သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးချိုးဖောက်မှု ထပ်မဖြစ်ရေး အဖြေရှာဖို့လို


အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ တိုင်းရင်းသားပြည်သူလူထု (ဖေဖဝါရီ ၁၅၊ ၂၀၁၂)
အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ တိုင်းရင်းသားပြည်သူလူထု (ဖေဖဝါရီ ၁၅၊ ၂၀၁၂)

မြန်မာနိုင်ငံမှာ အစိုးရသစ် အပြောင်းအလဲကာလ ဒီမိုကရေစီ ဖော်ဆောင်မယ့်အချိန် အမျိုးသားပြန်လည် သင့်မြတ်ရေး လမ်းကြောင်းကို ရွေးချယ်တဲ့အခါ စစ်အစိုးရအဆက်ဆက် လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရတဲ့ တိုင်းရင်းသား ပြည်သူလူထုအတွက် စစ်မှန်တဲ့ တရားမျှတမှု ရဖို့ နဲ့ နောင် အနာဂတ်မှာ ဒီလိုမျိုး တရားမဲ့ပြုကျင့်မှုတွေ ထပ်မလုပ်အောင် အဖြေရှာကြဖို့ အလေးအနက် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောဆိုလိုက်ပါတယ်။ သင်ပုန်းခြေရေးလမ်းစဉ်ကိုရွေးခဲ့မယ်ဆိုရင် မှန်ကန်တဲ့ရွေးချယ်မှုဖြစ်မလား၊ စနစ်ဆိုးကို ဖြတ်သန်းခဲ့ရသူတွေမှာရော မေ့ပစ်နိုင်ဖို့ အသင့်ရှိနေပြီလားဆိုတဲ့အမြင်တွေကို မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ အပြီး နိုင်ငံအုပ်ချုပ်ရေး အပြောင်းအလဲကာလမှာ တိုင်းပြည်အကျိုးကို ထိခိုက်ဆုတ်ယုတ်စေနိုင်သည့် အငြိုးအတေးနဲ့ အာဃာတတရား မိမိမှာ လုံးဝမရှိပဲ အနာဂတ်မြန်မာနိုင်ငံတော် အောင်မြင်စွာ တည်ဆောက်နိုင်ရေး တပ်မတော် အပါအဝင် အဖွဲ့အစည်း အသီးသီးနဲ့ လက်တွဲ ပူးပေါင်းဆောင်ရွက် သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပြီးတဲ့နောက် အတိတ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဘယ်လိုသဘောထားကြမလဲဆိုတဲ့မေးခွန်းတွေ ထွက်ပေါ်လာတာပါ။

မြန်မာ့လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ညီမျှခြင်းမြန်မာလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရမှုတွေအတွက် သက်ဆိုင်သူတွေနဲ့ အဖွဲ့အစည်းအသီးသီးပူးပေါင်းပြီး ကောင်းမွန်တဲ့အဖြေ ဝိုင်းဝန်းရှာဖို့လိုမယ်လို့ သုံးသပ်ပါတယ်။

“သင်ပုန်းခြေရေး ဆိုတာကတော့ အရမ်းခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ တဖက်က နစ်နာ တဲ့သူတွေ ဘဝပျက်မတက် တကယ်နှစ်ပေါင်းများစွာခံခဲ့ရတဲ့သူတွေဖက်က သင်ပုန်းခြေဖို့အတွက် တော်တော် ခက်ခဲမယ်လို့ ကျနော် ခံစားမိတယ်။ နားလည်မိတယ်။ တဖက်ကလည်း ကျနော်ပြန်ကြည့်တဲ့အချိန်မှာ ဒီဟာက သင်ပုန်းခြေတာမဟုတ်ပဲနဲ့ ဘယ်လိုမျိုးနည်းနဲ့ ကျနော်တို့အကောင်းဆုံး ရှေ့ကို ဆက်သွားနိုင်မလဲဆိုတဲ့ ဦးတည်ချက်နဲ့ သွားတာလည်းဖြစ်နိုင်တယ်။ ခွင့်လွှတ်လို့ရကောင်းရမယ်၊ မေ့ပျောက်လို့မရဘူးဆိုတဲ့ အဓိပ္ပါယ်မျိုးပေါ့နော်။ ‘We can forgive but we cannot forget’ ဆိုတဲ့ဟာပေါ့။ ဒီနေရာမှာ ကျနော်တို့ တိုင်းပြည်ကို ရှေ့သွားဖို့အတွက် အမျိုးသားရင်ကြားစေ့ရေးလုပ်တာမှန်တယ်။ ဒါပေမယ့် တဖက်မှာက ကျနော်တို့က အားလုံးမေ့ပစ်လိုက်ပါတော့ ဆိုတဲ့အရာမျိုးက လုပ်လို့ရမှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလူ့အခွင့်အရေးနဲ့ပက်သက်လို့ ထိခိုက်နစ်နာတဲ့လူတွေ အများကြီး ရှိခဲ့ဖူးတယ်။ အဲဒါတွေကို ကျနော်တို့က လုံးဝ အသိအမှတ်မပြုပဲနဲ့၊ ကျဆုံးခဲ့တဲ့သူတွေ၊ သေဆုံးခဲ့တဲ့သူတွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရတဲ့သူတွေနဲ့ ပတ်သက်ပြီး နစ်နာချက်တွေ အပေါ်မှာ အသိအမှတ်ပြုတာ ဝန်ချတောင်းပန်တာ အဲဒီလိုမျိုးအဆင့်မျိုးတွေတော့ ကျနော်တို့ ရှိကိုရှိရမှာဖြစ်ပါတယ်။ နစ်နာတဲ့လူတွေကို ဘယ်လိုမျိုး ကျနော်တို့ ပြန်ပြီးတော့ လုပ်ဆောင်ပေးမလဲဆိုတဲ့ အရာကတော့တော့ ရှိကိုရှိရမှာဖြစ်ပါတယ်။”

မြန်မာနိုင်ငံတဝှမ်း အထူးသဖြင့် စစ်မက်ဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေမှာ နယ်မြေမတည်ငြိမ်မှုတွေနဲ့အတူ တိုက်ပွဲတွေကြား အသက်အန္တရာယ် စိုးရိမ်ကြောက်လန့်လို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ တိုင်းရင်းသားပြည်သူလူထု အပေါ်ကို စစ်တပ် အပါအဝင် လက်နက်ကိုင်တွေဘက်က ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် စစ်မှန်တဲ့တရားမျှတမှု ရစေချင်တယ်လို့ ရှမ်းအခွင့်အရေး မဏ္ဍိုင်က စိုင်းခွန်မိုင်းက ပြောပါတယ်။

“မြန်မာစစ်အစိုးရက ချိုးဖောက်ထားတာ အများကြီးလေ။ IDP ဖြစ်ခဲ့တဲ့ပြည်သူပြည်သားတွေ အားလုံး တရားမျှတစွာ သူတို့အိမ်ကို သူတို့ပြန်နိုင်ဖို့အတွက် ဒါလည်း အမြန်ဆုံးဆောင်ရွက်ပေးပါပေါ့။ နောက်ထပ် အခုဖြစ်နေစဲထဲမှာ မရပ်နိုင်သေးရင်တောင်မှ ဒီလိုနိုင်ငံတကာကနေ ထောက်ပံ့တဲ့ငွေကြေး၊ နောက်ထပ် လှူဒန်းတဲ့ပစ္စည်းတွေလည်း လွတ်လပ်လွယ်ကူစွာ သွားလာနိုင်ဖို့အတွက် ဒါကတော့ အရေးကြီးတယ် IDP အတွက်ပေါ့လေ။ ဆောင်းတွင်းဖြစ်တဲ့အတွက် ဆေးဝါးတွေလည်းလိုတယ်။ ကလေးတွေလည်း ယားနာတဲ့ဟာတွေလည်း အများကြီးရှိတယ်ပေါ့လေ။ ကူညီရလွယ်အောင်လို့ ဒါလည်း အမြန်ဆုံးပို့ပေးစေချင်တယ်၊ ဟုတ်ကဲ့။”

တိုင်းရင်းသားပြည်သူလူထု သာမက မြန်မာနိုင်ငံတွင်း စစ်မှန်တဲ့ ဒီမိုကရေစီ ပေါ်ထွန်းလာရေး မျှတတဲ့ တရားရေး စီရင်မှုရဖို့ အရေးနဲ့ ပညာရေး အလုပ်သမားရေး တောင်းဆို

တိုက်ပွဲဝင်ခဲ့ကြတဲ့ ကျောင်းသား၊ လယ်သမား၊ အလုပ်သမားစတဲ့ တက်ကြွလှုပ်ရှားသူ ဒီမိုကရေစီအင်အားစုတွေအပေါ် စစ်အစိုးရအဆက်ဆက် နှိပ်ကွပ်ဖမ်းဆီးထောင်ချပြီး လူ့အခွင့်အရေး ချိုးဖောက်ခဲ့တာတွေအတွက်လည်း နောင်အနာဂတ်မှာ ဒါမျိုး ထပ်မဖြစ်အောင် ဝိုင်းအဖြေရှာသင့်တယ်လို့လည်း အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံ AAPPB ရဲ့ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောပါတယ်။

“အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာက အတိတ်ကဖြစ်ပျက်ခဲ့တဲ့ မတရားမှုတွေကို တရားသဖြင့် ဖြစ်လာအောင် နောက်ပြီးတော့ အနာဂတ်မှာ ဒီလိုမျိုး မတရားမဲ့ ပြုကျင့်မှုတွေမဖြစ်အောင် တားဆီးတာ၊ ဒါကိုက အဖွဲ့ပေါင်းစုံက ပူးပေါင်းပါဝင်ဆောင်ရွက်ရမှာဖြစ်တယ်။ အဖွဲ့ပေါင်းစုံဆိုတဲ့အခါမှာ အရင်ကျူးလွန်ခဲ့တဲ့သူတွေကော၊ ကျူးလွန်ခံရတဲ့သူတွေကော၊ လက်ရှိ အာဏာရှိတဲ့သူတွေကော ဒီလူတွေအကုန်လုံးပေါင်းစုံပြီးတော့မှပဲ၊ အဖြေတခုခုကို ရှာလို့ရမယ်လို့ ထင်ပါတယ်။ တကယ့် ခိုင်ခိုင်မာမာနဲ့ ကော်မတီတွေ ဖွဲ့ပြီးတော့ စနစ်တကျ ဖြေရှင်းရမယ့်ကိစ္စမျိုးပါ။”

လူ့အခွင့်အရေးလှုပ်ရှားသူ ဦးအောင်မျိုးမင်းကလည်း နောင်လာမယ့် ဒီမိုကရေစီအစိုးရသစ်လက်ထက်မှာ ဒီလိုမျိုး အာဏာပိုင်တွေက ပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ထပ်မလုပ်အောင် ထပ်မဖြစ်အောင် ဖြစ်ခဲ့တဲ့သမိုင်းကို မမေ့အောင် လုပ်ဆောင်ပြသင့်တယ်လို့ အကြံပြုပါတယ်။

“ဒီအမှန်တရားကို ဘယ်လိုပြန်လည်တည်ဆောက်ပြီးတော့ တရားမျှတရေးဘယ်လိုလုပ်ဆောင်မလဲဆိုတဲ့ Truth and Reconciliation အပိုင်းကို ကျနော်တို့က ဒီအတိုင်း တဖက်သက်တော့ လုပ်လို့မရဘူးဗျ။ သူတို့ဖက် က ဒါကို ပြန်ပြီးတော့ အသိအမှတ်ပြုတဲ့ကိစ္စမျိုး ၊သို့မဟုတ် ပြန်လည်ဝန်ချတောင်းပန်ပြီး အတိတ်မှာ မှားယွင်းခဲ့တယ်ဆိုတဲ့ အရာတွေကို ပြောပြတဲ့အရာမျိုး ဒါတွေကတော့ ကျနော်တို့လုပ်ဆောင်သင့်တယ်။ ဒါမှသာ လူ့အခွင့်အရေးချိုးဖောက်ခံရပြီး ကျဆုံးသွားတဲ့လူတွေကို ကျနော်တို့ အသိအမှတ်ပြုရာလုပ်မယ်။ တချိန်တည်းမှာပဲ ဒါတွေနောက်တခါ မဖြစ်ဖို့အတွက် နောက်ထပ် တက်လာမယ့် အစိုးရကိုလည်း အမြဲတမ်း သမိုင်းကို သိရှိဖို့အတွက် သမိုင်းမှာ မှားခဲ့တဲ့အမှားကို မမှားယွင်းဖို့အတွက် အမြဲတမ်း လမ်းညွှန်ဖော်ဆောင်ရာရောက်နေမယ်။ လူတိုင်းကလည်း ကျနော်တို့အားလုံး သဘောပေါက်ပြီးတော့ နောက်ထပ်အစိုးရကိုလည်း စောင့်ကြည့်ရာ ရောက်ရှိပါလိမ့်မယ်။”

မြန်မာနိုင်ငံတွင်း ဒီမိုကရေစီစနစ်ထွန်းကားလာစေဖို့ တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ဆိုတဲ့ မူဝါဒတွေကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က အစဉ်တစိုက် ကိုင်စွဲလာတာပါ။ အခုလို အစိုးရအလွှဲအပြောင်းလုပ်ဖို့ ပြင်ဆင်နေတဲ့ကာလအတွင်းမှာတော့ အရင်ကဖြစ်ခဲ့ တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် ဘယ်လို သဘောထားမလဲဆိုတာနဲ့ ရှေ့ဆက် ဘယ်လိုလုပ်သွားမလဲဆိုတာတွေကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

XS
SM
MD
LG