သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် အစိုးရက မူးယစ်ရာဇာ နော်ခမ်း ကို သေဒဏ် စီရင်မည်


မူးယစ်ရာဇာ နော်ခမ်း
မူးယစ်ရာဇာ နော်ခမ်း
၂၀၁၁ ခုနှစ်က မဲခေါင်မြစ်အတွင်း တရုတ်သင်္ဘောသား ၁၃ ယောက်ကို သတ်ဖြတ်မှုနဲ့ တရုတ်အာဏာပိုင်တွေ ဖမ်းဆီးထားတဲ့ ရွှေတြိဂံဒေသ မူးယစ်ဂိုဏ်းခေါင်းဆောင် နော်ခမ်းနဲ့ အပေါင်းပါ သုံးယောက်ရဲ့ အယူခံကို တရုတ်နိုင်ငံ ကူမင် (Kunming) တရားရုံးက ပလပ် ခဲ့ပြီးတဲ့နောက် ဒီကနေ့ သောကြာနေ့မှာ သူတို့ကို သေဒဏ်စီရင်ဖို့ အမိန့်ချမှတ်ထားပါတယ်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် မြို့တော် ပြည်သူ့တရားရုံးက သူတို့လေးဦးကို ဆေးထိုးပြီး အဆုံးစီရင်မှာဖြစ်တယ်လို့ ကူမင်ပြည်သူ့တရားရုံးက ပြောပါတယ်။

နော်ခမ်း ဟာ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား နဲ့ ဗီယက်နန်နိုင်ငံတွေ ကို ဖြတ်သန်း စီးဆင်းနေတဲ့ မဲခေါင်မြစ်တလျှောက် လှုပ်ရှားနေတဲ့ အကြီးဆုံး မူးယစ်မှောင်ခို ဂိုဏ်းခေါင်းဆောင် ဖြစ်ပါတယ်။ နော်ခမ်းနဲ့အတူ သေဒဏ်ချမှတ်ခံရသူ သုံးယောက်ကတော့ ထိုင်းနိုင်ငံက Hsang Kham၊ နိုင်ငံမဲ့တဦးဖြစ်တဲ့ Yi Lai နဲ့ လာအိုနိုင်ငံက Zha Xika တို့ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် အောက်တိုဘာလက မဲခေါင်မြစ်အတွင်း တရုတ်ကုန်တင်သဘောၤ နှစ်စင်းကို တိုက်ခိုက်ခဲ့ပြီး သင်္ဘောသား ၁၃ ယောက်ကို သတ်ဖြတ်မှုနဲ့ ကူမင် တရားရုံးမှာ နော်ခမ်းနဲ့ အပေါင်းအပါတွေကို ရုံးတင်စစ်ဆေးမှုတွေ လုပ်ခဲ့တာဖြစ်ပါတယ်။ နော်ခမ်းနဲ့ အပေါင်းပါ သုံးယောက်ကို သေဒဏ်အပြစ်ပေးတဲ့အခါ သူတို့ရဲ့ ဆွေမျိုးသားချင်းတွေ အပြင် ကူမင်မြို့မှာရှိတဲ့ ထိုင်းနဲ့ မြန်မာ ကောင်စစ်ဝန်ရုံး တာဝန်ရှိသူတွေအနေနဲ့ လာရောက်ကြည့်ရှု တွေ့ဆုံနိုင်ဖို့အတွက် တရားရုံးက စီစဉ်ပေးထားပါတယ်။ သေဒဏ်စီရင်ပြီးတဲ့အခါ အပြစ်ပေးခံရသူတွေ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေ၊ သေတမ်းစာနဲ့ ကျန်ရစ်တဲ့ ပစ္စည်းပစ္စယတွေကို သူတို့ရဲ့ ဆွေမျိုးသားချင်းတွေနဲ့ သက်ဆိုင်ရာ ကောင်စစ်ဝန်ရုံးက တာဝန်ရှိသူတွေကို လွှဲပြောင်း ပေးအပ်သွားမှာလည်း ဖြစ်ပါတယ်။

သေဒဏ် မစီရင်ခင်အချိန်အထိ သူတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ပေးပြီး သူတို့ကို သေသေချာချာ ထိန်းသိမ်းထားတယ်လို့ ယူနန်ပြည်နယ် အကျဉ်းထောင်အုပ်ချုပ်ရေးမှူး Zhao Biao က ပြောပါတယ်။

“သူတို့လေးယောက်ကို သေဒဏ်ချမှတ်လိုက်ပြီးတဲ့နောက် သူတို့တွေ အတော်ကြီး တုန်လှုပ်ချောက်ခြားသွားကြတယ်။ သူတို့ဆက်ပြီး အသက်ရှင်နေထိုင်လိုတဲ့အကြောင်း အကြီးအကျယ် ပြသခဲ့ကြပါတယ်။ ခုချိန်မှာ သူတို့လုံခြုံရေးအတွက် စိုးရိမ်စရာမရှိတဲ့ သီးသန့်အကျဉ်းထောင်တွေထဲမှာ သူတို့ကို ကျနော်တို့ ထိန်းသိမ်းထားသလို ဥပဒေနဲ့အညီ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကိုလည်း ပေးထားပါတယ်။” - လို့ ယူနန်ပြည်နယ် အကျဉ်းထောင်အုပ်ချုပ်ရေးမှူး ပြောသွားတာပါ။

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်နယ်အတွင်းမှာ လှုပ်ရှားနေတဲ့ မူးယစ်ဂိုဏ်းခေါင်းဆောင် နော်ခမ်း ကို လာအိုအာဏာပိုင်တွေက ပြီးခဲ့တဲ့နှစ် ဧပြီလအတွင်း ရွှေတြိဂံဒေသမှာပဲ ဖမ်းမိခဲ့ပြီးတဲ့နောက် တရုတ်အာဏာပိုင်တွေရဲ့ လက်ထဲ လွှဲပြောင်းပေးခဲ့တာပါ။ ဧပြီလအတွင်း သူ့ကိုမဖမ်းဆီးမိခင် ရက်ပိုင်းအလိုမှာ ထိုင်းအစိုးရ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့က သူ့ကို ဖမ်းဆီးနိုင်ရင် ဆုငွေ ထိုင်းဘတ် ၂ သန်း ပေးမယ် လို့ ကြေညာခဲ့တာ ရှိသလို တရုတ်နိုင်ငံကလည်း နော်ခမ်းကို ဖမ်းဆီး သုတ်သင် နိုင်ဖို့ အတွက် မောင်းသူမပါတဲ့ အဝေးထိန်း ဒုံးယာဉ်သုံးပြီး မြန်မာနိုင်ငံ နယ်မြေထဲအထိ တိုက်ခိုက် နှိမ်နင်းဖို့ စဉ်းစားခဲ့တယ်လို့ ဆိုပါတယ်။

ရွှေတြိဂံဒေသ အတွင်းလှုပ်ရှားနေတဲ့ မူးယစ်ဂိုဏ်းခေါင်းဆောင် နော်ခမ်းဟာ ဘိန်းဘုရင်ခွန်ဆာရဲ့ MTA ခေါ် မော်ထိုင်း တပ်ဖွဲ့ဝင်တယောက် ဖြစ်ပြီး ၁၉၉၆ ခုနှစ်က ဘိန်းဘုရင်ခွန်ဆာ လက်နက်ချပြီးတဲ့နောက်မှာ တာချီလိတ်မြို့နယ် ဟောင်လိတ် ပြည်သူ့စစ် ခေါင်းဆောင် တယောက် ဖြစ်လာခဲ့သူလည်း ဖြစ်ပါတယ်။
XS
SM
MD
LG