေး။ ။ ဟုတ်ကဲ့။ ဆရာဂွမ်မော် တို့ရော ပါတယ်ပေါ့ဆရာ။
ဖြေ။ ။ “ဟုတ်တယ်။ ဟုတ်တယ်။”

မေး။ ။ ဆိုတော့ ဘာတွေများ အဓိကထားပြီးတော့ သူ့ဘက်က ပြောပါသလဲဆရာ။ KIO လူကြီးတွေနဲ့ တွေ့တဲ့အခါမှာ။ မစ္စတာ နမ်ဘီယားအနေနဲ့။
ဖြေ။ ။ “အဓိကတော့ ကျနော်တို့ ဥက္ကဌက ကြိုဆိုမိတ်ဆက်တဲ့ စကားပြောတာပေါ့။ ဒီလို တွေ့ရတာ၊ ကျနော်တို့ ဒေသကိုရောက်တာ၊ ကျနော်တို့ အဖွဲ့အစည်းကို လာတွေ့တာပေါ့ ဝမ်းသာပါတယ်ဆိုတဲ့ ကြိုဆိုတဲ့သဘောနဲ့ ကျနော်တို့ ဥက္ကဌက ပြောတယ်။ နမ်ဘီယားလည်းပဲ အခု ဒီလို ရောက်ခဲ့တယ်ဆိုတော့ နိုင်ငံရေးအခြေအနေ ပြောင်းလဲမှုရဲ့ အကျိုးပေါ့လေ။ နိုင်ငံရေး ပြောင်းလဲလာတဲ့ အတွက်ကြောင့်မို့ ဒီလို တွေ့ဆုံရတယ်။ ပိုပြီးမှ ပြောင်းလဲလာဖို့ အားလုံး ဆက်လက် လုပ်ဆောင်ရမယ်ဆိုတဲ့ သဘောပဲ။ ကျနော် ဒီလိုပဲ သဘောပေါက်တယ်။”

မေး။ ။ သူ့ဘက်ကရော ဘာတွေ လုပ်ဆောင်ပေးနေတယ်ဆိုတာ ပြောပါသလား။ သဘောက ကုလသမဂ္ဂအနေနဲ့ပေါ့လေ အစိုးရကို ဘယ်လိုမျိုးပြောတယ်တို့၊ KIO ဘက်က ကုလသမဂ္ဂအနေနဲ့ ဖြစ်စေချင်တဲ့ပုံစံတွေရော ပြောပါသလား။
ဖြေ။ ။ “သဘောက ဒီလို ပြောင်းလဲလာတယ်ဆိုတဲ့ဟာ အဖွဲ့နှစ်ဖွဲ့ဘက်က ခေါင်းဆောင်တွေရဲ့ ပြောင်းလဲမှုပေါ့။ ပြောင်းလဲမှုက အဓိကဖြစ်နေတယ်။ ဒီဟာကို ဆက်လက်ပြီးမှ ပိုကောင်းတဲ့ အခြေအနေ အလားအလာဖြစ်အောင် ဆက်လက် ကြိုးစားဖို့ လိုတယ်လို့ ပြောတာပဲ။”

မေး။ ။ ဟုတ်ကဲ့ဆရာ ဘယ်လောက်ကြာကြာများ ဆွေးနွေးဖြစ်ကြသလဲ။ နှစ်ဘက်လေ။ တွေ့ဖြစ် စကားပြောဖြစ်ကြသလဲပေါ့နော်။
ဖြေ။ ။ “ကျနော်တို့က မိနစ် ၃၀ လောက်ပဲကြာတယ်။”

မေး။ ။ သြော် သူက ဒီလောက်အကြာကြီး လာပြီးမှ နာရီဝက်လောက်ပဲ စကားပြောခွင့် ရလိုက်တယ်နော်။ ခရီးက အဝေးကြီးလာပြီးမှ။
ဖြေ။ ။ “ဟုတ်တယ်။”

မေး။ ။ နောက်တခုကဆရာရေ.. အားလည်းနာပါတယ်။ ဟို အပစ်အခတ် ရပ်စဲရေး အခြေအနေနဲ့ ပတ်သက်လို့ရော ပြောဖြစ်ကြလား။ ဒီကိစ္စကတော့ အဓိကဖြစ်မှာပေါ့။ လာရင်းအကြောင်းရင်းကလေ။ အဲ့တော့ KIO ဘက်က ဆွေးနွေးတာ၊ နောက် မစ္စတာ နမ်ဘီယား က ပြောတာ အဲ့ဒီဟာ အခြေအနေကရော ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ “ဒါတော့ ကျနော်တော့ မပါဘူး။ ကျနော် ပါတဲ့အပိုင်းမှာတော့ ဒါတော့ မပါဘူး။”

အဲ့ဒီနောက်မှာ မစ္စတာ နမ်ဘီယားဟာ လိုင်ဇာမြို့ အနီးဝန်းကျင်မှာရှိတဲ့ စစ်ပြေးဒုက္ခသည်စခန်း ၂ ခုကို သွားရောက် ကြည့်ရှုခဲ့တယ်လို့ ဦးဒွဲပီဇာက ဆက်ပြောပါတယ်။

“IDP တွေ Camp ပေါ့။ IDP Camp ကို သွားရောက်တယ်။ ဒါပေမဲ့ အချိန်မရှိလို့ --ပါပဲ။ ဟိုပြောဒီပြော IDP တွေနဲ့ တွေ့ပြီးမှ စကားပြောခွင့်လည်း မရှိပါဘူး။ အချိန်မရှိဘူးလေ။ အဲ့ဒီက ပြန်ထွက်လာပြီးမှ လိုင်ဇာမှာရှိတဲ့ IDP စခန်း ၂ ခုမှာလည်း ဒီအတိုင်းပါပဲ။ ဘာမှ တွေ့ဆုံဆွေးနွေးခဲ့တာ မရှိပါဘူး။”

KIO ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံစဉ် ဆွေးနွေးကြတဲ့ အသေးစိတ် အချက်အလက်ကို သိနိုင်ဖို့ KIO အပါအဝင် ကချင် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က တာဝန်ရှိသူတွေနဲ့ မစ္စတာ နမ်ဘီယားရဲ့ အတွင်းရေးမှူး မစ် မာရီယမ် တို့ကို ဗွီအိုအေက ဆက်သွယ်ပေမဲ့ ဘယ်လိုမှ ဆက်သွယ်လို့ မရခဲ့ပါဘူး။

တကယ်တော့ သူ့ရဲ့ ဒီလိုင်ဇာခရီးစဉ်နဲ့ ပတ်သက်လို့ သတင်းမီဒီယာတွေကို ထုတ်ဖော် ပြောဆိုခြင်း မပြုဖို့ အင်္ဂါနေ့က တွေ့ဆုံစဉ်မှာ သူတို့ကို တားမြစ်ခဲ့တယ်လို့ ကချင် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင် ဦးဒေါင်ခါးကို ကိုးကားပြီး ဗုဒ္ဓဟူးနေ့ထုတ် ပြည်တွင်း သတင်းမီဒီယာတွေမှာ ဖော်ပြထား ပါတယ်။

ကချင်ပြည်နယ်အစိုးရ တာဝန်ရှိသူတွေကတော့ မစ္စတာ နမ်ဘီယားဟာ ကချင်ပြည်နယ်မှာ တညအိပ်ပဲ နေမယ်လို့ အစောပိုင်းမှာ ပြောဆိုထားတာ
ဖြစ်ပါတယ်။

မစ္စတာ နမ်ဘီယားဟာ ကချင်ပြည်နယ်ဘက်ကို ခရီးမထွက်ခင် ရန်ကုန်မှာရှိနေတုန်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်ခ် မစ်ချဲ (Derek Mitchell) နဲ့လည်း တွေ့ဆုံပြီးဖြစ်တဲ့အကြောင်း ဗုဒ္ဓဟူးနေ့က ဗွီအိုအေနဲ့ သီးခြားပြုလုပ်တဲ့ တွေ့ဆုံပွဲအတွင်း သံအမတ်ကြီး ဒဲရက်ခ် မစ်ချဲ က ပြောကြားခဲ့ပါတယ်။
XS
SM
MD
LG