သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ပြဌာန်းမည်


နိုင်ငံတော် သမ္မတအသစ် ဦးထင်ကျော်ထံ တာဝန်လွှဲပြောင်းပေးမှုအခမ်းအနား သို့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်စဉ် ( ဓါတ်ပုံ- MOI )
နိုင်ငံတော် သမ္မတအသစ် ဦးထင်ကျော်ထံ တာဝန်လွှဲပြောင်းပေးမှုအခမ်းအနား သို့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်စဉ် ( ဓါတ်ပုံ- MOI )

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းတရပ်ကို ကြာသပတေးနေ့ ကျင်းပမယ့် အမျိုးသားလွှတ်တော်အစည်းအဝေးမှာ တင်သွင်းဖို့ရှိတယ်လို့ ကိုယ်တိုင်တင်သွင်းမယ့် လွှတ်တော်ကိုယ်စားလှယ်က ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။

သမ္မတဦးထင်ကျော် လက်မှတ်ထိုး ပြဌာန်းမယ့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် မကွေးတိုင်း မဲဆန္ဒနယ် အမှတ်(၄) ကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် က မတ်လ ၃၁ ရက်နေ့ ကျင်းပမယ့် အမျိုးသားလွှတ်တော်အစည်းအဝေးမှာ တင်သွင်းမယ့်အကြောင်း ဗွီအိုအေကို အတည်ပြု ပြောပါတယ်။

ဗွီအိုအေက တွေ့ရတဲ့ ဥပဒေကြမ်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ပြည်ထောင်စုလွှတ်တော်က တာဝန်ပေးအပ်တယ်ဆိုပြီး ဥပဒေမူကြမ်း အခန်း(၃)မှာ အတိအလင်း ဖော်ပြထားပါတယ်။ ဥပဒေရဲ့ ရည်ရွယ်ချက်တွေအဖြစ် ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေး၊ ဈေးကွက်စီးပွားရေးစနစ် ပီပြင်ရေး၊ ဖယ်ဒရယ်ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ ဖွံဖြိုးတိုးတက်ရေးဆိုပြီး ဖော်ပြထားပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေနဲ့ မဆန့်ကျင်စေပဲ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားအတွက် အကြံပြုချက်တွေပေးဖို့၊ အကြံပြုချက်တွေ ဆောင်ရွက်ချက်တွေနဲ့ စပ်လျဉ်းပြီး ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံဖို့၊ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဒီဥပဒေပါ ရည်ရွယ်ချက်တွေကို အောင်မြင်စေဖို့အတွက် အစိုးရအဖွဲ့ ဌာနဆိုင်ရာတွေ အဖွဲ့အစည်းတွေ အသင်းအဖွဲ့တွေ လူပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ စသည်အားဖြင့် ပြဌာန်းရေး ပါရှိပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ရာထူးသက်တမ်းဟာ နိုင်ငံတော်သမ္မတရဲ့ ရာထူးသက်တမ်းအတိုင်းဖြစ်ပြီး ဒီဥပဒေဟာလည်း ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်သက်တမ်းကာလမှာ တာဝန်ထမ်းဆောင်တဲ့ နိုင်ငံတော်သမ္မတရဲ့သက်တမ်းကာလအတွက် ဖြစ်ရမယ်လို့လည်း ထွက်ရှိနေတဲ့ ဥပဒေမူကြမ်းမှာ ရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်။

XS
SM
MD
LG