သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

(၉၂) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ ကျင်းပ


အမျိုးသားအောင်ပွဲနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်းကို လာရောက် နားထောင်နေကြတဲ့ နတ်မောက်မြို့ဒေသခံများ။ (ဒီဇင်ဘာလ ၈ ရက်၊ ၂၀၁၂)။
အမျိုးသားအောင်ပွဲနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်းကို လာရောက် နားထောင်နေကြတဲ့ နတ်မောက်မြို့ဒေသခံများ။ (ဒီဇင်ဘာလ ၈ ရက်၊ ၂၀၁၂)။
မြန်မာနိုင်ငံ လွတ်မြောက်ရေးသမိုင်းမှာ ခေတ်အဆက်ဆက် ကျောင်းသားတွေ အာဏာရှင်လက်အောက် ဖိနှိပ်မှုတွေက လွတ်မြောက်အောင် လွတ်လပ်ရေးအတွက် တောင်းဆို တိုက်ပွဲဝင်ခဲ့သလို ဒီကနေ့ ကျောင်းသားတွေကလည်း တိုင်းပြည်အတွက် လိုအပ်လာတဲ့အချိန်မှာ အချိန်မရွေး ပြည်သူနဲ့အတူ လက်တွဲပြီး တောင်းဆိုတိုက်ပွဲဝင်ဖို့ အသင့်ရှိတယ်လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေက ပြောဆိုလိုက်ပါတယ်။ ဒီကနေ့ ကျရောက်တဲ့ (၉၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွေကို ကျောင်းသားအဖွဲ့တွေ၊ အမျိုးသားရေး လှုပ်ရှားသူတွေနဲ့ နိုင်ငံရေးပါတီတွေက ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။ ဒီအကြောင်းကို ဆက်သွယ် မေးမြန်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

ဒီကနေ့ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့၊ မြန်မာသက္ကရာဇ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့မှာ ကျရောက်တဲ့ (၉၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဟာ ကျောင်းသားလှုပ်ရှားမှု သမိုင်းမှာ အထင်ကရ သမိုင်းဝင် နေ့တနေ့ ဖြစ်ပါတယ်။ အာဏာရှင်စနစ်ကို ခေတ်အဆက်ဆက် က ကျောင်းသားတွေ ဆန့်ကျင်တော်လှန်ခဲ့ပြီးတော့ ပြည်သူတွေ အခြေခံလူ့အခွင့်အရေးရရှိရေး ဒီမိုကရေစီ ခေတ်ပြောင်း တော်လှန်ရေးအထိ ရဟန်းရှင်လူ ပြည်သူတွေနဲ့အတူ ကျောင်းသားတွေ က တောင်းဆို တိုက်ပွဲဝင်ခဲ့ကြတာ ဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ က ပြောဆိုလိုက်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း (၉၂) နှစ်က ဒီတန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ အချိန်မှာပဲ ရန်ကုန် တက္ကသိုလ် ကျောင်းသားကြီးတွေရဲ့ ဦးဆောင်မှုနဲ့ ပြည်သူတရပ်လုံး နိုင်ငံရေးအသိ နိုးကြား လာအောင် နိုးဆော်ပြီး မြန်မာနိုင်ငံကို နယ်ချဲ့ကိုလိုနီ လက်အောက်ကနေ လွတ်မြောက်အောင် တောင်းဆို တိုက်ပွဲဝင်ခဲ့ကြတာ ဖြစ်တဲ့အတွက် နေ့ထူးနေ့မြတ်တခု အနေနဲ့ ကျောင်းသားမျိုးဆက်တွေက အလေးအနက် တန်ဖိုးထားခဲ့ကြတာ ဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“ဒီအမျိုးသားနေ့ ဆိုတာကတော့ နေ့ထူးနေ့မြတ်တွေ များစွာ ရှိတဲ့အထဲကမှ ကျနော်တို့ အလေးထားရဆုံး နေ့တနေ့ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ အမျိုးသားနေ့ ဖြစ်ပေါ် လာတာကိုက ကျောင်းသားသမိုင်းပေါ့။ ကျောင်းသားလှုပ်ရှားမှု ကနေ ကျနော်တို့ လွတ်လပ်ရေး ကြိုးပမ်းမှု၊ နောက်ဆုံး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုတွေအထိ အကျိုးသက်ရောက်မှု ဖြစ်စေတယ်ပေါ့။ အထူးသဖြင့် ကျနော်တို့က အမျိုးသားနေ့ကို ခွန်အားရှိတဲ့ နေ့တနေ့အဖြစ် သတ်မှတ်ပါတယ်။ ဒီအမျိုးသားနေ့ဆိုတဲ့ ရည်ရွယ်ချက်ကိုက လွတ်မြောက်ရေး အတွက် နေ့တနေ့ ဆိုတာကို သတ်မှတ်ပြီးဖြစ်ပါတယ်။”

၁၉၂၀ ပြည့်နှစ်မှသည် ခေတ်အဆက်ဆက်က ကျောင်းသားတွေ လွတ်မြောက်ရေး၊ တရားမျှတရေးအတွက် တောင်းဆိုတိုက်ပွဲ ဝင်ခဲ့သလို ရှစ်လေးလုံးအရေးတော်ပုံ ကနေလည်း ဒီကနေ့ ကျောင်းသားတွေကလည်း ဖိနှိမ်မှုတွေ အတွက် ဒီမိုကရေစီ ရရှိရေး အာဏာရှင်လက်အောက်ကနေ လွတ်မြောက်ရေး လူပ်ရှားရေးသမိုင်းတွေမှာ တောင်းဆို တိုက်ပွဲဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ အခုလို ဒီမိုကရေစီခေတ်ပြောင်း၊ စနစ်ပြောင်း၊ အသွင်ကူးပြောင်းတဲ့ ကာလမှာလည်း တိုင်းပြည်နဲ့ ပြည်သူအတွက် လိုအပ်လာတဲ့အချိန်မှာ အချိန်မရွေး လူ့အခွင့်အရေးနဲ့ တရားမျှတရေးအတွက် အမျိုးသားရေး စိတ်ဓာတ်အပြည့်နဲ့ တောင်းဆိုတိုက်ပွဲဝင်ဖို့ အသင့်ရှိတယ်လို့လည်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီက ပြောပါတယ်။

“ကျောင်းသား ဆိုတဲ့ လူငယ်တွေဟာ မတရားမှု၊ ဖိနှိပ်မှု၊ အဲဒါတွေ ရှိနေသမျှ ကာလပတ်လုံး သူတို့ရဲ့ အခန်းကဏ္ဍက ရှိနေဦးမှာပဲ။ ပြီးတော့ ဒါတွေက ရုန်းကန်လှုပ်ရှားမှု အတွက် ဆိုလို့ရှိရင် ကျောင်းသားတွေရဲ့ အခန်းကဏ္ဍဟာ ရှေ့ဆုံးက အမြဲပါဝင်ဖို့ ရှိတယ်။ ကျောင်းသား ဆိုတဲ့ သဘောသဘာ၀ ကိုက တခြား သဘောသဘာ၀ တွေနဲ့ မတူဘူး။ သူတို့မှာ အတွေးအခေါ်ကလည်း လွတ်လပ်တယ်။ ခွန်အားလည်း ရှိတယ်။ လုပ်နိုင်ကိုင်နိုင်စွမ်းလည်း ရှိတယ်။ ရှိတဲ့အတွက် ခေတ်တိုင်း စနစ်တိုင်းမှာ ဖိနှိပ်မှုတွေ ချုပ်ချယ်မှုတွေ၊ ကန့်သတ်မှုတွေ ရှိတဲ့ လွတ်မြောက်ရေး လှုပ်ရှားမှုတွေ လိုအပ်နေသမျှ ကာလပတ်လုံး ဒီကျောင်းသား လှုပ်ရှားမှုတွေကလည်း ရှိနေဦးမှာ သေချာပါတယ်။”

ဒီကနေ့ ကျရောက်တဲ့ (၉၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို လည်း မြန်မာ့စာပေလောကက အထင်ကရ အမျိုးသားလှုပ်ရှားသူ စာရေးဆရာတွေဖြစ်တဲ့ ကိုလေး(အင်းဝဂုဏ်ရည်)၊ ဆရာ ဦးမိုးသူ၊ ဖျာပုံနီလုံဦးတို့က ဦးစီးဟောပြောတဲ့ စာပေဟောပြောပွဲတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဌာနမှာ အမျိုးသားအောင်ပွဲနေ့ အခမ်းအနားအဖြစ် ကျင်းပခဲ့ကြပါတယ်။ ထူးခြားတဲ့ အစီအစဉ်တရပ် အနေနဲ့လည်း အညတရ သူရဲကောင်းဆုပေးပွဲ အခမ်းအနားကိုလည်း ကျင်းပခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ကိုယ်စားပြု ပြည်သူ့ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ဒီနေ့ကတော့ အမျိုးသားနေ့ အခမ်းအနားလေးကို NLD ရုံးချုပ်မှာ ကျင်းပဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း လုပ်ဆောင်ခဲ့တဲ့ အတိုင်းပဲပေါ့နော်၊ စာပေဟောပြောပွဲကတော့ ဦးမိုးသူရယ်၊ ဖျာပုံနီလုံဦးရယ်၊ ကိုလေး (အင်းဝဂုဏ်ရည်) ရယ်။ စာပေဟောပြောပွဲလေး လုပ်ဖြစ်တယ်။ နောက် ထူးထူးခြားခြားတော့ ဒီနှစ်မှာက ဂျပန်နိုင်ငံရောက် မြန်မာအမျိုးသားတွေကနေ စုပေါင်းပြီးတော့ အညတရ သူရဲကောင်းဆု ဆိုပြီး ငါးဦးကို ပေးတဲ့ပွဲလေးလည်း ထည့်ပြီးတော့ ကျင်းပဖြစ်ပါတယ်။”

ခေတ်အဆက်ဆက် ကျောင်းသားတွေရဲ့ ဦးဆောင်မှုနဲ့ တနိုင်ငံလုံး အမျိုးသားရေး စိတ်ဓာတ်တွေ နိုးကြား တက်ကြွလာအောင် လှုံ့ဆော်ပြီးတော့ အမျိုးသားအောင်ပွဲ စိတ်ဓာတ်နဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေးကို အရယူနိုင်ခဲ့တဲ့ နေ့ထူးနေ့မြတ် ဖြစ်တဲ့အတွက်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် မြန်မာ့ဒီမိုကရေစီရေး လိုလားသူ၊ မြန်မာ့နိုင်ငံရေး လူပ်ရှားသူတွေက အလေးအနက်ထားပြီး နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ကြတယ်လို့ လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။

“ကျောင်းသားတွေ အပါအဝင် ပြည်သူပြည်သားတွေ လည်း ပါပါတယ်။ နောက်ပြီးတော့ YMCA တို့ စသည်ဖြင့် စုပေါင်းပြီး စတင်ပြီးတော့ ဖြစ်ခဲ့တဲ့ ဒီ အမျိုးသားနေ့ ကို သတ်မှတ်ထားတယ်။ ဒီနေ့နဲ့ပတ်သက်ပြီးတော့ ကျမတို့ NLD ကနေပြီးတော့ နှစ်စဉ်နှစ်တိုင်း မပျက်မကွက် အမျိုးသားနေ့ အခမ်းအနားကို ကျင်းပပါတယ်။ အဖွဲ့အစည်းတွေကလည်း အမျိုးသားနေ့ အခမ်းအနားတွေ ကျင်းပတာ သုံးလေးခုလောက် ရှိတယ်လို့ ကြားရတယ်လေ။”

ဒီကနေ့ ကျရောက်တဲ့ (၉၂) နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့မှသည် အခုမြန်မာနိုင်ငံမှာ ဒီမိုကရေစီခေတ်ပြောင်းကာလမှာ အသွင်ကူးပြောင်းရေး အခက်အခဲတွေကို ကြိုးပမ်းရာမှာ ပြည်သူတွေရဲ့ လိုအပ်ချက်၊ နစ်နာချက်တွေ၊ လူ့အခွင့်အရေး တန်းတူရရှိရေးနဲ့ တိုင်းရင်းသား အခွင့်အရေး တန်းတူညီမျှရေးတွေကို တောင်းဆိုနိုင်ဖို့ ပြည်သူတွေနဲ့အတူ တိုက်တွန်းအားပေးပြီး ဝိုင်းဝန်းညှိနှိုင်း အဖြေရှာတဲ့နည်းလမ်းတွေကို အမျိုးသားရေးစိတ်ဓာတ်အပြည့်နဲ့ ပူးပေါင်း အဖြေရှာဖို့ကိုလည်း ၈၈ မျိုးဆက်ကျောင်းသားတွေက အမျိုးသားအောင်ပွဲနေ့မှာ တိုက်တွန်းထားပါတယ်။
XS
SM
MD
LG