သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်ပြီးနောက် နိုင်ငံရေးမူဘောင်ချမှတ်ရေး ဆွေးနွေးကြ


တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်နိုင်ခဲ့တဲ့အခါ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပပြီး ခိုင်မာတဲ့ နိုင်ငံရေးမူဘောင် သဘောထားတွေနဲ့ ဆွေးနွေးနိုင်ဖို့ အတွက် နိုင်ငံရေးမူဘောင် ချမှတ်နိုင်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ ဆွေးနွေးနေကြပြီ ဖြစ်ပါတယ်။

တိုင်းပြည်အတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စိန်ခေါ်မှုတွေကို နိုင်ငံရေး နည်းလမ်းနဲ့သာ ပြေလည်အောင် ဖြေရှင်းနိုင်မယ်လို့လည်း အများက ယုံကြည်နေတဲ့အတွက် အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဆွေးနွေးမှု ဖြစ်မြောက်အောင် ကြိုးစားနေကြတာပါ။ ဒီကနေ့ ရန်ကုန်မှာ ကျင်းပတဲ့ တိုင်းရင်းသားတွေ၊ နိုင်ငံရေးပါတီတွေ နောက် ငြိမ်းချမ်းရေး ညှိနှိုင်းပေးနေတဲ့ အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးမူဘောင် အလွတ်သဘော ဆွေးနွေးပွဲ အသေးစိတ်ကို မဆုမွန်က တင်ပြထားပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ရှေ့မှောက်မှာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ စာချုပ်မူကြမ်းကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေနဲ့ မြန်မာအစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ တာဝန်ရှိသူတွေကိုယ်တိုင် လက်မှတ်ရေးထိုးကြပြီး ဖြစ်ပါတယ်။ ဒီနောက် တနိုင်ငံလုံးအပစ်ရပ်စာချုပ် အပြီးသတ် လက်မှတ်ရေးထိုးနိုင်ဖို့အရေး နှစ်ဘက်ခေါင်းဆောင်တွေ အကြေအလည် ဆွေးနွေးနေကြဆဲဖြစ်သလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်ကလည်း ပန်ဆန်း၊ လော်ခီးလာ စတဲ့ တိုင်းရင်းသားညီလာခံတွေ ကျင်းပပြီး အားလုံးပါဝင်နိုင်တဲ့ အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ဖို့အရေး အကြိတ်အနယ် ဆွေးနွေးနေကြဆဲအချိန် ဖြစ်ပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့အရေး အရေးကြီးတဲ့ ဒီလိုအချိန်မျိုးမှာ အပစ်ရပ်စာချုပ် ချုပ်နိုင်ခဲ့ပြီးရင် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပတဲ့အခါမှာ ခိုင်မာတိကျတဲ့ နိုင်ငံရေးမူဘောင် ချမှတ်နိုင်ဖို့အရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ တိုင်းရင်းသားပါတီတွေနဲ့ နိုင်ငံရေးပါတီတွေဘက်က သူတို့ရေးဆွဲထားတဲ့ နိုင်ငံရေးမူဘောင်တွေထဲက တူညီတဲ့ မူဘောင် ချမှတ်နိုင်ရေး ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA-United Nationalities Alliance) က ဦးစိုင်းညွန့်လွင်က နိုင်ငံရေးမူဘောင် ချမှတ်နိုင်ဖို့အရေး ဆွေးနွေးနေကြတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“ဒီနေ့ဟိုတယ်မှာ လုပ်ပါတယ်။ UNA သွားတက်ပါတယ်။ နောက်တခြားပါတီ PPIC ဆိုပြီး တက်ပါတယ်။ ပြည်ထောင်စု Institute နောက်တခါ MPC လည်း ပါပါတယ်။ နောက် MNG ဘက်က ပါပါတယ်။ ကျနော်တို့ အခု နိုင်ငံရေးမူဘောင် ဆွေးနွေးနေတယ်လေ။ နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်ပေါ့နော်။ နိုင်ငံရေးဆွေးနွေးပွဲလုပ်ရင် ဘယ်သူတွေပါမလဲ။ ဘယ်လို Mandate တွေနဲ့သွားမလဲ။ ဆုံးဖြတ်ချက်ချရင် ဘယ်လို ဆုံးဖြတ်ချက်ချမလဲ။ Consensus နဲ့ သွားမလား၊ Majority နဲ့ သွားမလား၊ အဲဒါမျိုးတွေ ဆွေးနွေးနေတာပါ။ အားလုံး လူမစုံသေးဘူး။ NLD က သူတို့သဘောထားတွေ ထုတ်မပြောသေးဘူး။ USDP ကလည်း သူတို့သဘောထားတွေ ထုတ်မပြောသေးဘူး။ အဲတော့ အခုဟာက အကြမ်း ညှိတဲ့သဘောပဲရှိတယ်။ NCA ကလည်း တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ပြီးလို့ရှိရင် ချုပ်တဲ့နေ့ကစပြီးတော့ ၂ လအတွင်း မူဘောင် အပြီးရေးရမယ်။ အဲလိုမျိုး သူက သတ်မှတ်ထားတဲ့အချက်ရှိတယ်။ ၂ လကတော့ ရေးလို့မပြီးနိုင်ဘူးလေ။ အားလုံးသဘောတူဖို့ဆိုတာ ပိုပြီးတော့ မပြီးနိုင်တဲ့အတွက် ဒါ ကြိုပြီးတော့ ဆွေးနွေးထားတဲ့ သဘောပါ။ မနက်ဖြန်ဆိုရင် ကျနော်တို့ ချင်းမိုင်မြို့ကို UNA သွားပါမယ်။ ချင်းမိုင်မြို့မှာ UNFC နဲ့ UNA က Political Framework ကိုပဲ ဆက်ဆွေးနွေးမှာပါ။”

နိုင်ငံရေးပါတီတွေဘက်ကလည်း တိုင်းပြည်အတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စိန်ခေါ်မှုတွေကို နိုင်ငံရေးနည်းလမ်းနဲ့သာ ပြေလည်အောင် ဖြေရှင်းနိုင်မယ်လို့ အများက ယုံကြည်နေတဲ့အတွက် အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဆွေးနွေးမှု ဖြစ်မြောက်အောင် ပူးပေါင်းကြိုးစားနေကြတာပါ။ ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF ရဲ့ အတွင်းရေးမှူး ဦးနေမင်းကျော်က နိုင်ငံရေးမူဘောင် ချမှတ်နိုင်ရေး အရေးကြီးတဲ့ အခန်းကဏ္ဍတွေကို အခုလို ရှင်းပြပါတယ်။

“ကျနော်တို့ကတော့ ဒီမူဘောင်တွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးပွဲမှာ ကျနော် အကုန်လုံး ပါဝင်ရေးပေါ့၊ ပါဝင်ရေးဆိုတာ ဒီ stakeholder အားလုံး ပါဝင်ရေးဆိုတဲ့ မူ ရှိပါတယ်။ အကုန်လုံးကလည်း အဲဒီသဘောအပေါ်မှာ တူညီကြပါတယ်။ လက်ရှိ ကျနော်တို့ နိုင်ငံရေးမူဘောင် ချမှတ်ပြီးတော့ ချမှတ်ထားတဲ့ မူဘောင်အတိုင်း သွားမယ်ဆိုလို့ရှိရင် ကျနော်တို့က အစုအဖွဲ့အနေနဲ့ ဒီအစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ကျနော်တို့ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ တတ်သိပညာရှင်များ၊ လူထုလူတန်းစား အလွှာပေါင်းစုံက သူ့ကဏ္ဍအလိုက် ပါဝင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဓိပ္ပါယ်လည်းရှိမယ်၊ ပိုပြီးတော့လည်း အရာရောက်မယ်ပေါ့။ ဒီညီလာခံမှာ ကျနော်တို့ အတည်ပြုနိုင်မယ်ဆိုရင် ဒါကို လွှတ်တော်မှာ ကျနော်တို့က verify အတည်ပြုချင်တယ်ဆိုရင်တော့ ပြဿနာတွေတော့ ဒီထက်ပိုပြီးတော့ လျော့နည်းသွားပြီးတော့ တိုင်းပြည်တည်ဆောက်ရေးဘက်မှာတော့ ပိုပြီးတော့ လုပ်ရတာ ထင်ထင်မြင်မြင် ရှိမယ်လို့ ကျနော်ကတော့ ယူဆပါတယ်။”

ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟိုသုတေသနလမ်းညွှန်မှူး ဦးမျိုးရန်နောင်သိန်းကလည်း နိုင်ငံရေးမူဘောင် ချမှတ်နိုင်ဖို့အရေး အပစ်ခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုဖို့ အရေးကြီးသလို ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲရဲ့ရလဒ်တွေကိုလည်း အဓိကကျတယ် ဆိုတာကို ဆွေးနွေးပါတယ်။

“အလွတ်သဘောဆိုတော့ ကျနော်တို့က political framework ပေါ့ နိုင်ငံရေးမူဘောင် ဆွဲထားတဲ့ ပါတီတွေအနေနဲ့ အချင်းချင်း အပြန်အလှန် နားလည်မှုရအောင်လို့ ညှိနှိုင်းဆွေးနွေးတဲ့ သဘောပါပဲ။ အဲဒီတော့ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်နဲ့ ပတ်သက်ပြီးတော့ အခု အစိုးရ ဟို လမ်းကြောင်းတွေ အများကြီး ရှိတာပေါ့ဗျာ။ အစိုးရသွားနေတဲ့ လမ်းကြောင်းကကျတော့ NCA တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်ထိုးမယ်။ လက်မှတ်ထိုးပြီးလို့ရှိရင် နိုင်ငံရေးမူဘောင် ရေးဆွဲမယ်ပေါ့။ အဲလိုမျိုးသွားကြတာ။ နောက်ထပ် မျှော်လင့်ချက်တခုကကျတော့ နိုင်ငံရေး ဆွေးနွေးပွဲမူဘောင်ဖြစ်ဖို့က လေးပွင့်ဆိုင် သို့မဟုတ် ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲကနေပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်တခု ပေါ်ထွန်းလာနိုင်ချေလည်း ရှိတယ်ပေါ့။ အဲဒီတော့ ကျနော်တို့က ပုံစံကနှစ်ခုရှိတယ်။”

ဒီနေ့ ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ နိုင်ငံရေးမူဘောင်ဆိုင်ရာ အလွတ်သဘော ဆွေးနွေးပွဲကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက NCCT ကိုယ်စားလှယ်တွေ၊ မြန်မာငြိမ်းချမ်းရေးစင်တာ၊ နောက် တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ တိုင်ရင်းသားပါတီတွေနဲ့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ အပါအဝင် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေး ဝိုင်းဝန်းဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

XS
SM
MD
LG