သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCCT နဲ့ အစိုးရငြိမ်းချမ်းရေးအဖွဲ့ တွေ့ဆုံ


ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT တို့ တွေ့ဆုံပွဲ။ (ဓာတ်ပုံ- ဦးလှမောင်ရွှေ fb)
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT တို့ တွေ့ဆုံပွဲ။ (ဓာတ်ပုံ- ဦးလှမောင်ရွှေ fb)

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT တို့ဟာ ဒီကနေ့ မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ အလွတ်သဘောတွေ့ဆုံခဲ့ပြီး အရင်ဆွေးနွေးပွဲတွေမှာ ညှိနှိုင်းရခက်ခဲနေတဲ့ မူဝါဒတွေနဲ့ စကားရပ်တွေ အပြေလည်ဆုံးညှိနှိုင်းနိုင်ခဲ့တာကြောင့် နှစ်ဖက်စလုံးက အားရကျေနပ်မှုရရှိကြောင်း ပြောပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်ကိုမိုးဇော်က မြစ်ကြီးနားမြို့ကနေ သတင်းပေးပို့ထားပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ ဌာနချုပ် လိုင်ဇာမြို့မှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးဆွေးနွေးပွဲအပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC ၊ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ NCCT တို့ ဒီကနေ့ အလွတ်သဘောဆွေးနွေးရာမှာ ကချင်ပြည်နယ်အစိုးရ ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲအပြီး NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာနဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်း အကြံပေး ဦးလှမောင်ရွှေတို့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံရာမှာ ဦးလှမောင်ရွှေက အခုလို ပြောပါတယ်။

“ဒီနေ့ကတော့ ဆရာဦးနိုင်ဟံသာတို့ ခေါင်းဆောင်တဲ့အဖွဲ့အနေနဲ့ လိုင်ဇာညီလာခံကနေပြီးတော့ ပေးလိုက်တဲ့ mandate နဲ့ policy တွေအပေါ်မှာ ၃၁ ချက်အပေါ်မှာ ကျနော်တို့ ပြန်ဆွေးနွေးနိုင်မယ့်ဟာတွေကို အကြမ်းအားဖြင့်တော့ အရင် ညှိတာပေါ့။ ဒီနေ့ ဆွေးနွေးတဲ့ အဓိကအချက်ကတော့ ၃၁ ချက်ကို အမြန်ဆုံး ညှိနှိုင်းနိုင်ပြီးတော့ အားလုံးလိုချင်တဲ့ လက်မှတ်ရေးထိုးပွဲ အမြန်ဆုံး ဆောင်ရွက်နိုင်ဖို့ပါပဲ။ ဒီနေ့ ဆွေးနွေးချက်အရကတော့ ပေါ်လစီပိုင်းမှာတော့ အများကြီး ညှိနှိုင်းဖို့ မကျန်ဘူးဆိုတဲ့ သဘောမျိုးတော့ နှစ်ဘက်ခေါင်းဆောင်တွေက သဘောတူထားပါတယ်။”

နေ့ခင်း ၁ နာရီခွဲကနေ ညနေ ၅ နာရီထိ ကြာမြင့်တဲ့ ဒီဆွေးနွေးပွဲအတွင်းမှာ UPWC ဖက်က ဒုတိယဥက္ကဋ္ဌတွေဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်အပါအဝင် တပ်မတော်ကိုယ်စားလှယ် ဒုဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးနဲ့ NCCT က အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ၊ ပဒိုစောကွယ်ထူးဝင်း၊ ဒေါက်တာလျံမှုန်းဆာခေါင်းတို့ဟာ သီးခြား တံခါးပိတ် ဆွေးနွေးခဲ့ပါတယ်။ ဒီလို ဆွေးနွေးခဲ့တာဟာ ညှိနှိုင်းရခက်ခဲတာတွေကို နှစ်ဖက် အမြင်ဖလှယ်တာဖြစ်တယ်လို့ နိုင်ဟံသာက အခုလို ပြောပါတယ်။

“တစ်ဆို့နေတဲ့ ကိစ္စတွေ၊ အမြင်မတူတဲ့ကိစ္စတွေကို အတွင်းပိုင်းကျကျ သီးသန့် ပြန်ဆွေးနွေးကြတာ၊ အမြင်ဖလှယ်တဲ့ သဘောပါ။ ဥပမာ- ဖက်ဒရယ်ကိစ္စတွေအပေါ်မှာ အမြင်မတူညီတာတွေ၊ တပ်ဖွဲ့စည်းရေးမှာ အမြင်မတူညီတာတွေ… ဘာကြောင့် ဘာကြောင့် ဟိုဘက်က ဘယ်လိုမြင်၊

ဒီဘက်ကဘယ်လိုမြင်လဲ..စသည်ဖြင့်ပေါ့- နောက်- ဥပမာ၊ “ဥပဒေနဲ့အညီ” ဆိုတဲ့ ဝေါဟာရတွေကအစပေါ့။ ဒါကလည်း တဘက်က ဘယ်လိုမြင်လဲ၊ တဘက်က ဘယ်လို ဦးတည်တယ်- စသည်ဖြင့်ပေါ့လေ၊ ဒါတွေပါ။”

လက်ရှိပြီးဆုံးသွားတဲ့ ဆွေးနွေးပွဲအပေါ်မှာ တိုးတက်မှုတွေရှိကြောင်းနဲ့ ကျေနပ်မှုရှိကြောင်း နိုင်ဟံသာက ပြောပါတယ်။ ဦးလှမောင်ရွှေကလည်း လက်ရှိဆွေးနွေးပွဲအပေါ် အမြင်သဘောထားကို အခုလို ပြောပါတယ်။

“အခု အလွတ်သဘော ဆွေးနွေးတယ်ဆိုပေမယ့် မူပိုင်းတွေ ဆွေးနွေးတာဖြစ်တဲ့အတွက် တချို့ ကျနော်တို့နှစ်ဘက်ကြားထဲမှာ တစ်ဆို့တဲ့ကိစ္စကို ကျော်လွှားနိုင်ဖို့ကိစ္စတွေမှာ ဆရာဦးနိုင်ဟံသာတို့မှာ Mandate တွေ ရှိလာပြီဆိုတော့ တချို့ဟာ Frame Work မှာမှ ဆွေးနွေးဖို့ဆိုတာကို ရွှေ့လိုက်တာနဲ့ အဲဒီအကျပ်အတည်းတခုက လွတ်သွားတာလည်း ရှိနိုင်တယ်။ တချို့ဟာကတော့ အခြေခံအားဖြင့် မူမှာထည့်တာထက် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲမှာ ဆွေးနွေးမယ်လို့ ထည့်တာကလည်း အကျပ်အတည်းတစ်ခုကို လွတ်တော့- ဒီလိုမျိုး နှစ်ဘက်အမြန် လက်မှတ်ရေးထိုးနိုင်မယ့်ဟာတွေကို နှစ်ဘက်ခေါင်းဆောင်တွေက အလွတ်သဘော ကြိုပြင်ဆင်တာပါပဲ။ အဲဒီတော့ ဆရာ အခုနက ပြောသလိုပဲ၊ အားရကျေနပ်မှု ရှိတယ်လို့ ပြောသလို ကျနော်တို့ဘက်က မျှော်လင့်တာထက် အများကြီး ကျနော်တို့ ခေါင်းဆောင်တွေက အားရကျေနပ်မှုရှိတယ်လို့ ပြောနိုင်ပါတယ်။”

NCCT က တင်ပြထားတဲ့ ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းရေးနဲ့ အစိုးရဖက်က တင်ပြထားတဲ့ လုံခြုံရေးပိုင်းဆိုင်ရာ ကိစ္စရပ်တွေကိုတော့ နိုင်ငံရေး ဆွေးနွေးပွဲမှာ ထည့်သွင်းသွားဖို့ အကြမ်းအားဖြင့် သဘောတူထားပါတယ်။ ဒီလ ဒုတိယပတ်အတွင်းမှာတော့ UPWCနဲ့ NCCT အဖွဲ့ခေါင်းဆောင်တွေဟာ ရန်ကုန်မြို့မှာ တရားဝင် ထပ်မံ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပြီး ဒီဆွေးနွေးပွဲမတိုင်ခင် အသေးစိတ်အချက်အလက်တွေကို နှစ်ဖက်အကြားမှာ ထပ်မံညှိနှိုင်းကြဖို့ ရှိနေပါတယ်။

XS
SM
MD
LG