သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းနိုင်ငံတွင်း ရုရှားစစ်ဆင်ရေးတွေ ရပ်ဖို့ NATO သတိပေး


NATO အကြီးအကဲ Anders Fogh Rasmussen ယူကရိန်းအရေး မိန့်ခွန်းပြော။ (သြဂုတ် ၂၉၊ ၂၀၁၄)
NATO အကြီးအကဲ Anders Fogh Rasmussen ယူကရိန်းအရေး မိန့်ခွန်းပြော။ (သြဂုတ် ၂၉၊ ၂၀၁၄)

ယူကရိန်းအရှေ့ဖက်ခြမ်းက ရုရှားတွေရဲ့စစ်ဆင်ရေးကို ရပ်ပစ်ဖို့ မြောက် အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ NATO က တောင်းဆိုလိုက်ပါတယ်။ အခြေအနေ ဆိုးရွားလာနေတဲ့ ယူကရိန်းအရေးဆွေးနွေးဖို့ Brussels မြို့မှာ ဒီကနေ့ ကျင်းပခဲ့တဲ့ အရေးပေါ်အစည်းအဝေးအပြီး NATO အကြီးအကဲ Anders Fogh Rasmussen က အခုလိုပြောဆိုလိုက်တာပါ။ ယူကရိန်းသမ္မတ Petro Poroshenko က ရုရှားတပ်ဖွဲ့တွေ ယူကရိန်းဘက်ဝင်လာပြီး Novoazovsk မြို့ကိုဝိုင်းထားတဲ့အပြင် အနီးနားက ရွာတွေကိုလည်း ထိန်းချုပ်ထားတယ်လို့ ပြောဆိုအပြီးနောက်တရက်မှာ Rasmussen က အခုလိုပြောခဲ့တာပါ။

ရုရှားဘက်ကတော့ယူကရိန်းနယ်မြေထဲ ဝင်ရောက်တာမျိုး မရှိသလို ရုရှားလိုလားတဲ့ ယူကရိန်းခွဲထွက်ရေးသမားတွေကို လက်နက်တပ်ဆင်ပေးတာလည်း မရှိဘူးလို့ တောက်လျှောက် ငြင်းဆိုခဲ့ပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က-

"အားလုံးနားလည်ထားဖို့က ရုရှားရဲ့ ကြောက်စရာကောင်းတဲ့ ကျူးကျော်သိမ်းပိုက်မှု ဆိုပြီး ခန့်မှန်း စွပ်စွဲထားတာတွေဟာ ဘာကိုဆိုလိုနေသလဲ ဆိုတော့ သူပုန်တွေဟာ ယူကရိန်းအစိုးရတပ်ဖွဲ့တွေကို ပြန်တွန်းလှန်တိုက်ခိုက်နိုင်ခဲ့တယ်ဆိုတာနဲ့ ဆက်စပ်နေနိုင်ပါတယ်" လို့ မစ္စတာ Lavrov က ပြောဆိုခဲ့တာပါ။

ဒီအတောအတွင်း ယူကရိန်းတပ်ဖွဲ့ဝင်တွေရှိတဲ့ IIovaysk မြို့ကို ရုရှားလိုလားတဲ့ ယူကရိန်းခွဲထွက်ရေး သမားတွေက ဝိုင်းဝန်းပိတ်ဆို့ထားတာ ဖယ်ရှားပေးဖို့ ရုရှားသမ္မတ Vladimir Putin က တောင်းဆိုလိုက်ပါတယ်။ သောကြာနေ့ ကရင်မလင်က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ အဓိပ္ပါယ်မရှိတဲ့ သေဆုံးမှုတွေ ကို ရှောင်ရှားနိုင်ဖို့အတွက် လူသားချင်းစာနာတဲ့ အနေနဲ့ ဒီယူကရိန်းစစ်သားတွေကို ပြန်လွှတ်ပေးဖို့ မစ္စတာ ပူတင်က တောင်းဆိုခဲ့တာပါ။

ယူကရိန်း ဝန်ကြီးချုပ် Arseniy Yatsenyuk ကတော့ ယူကရိန်းနိုင်ငံ NATO အဖွဲ့ဝင်ဖို့ စတင်လုပ်ဆောင်နေတဲ့အကြောင်း ပြောဆိုပြီး ယူကရိန်းအရှေ့ဘက်က သူပုန်တွေကို နှိမ်နင်းဖို့ NATO ရဲ့ အကူအညီကိုလည်း တောင်းခံထားပါတယ်။

XS
SM
MD
LG