သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA ကို လက်ခံတဲ့ အဖွဲ့ ၈ဖွဲ့နဲ့ ကနဦး စတင်မည်


တနိုင်ငံလုံးအပစ်ရပ်ရေးညှိနှိုင်းရေးအဖွဲ့ NCCT နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC တို့ အပစ်ရပ်စဲရေး စာချုပ်မူကြမ်း NCA ကို အပြီးသတ် သဘောတူညီမှုရခဲ့စဉ်။ (မတ် ၃၀၊ ၂၀၁၅) ဓာတ်ပုံ-MPC
တနိုင်ငံလုံးအပစ်ရပ်ရေးညှိနှိုင်းရေးအဖွဲ့ NCCT နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC တို့ အပစ်ရပ်စဲရေး စာချုပ်မူကြမ်း NCA ကို အပြီးသတ် သဘောတူညီမှုရခဲ့စဉ်။ (မတ် ၃၀၊ ၂၀၁၅) ဓာတ်ပုံ-MPC

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် NCA လက်မှတ်ရေးထိုးမယ့် ရက်သတ်မှတ်ရေး အတွက် ဒီလ ၄ရက်နေ့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့က အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိပြီး ဒီလ ဒုတိယပတ်ထက် နောက်မကျဘဲ ပထမဆုံး အဖွဲ့ ၈ဖွဲ့နဲ့ လက်မှတ်ရေးထိုးဖို့ ရှိနေပါတယ်။ ပါဝင် လက်မှတ် မရေးထိုးသေးတဲ့ အဖွဲ့တွေ ကိုတော့ နိုင်ငံရေးဆွေးနွေးပွဲ မှာ ပါဝင်ဖို့ နဲ့ အဆင်သင့်ဖြစ်ချိန်မှာ လက်မှတ်ရေး ထိုးနိုင်ဖို့ ဆက်လက် ညှိနှိုင်း သွားမယ်လို့လည်း ပြင်ဆင်ထားကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းက ကိုမိုးဇော်က တင်ပြမှာ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၉ဖွဲ့က ထိပ်သီးခေါင်းဆောင်တွေ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA မှာ ပါဝင် လက်မှတ်ရေးထိုးဖို့ အတွက် ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ၃ရက်ကြာ ဆွေးနွေးပြီး တဲ့နောက် အဖွဲ့၈ဖွဲ့က NCA လက်မှတ် ရေးထိုးမယ့် ရက်သတ်မှတ်နိုင်ရေး အတွက် ဒီလ ၄ရက်နေ့မှာ အစိုးရနဲ့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

NCA လက်မှတ် ရေးထိုးမယ့်ရက် သတ်မှတ်ရေး ဆွေးနွေးကြမယ့် အခြေအနေ ကို မြန်မာငြိမ်းချမ်းရေး စင်တာက အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက အခုလို ပြောပါတယ်။

" ဒီနေ့တော့ ဝန်ကြီးဦးအောင်မင်းဆီကို လက်မှတ်ရေးထိုးမယ့် အဖွဲ့ပေါ့နော်။ ၈ဖွဲ့ပေါ့။ ၄ ရက်နေ့ နေ့လည်မှာ ဝန်ကြီးဦးအောင်မင်းတို့နဲ့ တွေ့ဆုံပြီးတော့ လက်မှတ်ရေးထိုး မယ့် ရက်နဲ့ လက်မှတ်ရေးထိုးမယ့် အခမ်းအနားကို Joint ကော်မတီ ဖွဲ့ဖို့ ကိစ္စကို သူတို့လာရောက် တက်ရောက်မယ်ဆိုတာကို ကျနော်တို့ အကြောင်းပြန် လာပါတယ်ခင်ဗျ။ ဒါကြောင့်မို့လို့ ၄ရက်နေ့ နေ့လည်မှာ နှစ်ဖက် ရက် သတ်မှတ် မယ့်ရက်ကိုပေါ့လေ ဒါကလဲ အောက်တိုဘာ လလယ် ထက်တော့ နောက်ကျမှာ မဟုတ်ပါဘူး။ အဲ့ဒီ့မှာတော့ လက်မှတ်ရေးထိုးပွဲကို ရက်သတ်မှတ်ပြီး ဆက်သွားမယ့်သဘောရှိပါတယ်။ "

ဒီဆွေးနွေးပွဲကိုတော့ ရန်ကုန်မြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ လက်ရှိမှာ လက်နက်ကိုင် အဖွဲ့ ၁၇ဖွဲ့ ပါဝင်တဲ့ အဆင့်မြင့်ညှိနှိုင်းရေး အဖွဲ့SD က ၇ဖွဲ့ ပါဝင် လက်မှတ်ရေးထိုးဖို့ ရှိနေပြီး ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းအဖွဲ့ ကလည်း မကြာခင် ပါဝင် လက်မှတ်ရေးထိုးမယ် လို့ မျှော်လင့် ထားကြောင်း လည်း ပြောပါတယ်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးဖို့အတွက် အစိုးရက SD အဖွဲ့ အဖွဲ့ဝင် ၁၇ဖွဲ့ အနက်က ၁၁ဖွဲ့နဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP၊ မိုင်းလားခေါ် NDAA၊ နောက် RCSS/SSA တောင်ပိုင်းနဲ့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN-K စတဲ့ ၄ဖွဲ့ စုစုပေါင်း ၁၅ဖွဲ့ကိုသာ ဖိတ်ကြား ထားတာဖြစ်ပါတယ်။

လက်နက်ကိုင်အဖွဲ့ ၂၁ဖွဲ့ အနက် ၁၅ဖွဲ့ကို ဖိတ်ကြားပြီး ၈ဖွဲ့နဲ့သာ လက်မှတ် စတင်ရေးထိုးနိုင်မယ့် အခြေအနေကြောင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဖြစ်ပါ့မလား ဆိုတဲ့ ဝေဖန်တာတွေလည်း ရှိနေပါတယ်။ ဒီဝေဖန်မှုတွေ အပေါ်မှာတော့ ဦးလှမောင်ရွှေက အခုလို ပြောဆိုပါတယ်။

" တပြည်လုံးလို့ ပြောရင် ကျနော်တို့ မွန်ပြည်နယ်မှာ မွန်ပြည်သစ်မှာ ခွဲထွက်နေတဲ့သူတွေက ရှိနေဦးမှာပဲ။ ဒါကြောင့်မို့လို့ အဲ့ဒီ့အဖွဲ့တွေ ကလည်း သူတို့ ပြောချင်လည်း ပြောလာနိုင်သေးတာပေါ့ဗျာ။ ဒါကြောင့်မို့လို့ အစိုးရဘက်ကတော့ လက်တွေ့ဆန်တဲ့ အပိုင်းလိုက် ခွဲဖို့ပဲ ဆုံးဖြတ်တာလို့ ကျနော်တို့အနေနဲ့ ဒီလိုပဲ မြင်တယ်ဗျာ။ "

လက်နက်ကိုင်အဖွဲ့တွေအားလုံးကတော့ NCA လက်မှတ်ရေးထိုးရေးကို မူအားဖြင့် သဘောတူထားပြီးလည်း ဖြစ်ပါတယ်။

ချင်းအမျိုးသားတပ်ဦး CNF က ပူုးဇင်ကျုံးကတော့ လာမယ့် ဆွေးနွေးပွဲကို အစိုးရက လက်မှတ်ရေးထိုးဖို့ သတ်မှတ်ထားတဲ့ ၁၅ဖွဲ့ကို ဖိတ်ကြားထား တာဖြစ်ကြောင်း နဲ့ လောလောဆယ် လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ထားတဲ့ SD အဖွဲ့ဝင် ၇ဖွဲ့က ဒီဆွေးနွေးပွဲကို တက်ရောက်မှာ ဖြစ်ကြောင်း ပြောပါတယ်။ ဒီဆွေးနွေးပွဲမှာ အဓိက ဆွေးနွေးမယ့် အချက်တွေကို ပူးဇင်ကျုံးက အခုလို ပြောပါတယ်။

"ဘယ်နေ့ ဘယ်ရက်မှာ လက်မှတ်ထိုးကြမယ်။ နောက် ကျနော်တို့ လက်မှတ်ထိုးကြမယ့် ပူးတွဲကော်မတီတွေကို ဘယ်လိုဖွဲ့စည်းကြမယ်။ နောက် ဘယ်လိုအခမ်းအနားတွေ ကျင်းပကြမယ်။ ပါဝင်လက်မှတ်ထိုးမယ့် နိုင်ငံတွေကိုလည်း အဲ့ဒီ့မှာပဲ ဆွေးနွေးမယ်။ အဲ့ဒီ့ဟာတွေကို အဲ့ဒီ့မှာ ဆွေးနွေးပြီးတော့မှ ဘယ်လိုဆုံးဖြတ်ကြမယ် ဆိုတာ ကျနော်တို့ ဆုံးဖြတ်ကြမှာပါ။

ဒါအပြင် NCA ကိုလက်မှတ်မရေးထိုးသေးတဲ့ အဖွဲ့အစည်းတွေအရေးကိုလည်း ထည့်သွင်းဆွေးနွေးသွားမယ်လို့ ဆက်ပြောပါတယ်။

ဒီဆွေးနွေးချက်တွေထဲမှာတော့ လက်မှတ်မရေးထိုးသေးတဲ့ အဖွဲ့တွေ အတွက် နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေးဆိုင်ရာ အာမခံချက်တွေ သတ်မှတ်ဖို့ နဲ့ လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ကိစ္စတွေလည်း ပါဝင်ကြောင်းပြောပါတယ်။

အောက်တိုဘာလ ၄ရက်နေ့ ဆွေးနွေးပွဲပြီးတဲ့နောက်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ စုစည်းပြီး အစည်းအဝေးတရပ်ကျင်းပဖို့ ရှိသလို နောက်ပိုင်းမှာ လည်း လက်ရှိ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လိုအပ်ချက်အရ အစည်းအဝေးကြီးတွေ ဆက်လက် ကျင်းပဖို့ ရှိနေကြောင်းလည်း ပူးဇင်ကျုံးက ပြောပါတယ်။

လာမယ့် ဆွေးနွေးပွဲကိုတော့ လက်မှတ်ရေးထိုးရာမှာ ပါဝင်ဖို့ မဆုံးဖြတ်သေးတဲ့ အဖွဲ့တွေထဲက ဘယ်အဖွဲ့အစည်းတွေ တက်ရောက်မယ်ဆိုတာတော့ မသိရသေးပါဘူး။ အခုလို တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးဖို့ ပြင်ဆင်နေတဲ့ တချိန်တည်းမှာတော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲ ရှိပါတယ်။

XS
SM
MD
LG