သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြကျောင်းသားတွေနဲ့ ပညာရေးတာဝန်ရှိသူများတွေ့ဆုံ


အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်မှု (ဓာတ်ပုံ/ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ)
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်မှု (ဓာတ်ပုံ/ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ)

ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီကဦးစီးပြီး အမျိုးသားပညာရေးဥပဒေကို ကျောင်းသားတွေ ဆန့်ကျင်ကန့်ကွက် သပိတ်မှောက်နေကြတာ (၃) ရက်မြောက်နေ့ ရောက်လာပါပြီ။ ဒီအချိန်မှာ အဆင့်မြင့် ပညာရေးဦးစီးဌာနက ညွှန်မှူးအပါအဝင် တာဝန်ရှိသူတွေ၊ တက္ကသိုလ်အသီးသီးက ပါမောက္ခတွေ၊ ပါမောက္ခချုပ်တွေက သပိတ်မှောက်ကျောင်းသားတွေနဲ့ တွေ့ဆုံပြီး ကြားဝင်ဆောင်ရွက်ပေးဖို့ ညှိနှိုင်းကမ်းလှမ်းလာပါတယ်။ ဒါပေမယ့် အဲဒီညှိနှိုင်းချက်ကို ကျောင်းသားတွေဘက်က ပယ်ချလိုက်ကြပါတယ်။ အကြောင်းစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ဦးစီးလှုပ်ရှားနေတဲ့ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက် သပိတ်မှောက်နေကြတဲ့ တတိယမြောက်နေ့မှာ အဆင့်မြင့်ပညာရေးဦးစီးဌာနက တာဝန်ရှိသူတွေက ကျောင်းသားတွေကို ရွှေတိဂုံ ကြေးသွန်းဘုရားကြီးမှာ လာရောက် ညှိနှိုင်းခဲ့ကြတာပါ။ ဒီလို လာရောက် ညှိနှိုင်းမှုနဲ့ပတ်သက်လို့ ဒီမိုကရေစီပညာရေး ဦးဆောင်ကော်မတီက တာဝန်ရှိသူ မဖြိုးဖြိုးအောင်က အခုလို ပြောပါတယ်။

“အဆည-က ဦးကျော်ထွေးပေါ့နော်၊ ဦးကျော်ထွေးအပါအဝင် နောက်တခြား ရန်ကုန်တက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ ပညာရေးတက္ကသိုလ် အစရှိသဖြင့် တက္ကသိုလ် သုံး-လေး-ငါးခုလောက်က ပါချုပ်တွေပါတယ်။ နောက် အဆည-က အခြားလူတွေလည်း ပါတယ်။ ဒါပေမယ့် အဓိက သူ့ Main point ကတော့ သူတို့အနေနဲ့က ဒီပညာရေးဥပဒေကို နည်းဥပဒေအဆင့်မှာ ကျမတို့လိုချင်တဲ့အချက်တွေကို ပါနိုင်အောင် သူတို့ အနေနဲ့ ကြိုးစားပေးမယ်ဆိုတာမျိုးပေါ့နော်- ကျမတို့ ညှိနှိုင်းမယ်ပေါ့။ အဓိကကတော့ နည်းဥပဒေမှာ ဘယ်လိုမျိုး ထည့်သွင်းနိုင်မလဲဆိုတာကို ညှိနှိုင်းမယ်၊ ဘယ်လိုအချက်တွေကို ဘယ်လို ထည့်သွင်းနိုင်မလဲဆိုတာကို ညှိနှိုင်းမယ်၊ အဲဒါမျိုးတွေကို သူတို့ဘက်က ပြောတယ်။ ဒါပေမယ့် အဓိက သူတို့နဲ့ ကျမတို့နဲ့ အဆင်မပြေဖြစ်တာက ကျမတို့လိုချင်တာက နည်းဥပဒေမှာ ညှိနှိုင်းဖို့မဟုတ်ဘူး။ ကျမတို့က အမျိုးသားပညာရေး ဥပဒေမှာ ပြင်ဆင်ဖို့၊ အဓိက က အဲဒါပါပဲ။ သူတို့နဲ့ကျမတို့ကြားမှာ ဆက်ပြီးတော့ ညှိလို့မရတော့ဘူးပေါ့နော်။ သူတို့က ကြားခံ facilitators အနေနဲ့လာကြတာပါ။ သူတို့မှာ တခြားသောအခွင့်အာဏာ တစုံတရာမပါခဲ့ဘူးဆိုတဲ့သဘောမျိုး သက်ရောက်တဲ့အတွက်ကြောင့် ကျမတို့ လည်း နောက်ဆုံးမှာတော့ ဒီဆွေးနွေးပွဲကို ပြန် ရုပ်သိမ်းပြီးတော့ ဒီအခမ်းအနား ဆက်ပြီးကျင်းပတယ်။ ကျမတို့ ဆက်သွားမြဲဆက်သွား၊ သပိတ်မှောက်မြဲဆက်မှောက်ဆိုတဲ့ ကျမတို့လုပ်ငန်းစဉ်အတိုင်း ဆက်ပြီးတော့ သွားခဲ့ပါတယ်။”

လာရောက်ဆွေးနွေးသူတွေက အစိုးရတာဝန်ပေးလို့လာတဲ့အကြောင်း ပြောဆိုခြင်းမရှိသလို ကျောင်းသားတွေဘက်က ပြောဆိုချက်တွေ ကိုလည်း တာဝန်ယူ ဖြေရှင်းပေးနိုင်တဲ့သူတွေ မဟုတ်ဘူးလို့ ကျောင်းသားတွေက ဆိုပါတယ်။ ကျောင်းသားတွေ ဘက်ကတော့ ညှိနှိုင်းဖို့ မရှိကြောင်း သူတို့သဘောထားတွေကို ထုတ်ပြန်ပြီးဖြစ်တယ်လို့လည်း ပြောပါတယ်။

“အဓိက ကျမတို့ပြောတာက ညှိနှိုင်းတယ်ဆိုတာက တောက်လျှောက်လည်း ကျမတို့ ညှိနှိုင်းနေပြီးသား၊ ဥပဒေဆိုတာကို အသံမကြားရသေးဘူး၊ ပညာရေးပြုပြင်ပြောင်းလဲမှုကို MNER အနေနဲ့ စလုပ်တဲ့အချိန်တုန်းက ကျမတို့ ဘာလိုချင်လဲဆိုတာကို ကြို ပြောပြထားပြီးသား၊ နောက်ပြီးတော့ အဲဒီအချိန်မှာ ---- စတွေ့တယ်။ ညှိနှိုင်းမှုတွေက အဲဒီကတည်းကစတာ။ ပညာရေးဥပဒေတွေ စပြီး ရေးနေတဲ့အချိန်မှာလည်း ကျမတို့ လိုချင်တဲ့အချက်တွေကို သူတို့ ဖိတ်သည်ဖြစ်စေ၊ မဖိတ်သည်ဖြစ်စေ မရရတဲ့နည်းနဲ့ တက်ရောက်ပြီးတော့ ပြောတာမျိုးတွေ ရှိတယ်။ ဥပဒေမူကြမ်းဖြစ်နေတဲ့အခါမှာလည်း ကျမတို့ တောက်လျှောက် သွားညှိနှိုင်းနေတာ မရပ်ခဲ့ဘူး။ သူတို့ရဲ့ လျစ်လျှူရှုမှုက တောက်လျှောက် လျစ်လျှူရှုမှုပဲ၊ အခုချိန်ထိလည်း ကျမတို့ဘက်က ညှိနှိုင်းရေးဆိုတာ သံသယရှိနေဆဲပဲ။ ဘယ်လိုမှတော့ ဒါ မဖြစ်နိုင်ဘူး။ အခုချိန်မှာ ကျမတို့ကိုညှိနှိုင်းမယ်ဆိုတာ ဘာအာမခံချက်မှ မပေးနိုင်ဘဲနဲ့တော့ ညှိနှိုင်းလို့တော့ မရဘူး။ အဲဒါက ပြဿနာပဲရှင့်။ နောက်တခုက ကျမတို့ လိုချင်တဲ့အချက်ဆိုတာ ညှိနှိုင်းစရာမလိုဘူး။ ကျမတို့ ကြေညာချက်တွေထုတ်ပြီးသား။ ရှေ့မှာလည်း ဆွေးနွေးတဲ့ ဟာတွေ ပြောပြီးသား၊ အစိုးရဘက်ကသာ ဆွေးနွေးချက်တွေကို လျစ်လျှူရှုထားခဲ့တာချည့်ပဲလေ။ အဲဒီတော့ ကျမတို့က ဒါတွေ အကုန်လုံး တောက်လျှောက် ပြောပြီးသားဆိုတော့ ညှိနှိုင်းရေးဆိုတာကတော့ ကျမတို့ လှုပ်ရှားမှုတွေကို ရပ်တန့်သွားအောင်လုပ်တယ်လို့ပဲ ကျမအနေနဲ့မြင်ပါတယ်။”

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကျောင်းသား (၅၀၀) ခန့်တက်ရောက်တဲ့ (၂) ရက်ကြာ နိုင်ငံလုံးဆိုင်ရာ အရေးပေါ်အစည်းအဝေးကနေ အမျိုးသား ပညာရေးဥပဒေကို ကန့်ကွက်သပိတ်မှောက်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ ကျောင်းသားတွေရဲ့ကန့်ကွက်ဆန္ဒပြမှုတွေကို အာဏာပိုင်တွေ ဘက်က စတင်တားဆီးမှုတွေရှိလာခဲ့ပြီး ဆန္ဒပြရာလမ်းတလျှောက် သတင်းရယူမှုတွေလည်း ရှိခဲ့ပါတယ်။ ကျောင်းသား တွေက ညဘက်မှာ အိမ်မပြန်ဘဲ တနေရာမှာ လူစုထားပြီး သူတို့ဆန္ဒဖော်ထုတ်မယ့်နေရာတွေကို ကြိုတင်အကြောင်းကြားထားတဲ့အတွက် လူထုရဲ့ ပါဝင်မှုတွေရှိလာတယ်လို့လည်း ကျောင်းသားတွေက ဆိုပါတယ်။ အမျိုးသားပညာရေးဥပဒေဟာ ဒီမိုကရေစီမဆန်ခြင်း၊ လူ့အခွင့်အရေး တန်းတူညီမျှမှုမရှိခြင်း၊ ငြိမ်းချမ်းစွာပညာသင်ကြားရေးကို အာမခံချက်မရှိခြင်းတွေကြောင့် တောင်းဆိုချက် (၆) ချက်ထုတ်ပြန်ပြီး ကျောင်းသားတွေက ကန့်ကွက်နေကြတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG