သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံရုံးတွေ နေပြည်တော် ပြောင်းရွှေ့နိုင်ဖို့ စတင်စီစဉ်


ပြည်ထောင်စုလွှတ်တော်အဆောက်အဦး၊ နေပြည်တော်
ပြည်ထောင်စုလွှတ်တော်အဆောက်အဦး၊ နေပြည်တော်

မြန်မာနိုင်ငံမှာ အစိုးရရုံးစိုက်ရာ နေပြည်တော်ကို နိုင်ငံခြား သံရုံးတွေ ပြောင်းရွှေ့အခြေစိုက်ဖို့ စီစဉ်နေပါတယ်။ မကြာသေးခင်နှစ်တွေကစလို့ အပြောင်းအလဲတွေ တွေ့မြင်ခဲ့ရတဲ့ မြန်မာနိုင်ငံမှာ အစိုးရလုပ်ငန်းတွေ အများစုရှိရာ နေပြည်တော်မှာ သံတမန်တွေ အခြေစိုက် လှုပ်ရှားနိုင်အောင် ရေရှည်စီမံကိန်း တစိတ်တပိုင်းအဖြစ် စတင်ဆောင်ရွက်နေတာဖြစ်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းကမေခကပေးပို့ထားပါတယ်။

အမျိုးသားလွှတ်တော်မှာ တနင်္လာနေ့က ဆွေးနွေးမှုတွေအတွင်း နေပြည်တော်က ဖွံ့ဖြိုးရေးအစီအစဉ်တွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို မေးမြန်းစဉ်မှာ သံရုံးတွေ ပြောင်းရွှေ့ရေး အစီအစဉ်ကို ထည့်သွင်းပြောဆိုသွားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အခြေစိုက် သံရုံးတွေပြောင်းရွှေ့နိုင်ရေး လုပ်ငန်းလုပ်ဆောင်နေတာ နဲ့ပတ်သတ်ပြီး နေပြည်တော်ကောင်စီဝင် ဦးကံချွန် က လွှတ်တော်မှာ အခုလို ဖြေကြားခဲ့တာပါ။

“သံရုံးများ ဆောက်လုပ်ရန်အတွက် ဒက္ခိဏ သီရိ မြို့ နယ်ဟိုတယ်ဇုန် နောက်ကြောမှာ၅၀၀ ပေ ၅၀၀ပေ အကျယ် မြေကွက် ၁၂၀ ကွက်ကို လည်းကောင်း၊ ၃၀၀ပေ ၃၀၀ပေ အကျယ် စစ်သံမှုးရုံး မြေကွက် ၅၀ကွက်ကိုလည်းကောင်း ဖော်ထုတ်ထားပြီး ဖြစ်ပါတယ်။ လောလောဆယ်အားဖြင့် သံရုံးများ မဆောက်သေးသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မလေးရှားနိုင်ငံတို့က စာချုပ်ချုပ်ဆို ငှားရမ်းထားပြီး ဖြစ်ပါတယ်။ တရုတ်နိုင်ငံ၊ ကာတာ နိုင်ငံ၊ ဘရူနိုင်းနိုင်ငံနဲ့ အိန္ဒိယ နိုင်ငံတို့ မှလည်း ငှားရမ်းရေးနဲ့ စာချုပ် ချုပ်ဆိုရေး စီစဉ် ဆောင်ရွက်ဆဲ ဖြစ်ပါတယ်။”

နေပြည်တော်အတွင်းမှာသံတမန်တွေနဲ့ လုပ်ငန်းလုပ်ကိုင်နေတဲ့နိုင်ငံခြားသားေ တွနေဖို့အတွက် အိမ်နေရာတွေ စီစဉ်ထားရှိပြီး ဖြစ်ကြောင်း လက်ရှိနေပြည်တော်မှာနိုင်ငံခြားသားတွေ နေထိုင်နိုင်ဖို့လုပ်ဆောင်နေတဲ့ အိမ်ယာစီမံကိန်းတွေနဲ့ လမ်းပမ်း ဆက်သွယ်ရေး လုပ်ငန်းတွေနဲ့ပတ်သတ်ပြီး ဦးကံချွန်ကအခုလိုဆက်လက်ဖြေကြားခဲ့ပါတယ်။

“နေပြည်တော်သို့ long stay နေလိုသူများ၊ သံရုံးများ ရုံးခန်းများ ဖွင့်လှစ်လိုသူများအတွက် ဇဗ္မူသီရိ မြို့ နယ် ပျဉ်းမနား တောင်ညို လမ်းဘေး၊ Grand ACE Villa စီစဉ် ဆောင်ရွက်ထားပြီး၊ အဆင့်မြင့် apartment များ ရုံးခန်းများ ထိုဝင်းထဲမှာတင် Shopping mall၊ Swimming pool၊ Gymnasium၊ Spa တို့ ပါ ပါရှိပါတယ်။ လောလောဆယ်အားဖြင့် တရုတ်သံရုံး ရုံးခွဲ ဖွင့်လှစ်ထားပြီး၊ နိုင်ငံခြားသား ၂၆ဦး နေထိုင်လျှက်ရှိပါတယ်။”

မြန်မာပြည်အနှံ့ မြို့များကို လေယာဉ်ဖြင့် သွားလာနိုင်ပါတယ်။ ထို့ အပြင် ဘန်ကောက် အဲဝေးဖြင့် ဘန်ကောက်သို့ တစ်ပတ် ငါးကြိမ်၊ China Eastern Airline မှ ကူမင်းသို့ တစ်ပတ်လျှင် နှစ်ကြိမ် နေပြည်တော်မှ တိုက်ရိုက် သွားနိုင်ပါတယ် ခင်ဗျာ။ ပြည်တွင်းမှ အမြို့ မြို့ အနယ်နယ်သို့ တိုက်ရိုက် ခရီးသွားနိုင်ရန် အတွက် နေပြည်တော် အခြေပြု မော်တော်ယာဉ်လိုင်း ၁၉လိုင်း၊ ကားအစီးရေ ၂၅၀ စီးဖြင့် လည်းကောင်း၊ အခြား ပြည်နယ်တိုင်း အခြေပြု ယာဉ်လိုင်း ၅၉ လိုင်း၊ ယာဉ်အစီးရေ ၈၀၀စီးဖြင့် သွားလာနိုင်ပါတယ်။

အခုလိုမြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသံရုံးတွေပြောင်းရွှေ့ဖို့ လုပ်ဆောင်တာနဲ့ ပတ်သတ်ပြီးနိုင်ငံခြားရေးဝန်ကြိးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်က ဒီလုပ်ငန်းစဉ်ဟာ နှစ်ရှည်စီမံကိန်းဖြစ်ကြောင်း၊ ပြောင်းရွှေ့လိုသည့် နိုင်ငံခြားသံရုံးတိုင်းကိုကြိုဆိုကြောင်း ဒီလုပ်ငန်းစဉ်နဲ့ပတ်သတ်ပြီး အခုလိုဗွီအိုအေမေးမြန်းမှုကိုဖြေကြားခဲ့ပါတယ်။

“လောလောဆယ်တော့ သံရုံးအချို့ ဟာ နေပြည်တော်မှာ ရုံးခွဲပေါ့ ဒါမှမဟုတ်လည်း liaison office လိုမျိုး ဖွင့်ချင်တယ် ဆိုပြီးတော့ နိုင်ငံခြားရေး ဝန်ကြီးဌာနကို ဆက်သွယ်ပြောဆိုတာမျိုး ရှိပါတယ်။ လောလောဆယ်မှာ သံရုံးတွေကို နိုင်ငံခြားရေး ဝန်ကြီးဌာနက ရွေ့ခိုင်းတယ်ဆိုတာတော့ မရှိသေးပါဘူး။”

စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက် ၂၀၀၂ ခုနှစ်က စတင်ပြီး ပျဉ်းမနားမြို့အနီးမှာ တည်ဆောက်ခဲ့တဲ့နေပြည်တော်ဟာ၂၀၀၅ ခုနှစ်မှာ အစိုးရရုံးစိုက်ရာမြို့အဖြစ် ပြောင်းလဲခဲ့ပါတယ်။ နေပြည်တော်ဟာ ဧရိယာ စတုရန်းမိုင် ၃၀၀၀၀ နီးပါးရှိပြီး၊ ခန့်မှန်းချေ လူဦးရေ ၁သန်းကျော် နေထိုင်ကြောင်းလည်း မြို့တာဝန်ရှိသူတွေက ပြောပါတယ်။

XS
SM
MD
LG