သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UWSA "ဝ" နဲ့ မိုင်းလားအဖွဲ့ အပစ်ရပ် မူကြမ်းညှိနှိုင်းရေးမှာ ပါဝင်မည်


(ဓာတ်ပုံ - ဦးလှမောင်ရွှေ)
(ဓာတ်ပုံ - ဦးလှမောင်ရွှေ)
လာမယ့်် စနေနေ့မှာ စတင်ကျင်းပမယ့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း ရေးဆွဲရေးဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အနည်းဆုံး ၁၆ ဖွဲ့ တက်ရောက်ဖို့ရှိနေပြီး ဒီအဖွဲ့တွေထဲမှာ ၀ နဲ့ မိုင်းလား အဖွဲ့တွေလည်း ပထမဆုံးအကြိမ်အဖြစ် ပါဝင်တက်ရောက်ကြမှာ ဖြစ်ပါတယ်။ အစိုးရ ကိုယ်စားလှယ် အဖွဲ့ဘက်ကတော့ အစိုးရကိုယ်စားလှယ် ၃ ဦး၊ လွှတ်တော်ကိုယ်စားလှယ် ၃ ဦးနဲ့ တပ်မတော်က ကိုယ်စားလှယ် ၃ ဦးတို့ ပါဝင်ကြမှာ ဖြစ်ပါတယ်။ အပြည့်အစုံကို ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုမိုးဇော် က သတင်းပေးပို့ထားပါတယ်။

တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း ရေးဆွဲဖို့အတွက် အစိုးရ ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေဟာ ဒီလ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ ရန်ကုန်မြို့က မြန်မာငြိမ်းချမ်းရေးစင်တာမှာ
ဆွေးနွေးကြပါမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့လက အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းရေးဆွဲဖို့ ဆွေးနွေးရာ မှာတော့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့သာ အဓိက ဆွေးနွေးခဲ့ကြပြီး လာမယ့် ဆွေးနွေးပွဲမှာတော့ NCCT မှာ မပါဝင်တဲ့ ၀ နဲ့ မိုင်းလားအဖွဲ့တွေပါ ပါဝင်လာတာဖြစ်ပါတယ်။

UWSP ခေါ် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ ပါဝင်တက်ရောက်မယ်ဆိုတာကို အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့် က အခုလို အတည်ပြုပါတယ်။

“ကျနော်တို့ သွားမလို့ အခုလမ်းမှာ၊ လမ်းမှာ။ ကျနော်တို့ ဒီဘက်က ၇ ယောက်လောက် ပါပါတယ်။ ကိုယ်စားလှယ် ၇ ယောက်လောက် ပါပါတယ်။ ပြည်ပဆက်ဆံရေးဌာနကြီးမှူးလေ၊ ဦးကျောက်ဖန်း ဦးစီးပြီးတော့ သူတို့ အဓိကသွားမှာဖြစ်ပါတယ်။”

မိုင်းလားအဖွဲ့လို့ လူသိများတဲ့ အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေး အဖွဲ့ကိုလည်း ဖိတ်ကြားထားပြီး တက်ရောက်မယ်လို့ထင်ကြောင်း ဦးအောင်မြင့်က ပြောပါတယ်။ မိုင်းလားအဖွဲ့ကိုတော့ ဆက်သွယ်လို့ မရခဲ့ပါတယ်။ မတ်လ ၂၁ ရက်နေ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးသိန်းဇော် ခေါင်းဆောင်တဲ့အဖွဲ့ဟာ မိုင်းလားမြို့ကို သွားရောက်စဉ်မှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းဆွေးနွေးပွဲမှာ မိုင်းလားအဖွဲ့အနေနဲ့ ပါဝင်ဖို့ ဖိတ်ကြားထားတာဖြစ်တယ်။

ဒီဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ NCCT မှာ မပါဝင်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းအဖွဲ့လည်း ပါဝင်တက်ရောက်မယ်လို့ RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလှက ပြောပါတယ်။

“တက်ဖြစ်မှာပါ။ ကျနော်ကိုယ်တိုင်သွားမှာပါ။ ဥက္ကဌကြီးကိုယ်စားနဲ့ပေါ့ ဖိတ်ကြားထားတာတော့ ဖိတ်ထားထားပါတယ်။ ဒါပေမဲ့ သွားတဲ့နေရာမှာတော့ ကျနော် ၃ ဦး၊ ၄ ဦး လောက်သွားမှာဖြစ်ပါတယ်။ အဓိကကတော့ တက်ရောက် လေ့လာဖို့အတွက်ပဲ ဖြစ်ပါတယ်။ ၄ ရက်နေ့ကို ရန်ကုန်အရောက်သွားမှာပါ။”

RCSS အနေနဲ့ NCCT မှာ မပါဝင်ပေမဲ့ NCCT က ရေးဆွဲထားတဲ့ တပြည်လုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စာချုပ်ပါမူကြမ်း အချက်တွေအပေါ်မှာ အများအားဖြင့် သဘောထား ကိုက်ညီကြောင်း ပြောပါတယ်။

အစိုးရနဲ့ အပစ်အခတ်မရပ်စဲသေးတဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF ကတော့ ဒီဆွေးနွေးပွဲမှာ NCCT ကိုယ်စားလှယ်အနေနဲ့ ပါဝင်တက်ရောက်မှာဖြစ်ပြီး အပစ်အခတ်ရပ်စဲရေး စတင်ဆောင်ရွက်ဖို့ကို အလေးထား ဆွေးနွေးမှာဖြစ်ကြောင်း ပြောပါတယ်။

“အဓိကကတော့ နှစ်ဘက်အပစ်အခတ်ရပ်စဲရေး ဘယ်လို စလုပ်နိုင်မလဲဆိုတဲ့ အဓိကဦးတည်ပြီး ဆွေးနွေးလိမ့်မယ်လို့ပဲ ကျနော်တို့ မျှော်မှန်းပါတယ်။”

ဒါကတော့ PSLF အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး တာ့ဘုန်းကျော် ပြောသွားတာ ဖြစ်ပါတယ်။ မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်းအကြံပေးတဦးဖြစ်တဲ့ ဦးလှမောင်ရွှေကတော့ အစိုးရကိုယ်စားလှယ် ၉ ဦးတက်ရောက်ဖို့ ရှိကြောင်း ပြောပါတယ်။

“အစိုးရဘက်ကလည်း Peace Negotiator ဖြစ်တဲ့ ဝန်ကြီး ဦးအောင်မင်းပဲ ဦးဆောင်ပါလိမ့်မယ်။ လွှတ်တော်ကလည်း ဒုဥက္ကဌ ဦးသိန်းဇော်နဲ့ နှစ်ဦး၊ တပ်မတော်ကလည်း ---- တပ်မတော်အရာရှိ ၃ ဦး တက်ပါလိမ့်မယ်။ ကျနော်တို့ ဒီ NCCT အဖွဲ့ဝင် ၁၄ ဦးရှိတဲ့ထဲကနေ ၁၃ ဦး တက်ရောက်မယ်လို့ ဝန်ကြီးဦးအောင်မင်းဆီကို စာပို့ထားတာရှိပါတယ်။ ဒီဆွေးနွေးပွဲရဲ့ အဓိကရည်ရွယ်ချက်ကတော့ Nationwide Ceasefire ထိုးဖို့အတွက် Single Text ရအောင်လို့ နှစ်ဘက် ပူးတွဲပြီးတော့ ပြင်ဆင်ဖို့ပါပဲ၊ ဒါ အဓိက ဒီအချက်ပါပဲ။”

အစိုးရဘက်က နာဂလက်နက်ကိုင်အဖွဲ့ကို ဖိတ်ကြားထားပေမဲ့ တက်မယ် မတက်ဖူးဆိုတာ အကြောင်း ပြန်လာတာ မရှိသေးဘူးလို့လည်း ဦးလှမောင်ရွှေက ပြောပါတယ်။ လာမယ့် စနေနေ့ကကစပြီး ၂ ရက်ကြာကျင်းပမယ့် ဒီဆွေးနွေးပွဲမှာ စာချုပ်မူကြမ်းကို အတည်ပြု ရေးဆွဲနိုင်မယ်ဆိုရင်တော့ တပြည်လုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ဘားအံမြို့မှာ ထပ်မံ တွေ့ဆုံဆွေးနွေးပြီး အတည်ပြုမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲမတ်လက ကျင်းပတဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းရေးဆွဲရေး ဆွေးနွေးပွဲမှာတော့ အပစ်အခတ် ရပ်စဲရေးကို ခိုင်မာစေရန် လုပ်ဆောင်ရမည့် နည်းလမ်းများ၊ နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များနဲ့ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဆိုတဲ့ ခေါင်းစဉ်တွေပါဝင်တဲ့ အခန်း ၇ နဲ့ စာချုပ်မူကြမ်းကို ရေးဆွဲဖို့ နှစ်ဘက်သဘောတူညီထားတာ ဖြစ်ပါတယ်။
XS
SM
MD
LG