သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမြင့်ဆုံး စစ်ဘက် ရဲစွမ်းသတ္တိရှင်ဆု Navy Seal တဦးအား အိုဘားမား ချီးမြှင့်


သမ္မတ Obama က စစ်ဘက်ဆိုင်ရာ အမြင့်ဆုံးဂုဏ်ထူးဆောင်ဆုကို အထူးစစ်ဗျူဟာမှူး Edward Byers ကို ချီးမြှင့်စဉ်။ (ဖေဖော်ဝါရီ ၂၉၊ ၂၀၁၆)
သမ္မတ Obama က စစ်ဘက်ဆိုင်ရာ အမြင့်ဆုံးဂုဏ်ထူးဆောင်ဆုကို အထူးစစ်ဗျူဟာမှူး Edward Byers ကို ချီးမြှင့်စဉ်။ (ဖေဖော်ဝါရီ ၂၉၊ ၂၀၁၆)

နိုင်ငံရဲ့ အမြင့်ဆုံး စစ်ဘက်ဆိုင်ရာ ဂုဏ်ထူးဆောင်ဆုကို အမေရိကန်သမ္မတ ဘားရတ်အိုဘားမားက အမေရိကန် ရေတပ် လက်ရွေးစင် Navy Seal အဖွဲ့ဝင် အဆင့်မြင့် အထူးစစ်ဗျူဟာမှူး Edward Byers ကို တနင်္လာနေ့က ချီးမြှင့်ခဲ့ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်စစ်သွေးကြွတွေလက်က အမေရိကန်ဓားစာခံတစ်ယောက်ကိုကယ်တင်လိုက်တဲ့ သူ့ရဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ပြုတာဖြစ်ပါတယ်။

Edward Byers ဦးဆောင်တဲ့ ကယ်ဆယ်ရေးအဖွဲ့က ညအမှောင်ကို အကာအကွယ်ပြုပြီး ၂၀၁၂ ခု၊ ဒီဇင်ဘာလထဲမှာ အမေရိကန် ဓားစာခံ Dr. Dilip Joseph ကို ကယ်ထုတ်ခဲ့တာဖြစ်ပါတယ်။

ဆုချီးမြှင့်ပွဲအခမ်းအနားမှာ ကယ်တင်ခဲ့ပုံနဲ့ပတ်သက်လို့ သမ္မတ အိုဘားမားက ပြောကြားရာမှာ - Byers နဲ့သူ့ရဲ့အဖွဲ့ဟာ တာလီဘန် အစောင့်တွေရှိတဲ့ အဆောက်အဦးထဲကို ဝင်ချိန်မှာ အစောင့်တွေနဲ့ ပက်ပင်းတိုးပြီး ပစ်ခတ်မှုဖြစ်ခဲ့ရာမှာလည်း Edward Byers က ဓားစာခံကိုရော သူ့ရဲ့တပ်ဖွဲ့ဝင်တွေရဲ့ အသက်ကိုပါ ကယ်တင်ခဲ့ပါတယ်။

ဆေးတပ်သား မစ္စတာ Byers ဟာ သေလုမျောပါး ဒဏ်ရာအပြင်းအထန်ရထားတဲ့ သူ့ရဲ့တပ်ဖွဲ့ဝင် တစ်ယောက်ကိုလည်း ရှေးဦးသူနာပြု စုနည်းနဲ့ အာဖဂန်ထဲက ရဟတ်ယာဉ်နဲ့ ထွက်ခွာနေတဲ့ အချိန် မိနစ် ၄၀ ကြာ ပြုစုခဲ့ပါတယ်။ သမ္မတအိုဘားမားက အမေရိကန်နိုင်ငံသားတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စိတ်ချလက်ချ အိပ်ကောင်းခြင်း အိပ်နိုင်တာဟာ နိုင်ငံတာဝန်ကို သက်စွန့်ဆံဖျားထမ်းနေတဲ့ Byers လို သူရဲကောင်းတွေကြောင့် ဖြစ်တယ်လို့လည်း သမ္မတ အိုဘားမားက ထည့်သွင်းပြောကြားခဲ့ပါတယ်။

ကလေး လေးယောက်ဖခင်ဖြစ်သူ Dr. Dilip Joseph ဟာ အာဖဂန်နစ္စတန်မှာ ဆေးပညာနည်းစနစ်တွေကို သင်ကြားပို့ချပေးခဲ့သူဖြစ်ပြီး သူ့အနေနဲ့ ထိခိုက်ဒဏ်ရာမရှိခဲ့ဘဲ မိသားစုဆီကို ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။

ဂုဏ်ထူးဆောင်ဆုတံဆိပ် ကို တာဝန်အရ လုပ်တာထက်ပိုပြီး စွမ်းစွမ်းတမံ စွန့်စားပြီး အမှုထမ်းတဲ့ ရဲစွမ်းသတ္တိရှိတဲ့ တပ်မတော်သားတွေကို ချီးမြှင့်တာဖြစ်ပါတယ်။

XS
SM
MD
LG