သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာဂစ်ဒုက္ခသည်တွေ အခက်အခဲနှင့် ရင်ဆိုင်ရဆဲ


နာဂစ်ဆိုင်ကလုန်း ကြောင့် ပျက်စီးသွားတဲ့ လယ်မြေနဲ့ ကျေးရွာများမြင်ကွင်း။
နာဂစ်ဆိုင်ကလုန်း ကြောင့် ပျက်စီးသွားတဲ့ လယ်မြေနဲ့ ကျေးရွာများမြင်ကွင်း။

ဧရာဝတီတိုင်း၊ မြစ်ဝကျွန်းပေါ်က နာဂစ် မုန်တိုင်းဒုက္ခသည်တွေအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေဟာ အောင်မြင်ပြီးဆုံးတဲ့အခြေအနေ ရောက်မလာသေးတဲ့အပြင် အများစုဟာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရဆဲ ဖြစ်တယ်လို့ ဧရာဝတီတိုင်းလွှတ်တော်ကိုယ်စားလှယ်က ဗွီအိုအေကို ပြောပါတယ်။ လူပေါင်းသိန်းနဲ့ချီသေဆုံးခဲ့တဲ့ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းကြီး တိုက်ခတ်ခဲ့တာ (၇) နှစ်တင်းတင်း ပြည့်လာတဲ့အချိန်မှာ အခုလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံ တင်ပြပေးထားပါတယ်။

ဧရာဝတီမြစ်ဝကျွန်းပေါ်နဲ့ ရန်ကုန်တိုင်းဒေသ မှာ ၂၀၀၈ ခုနှစ်မေလ (၂) ရက်နေ့က တိုက်ခတ်ခဲ့တဲ့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာ့သမိုင်းမှာ အဆိုးရွာဆုံး သဘာဝ ဘေးအန္တရာယ်ကြီးတခုဖြစ်ခဲ့တာပါ။ မုန်တိုင်းဒဏ်ကြောင့် လူပေါင်းသိန်းနဲ့ချီသေဆုံးခဲ့သလို သန်းနဲ့ချီပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

အခုလို (၇) နှစ်ပြည့်လာချိန်မှာ ပြန်လည်ထူထောင်ရေးနဲ့ ဒေသဖွံ့ဖြိုးရေးအခြေအနေတွေဟာ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ တိုးတက်လာတာမျိုး မရှိတဲ့အပြင် အချို့နေရာတွေမှာ ဒေသလုပ်ငန်းတွေဟာ ဆုတ်ယုတ်ကျဆင်းနေတယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ဒေသခံတွေအကြား ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှာလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးဆွေးနွေးတာမျိုးရှိပေမယ့် မုန်တိုင်းဒုက္ခသည်တွေရဲ့ ဘဝတွေ ပြန်လည်တည်ဆောက်ရေး လက်တွေ့အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ခြင်းမရှိသေးဘူးလို့ အမေရိကန်ပြည်ထောင်စုကို ခေတ္တရောက်ရှိ နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်ကိုယ်စားလှယ် ဒေါက်တာလှမြတ်သွေးက ဗွီအိုအေကိုပြောပါတယ်။

“နာဂစ်ဒုက္ခသည်တွေနဲ့ပတ်သက်ပြီးတော့ ကျမတို့ လွှတ်တော်ထဲမှာ တော်တော်အခြေအတင် ဆွေးနွေးငြင်းခုန်ထားတော့ ကျမတို့ အဲဒီဒေသကို ရောက်တယ်။ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆိုလို့ရှိရင် အဲဒီဒေသမှာ မိသားစုလိုက်ဆုံးသွားပြီး တယောက်တည်းကျန်ခဲ့တာတို့၊ မိသားစုတွေ တကွဲတပြားဖြစ်ပြီးတော့ အဲဒီမှာ အိမ်တွေပျက်သွားတယ်၊ ရွာပျက်သွားတဲ့လူတွေကို တခြားနေရာမှာ ခေတ္တယာယီဆိုပြီးတော့ ချထားတယ်လေ။ နေရာချထားပေးတဲ့ဟာတွေကိုတောင်မှ အခုချိန်အထိ အဲဒီလူတွေကို တကယ့်နေရာ တနေရာ မပေးနိုင်သေးဘူး။ အခုအချိန်ထိ လွှတ်တော်ထဲမှာ အခြေအတင်ပြောဆိုနေရတုန်းပဲ။ အခုအချိန်အထိ အဲဒီပြည်သူတွေက သူများမြေပေါ်မှာနေပြီးတော့ အခြေမကျနိုင်သေးဘူး။ အခုချိန်ထိ ကျမ ပြောရမယ်ဆိုလို့ရှိရင်တော့ နာဂစ်ကနေ ဖြစ်လာတဲ့ဒုက္ခဟာ အခုချိန်အထိ သူတို့မှာ ဒုက္ခတွေ၊ သောကတွေ မပြေသေးဘူး။”

အထူးသဖြင့် ဒုက္ခသည် အမျိုးသမီးတွေဟာ သူတို့ဘဝပြန်လည်ထူထောင်ရေးအတွက် အကူအညီမရဘဲ ခက်ခက်ခဲခဲရုန်းကန်နေကြရတယ်လို့ ဒေါက်တာ လှမြတ်သွေးက ပြောပါတယ်။

“အမျိုးသမီးထုနဲ့ပတ်သက်ပြီးတော့ ဘာမှကို လုပ်ကိုင်ပေးနိုင်တာကို မတွေ့ရဘူး။ လက်ရှိမှာဆိုလို့ရှိရင် ဒီအမျိုးသမီးတွေက - များသောအားဖြင့် ကျမ အဲဒီကိုသွားတဲ့အခါမှာ အမျိုးသမီးတွေချည့်ပဲတွေ့ရတယ်၊ အမျိုးသားတွေက အလုပ်သွားလုပ်တယ်၊ သို့မဟုတ်လို့ရှိရင်လည်း ဆုံးသွားကြတဲ့လူတွေ ရှိတယ်။ အမျိုးသမီးတွေကိုယ်တိုင် တကယ်ပဲခက်ခက်ခဲခဲ ပင်ပင်ပမ်းပမ်းနဲ့ ရပ်တည်နေရသေးတယ်။ သူတို့ပေါ်မှာ ဘာမှ စောင့်ရှောက်နေတဲ့ အခြေအနေမျိုး ကျမ အခုအချိန်ထိ မတွေ့ရဘူး။”

နာဂစ်မုန်တိုင်းအပြီး အရေးပေါ်ကယ်ဆယ်ရေးအကူအညီတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက ကမ်းလှမ်းခဲ့ပေမယ့် အရင် နအဖ စစ်အစိုးရက လက်မခံဘဲ ငြင်းပယ်ခဲ့တဲ့အတွက် ဆုံးရှုံးမှုအတိုင်းအတာ ပိုပြီးကြီးမားခဲ့ပါတယ်။ တချို့ဒေသတွေမှာ မုန်တိုင်းကြောင့် ရွာလုံးကျွတ် ပျက်စီးသွားတာတွေ၊ မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ဒေသတွေမှာ စီးပွားရေးနဲ့ မိရိုးဖလာ စိုက်ပျိုးရေးလုပ်ငန်းတွေ အားလုံးနီးပါး ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။

အမေရိကန်ပြည်ထောင်စုအပါအဝင် အနောက်နိုင်ငံတွေက အကူအညီပစ္စည်းတွေ အထူးသဖြင့် နိုင်ငံခြားသားကျွမ်းကျင်သူတွေကို လက်ခံဖို့ တွန့်ဆုတ် နေခဲ့တဲ့အတွက် ကုလသမဂ္ဂနဲ့ အနောက်အုပ်စုတွေက မြန်မာစစ်အစိုးရကို ဝေဖန်ပြစ်တင်ခဲ့တာပါ။

ဒါ့အပြင် နာဂစ်မုန်တိုင်းအပြီး ရက် သီတင်းပတ်အကြာမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုရေး ပြည်လုံးကျွတ် လူထုဆန္ဒကောက်ယူပွဲ မဖြစ်မနေ ကျင်းပခဲ့တဲ့အပေါ် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက စစ်အစိုးရကို အပြင်းအထန်ဝေဖန်ခဲ့ကြပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတည်ပြုပြဌာန်းခဲ့တာကို မေးခွန်းထုတ်ခဲ့ကြပါတယ်။

XS
SM
MD
LG