သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှလမ်းဖွင့်ဖို့ ကရင်ပြည်နယ်စစ်ဆင်


ထိုင်း-မြန်မာနယ်စပ်ကနေ မြန်မာနိုင်ငံထဲကို အသစ်ဖောက်လုပ်ထားတဲ့ အာရှအဝေးပြေး လမ်းမကြီးကို ဇူလိုင်လ ၂၀ ရက်နေ့အမီ ဖွင့်လှစ်နိုင်ဖို့ အတွက် အဲဒီလမ်းတလျှောက်မှာ အခွန်ကောက်နေတဲ့ DKBA တပ်တွေကို ဖယ်ရှားခိုင်းရာကနေ တိုက်ပွဲတွေ ဖြစ်လာရတာ ဖြစ်တယ်လို့ မြန်မာ့တပ်မတော် က ပြောဆိုလိုက်ပါတယ်။

ဇူလိုင်လ ၂ ရက်နေ့က စလာခဲ့တဲ့ ကော့ကရိတ်-မြဝတီလမ်းတလျှောက် DKBA နဲ့ မြန်မာ့တပ်မတော်တို့ရဲ့ တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာကုန်သွယ်ရေး လမ်းကြောင်း ရပ်ဆိုင်းနေပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နားမှာ အခြေစိုက်တဲ့ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသားတပ် DKBA ရဲ့ ကလို့ထူးဝါးစစ်ဒေသရှိရာ နေရာမှာ ပြီးခဲ့တဲ့ တပတ်အတွင်း တိုက်ပွဲတွေ အဓိက ဖြစ်ပွားခဲ့တာပါ။ ဒီကနေ့မှာတော့ တိုက်ပွဲတွေ ငြိမ်သက်နေပါတယ်။

အခုလို တိုက်ပွဲဖြစ်ပွားရတာဟာ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံထဲ ဖောက်လုပ်ထားတဲ့ အာရှလမ်းမသစ်ကို မကြာခင် ဖွင့်လှစ်တော့မှာမို့ ဒီလမ်းမပေါ်မှာ အခွန်ကောက်နေတဲ့ DKBA တပ်တွေကို ရှင်းလင်းရတာ ဖြစ်တယ်လို့ မြန်မာ့တပ်မတော်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ရဲလင်းက ပြောပါတယ်။

“အာရှလမ်းသစ်လို့ အမည်ပေးထားတဲ့ လမ်းကြီးကို သူက လမ်းဖွင့်တော့မယ်။ အဲဒီလမ်းကိုဖွင့်ဖို့အတွက် ကိုယ်တို့တိုင်းမှူးက သွားနေပြီလေ။ လမ်းက ကိုယ်ထင်တယ် ၂၀ ရက်နေ့လောက်မှာ ဖွင့်လိမ့်မယ်။ ရှင်းရှင်းပြောရရင် ဒီအာရှလမ်းပေါ်မှာ ဒီကောင်တွေက ဆက်ကြေးကောက်တယ်။ ဝန်ထုပ်ဝန်ပိုး လာလုပ်နေတာပေါ့ ရှင်းရှင်းပြောရရင်တော့။ မလုပ်ပါနဲ့ လမ်းကြီးက ဖွင့်တော့မှာ အကုန်ဖယ်ပါလို့ ပြောနေတာကို မဖယ်ဘူးလေ။ ဒီလမ်းကြီးက ဖွင့်တော့မှာ။ မဖယ်တော့ မရှင်းလို့မရတော့ ဒီလမ်းကို ရှင်းရတာပေါ့။ ဒါကြောင့် တိုက်ပွဲဖြစ်တာပေါ့လေ အဲဒါပဲ။”

အာရှလမ်းမသစ်ဟာ ကော့ကရိတ်မြို့နယ်နားက DKBA ကလို့ထူးဝါးစစ်ဒေသနား ဖြတ်ဖောက်ထားတာဖြစ်ပြီး သူတို့ ထိန်းချုပ်နယ်မြေမို့ လုံခြုံရေးဂိတ်တွေ ရှိသလို၊ အခွန်ကောက်နေရတာလို့ ဆိုပါတယ်။ မြန်မာ့တပ်မတော်ဘက်က ထပ်ပြီး ထိုးစစ်ဆင်လာရင် သူတို့ဘက်ကလည်း ပြန်လည် တိုက်ခိုက်သွားမယ်လို့ ကလို့ထူးဝါးစစ်ဒေသ ဗျူဟာမှူး ဗိုလ်မှူးချုပ် ကျော်သက်က ဗွီအိုအေကို ပြောပါတယ်။

“ဒီနေ့က တိုက်ပွဲမရှိဘူး။ ဒီနေ့ တိုက်ပွဲငြိမ်နေတယ်။”

မေး။ ။ မြန်မာအစိုးရတပ်တွေက အခု တပ်ချထားတုန်းပဲလား။ ဘယ်လိုအနေအထားတွေရှိလဲ သူတို့တပ်က။

ဖြေ။ ။ “ကော့ကရိတ်-မြဝတီလည်းရှိတယ်။ အာရှလမ်းမှာလည်း သူတို့ရှိတယ်။ တပ်ကလာပစ်ရင်တော့ ပြန်ပစ်ရမှာပေါ့။ ကျနော်တို့နေတဲ့နေရာ လာပစ်ရင်တော့ ပြန်ပစ်တာပေါ့။”

ဇူလိုင်လ ၂ ရက်နေ့ကတည်းက DKBA တပ်တွေနဲ့ မြန်မာ့တပ်မတော်ကြား တိုက်ပွဲတွေဖြစ်လာတာကြောင့် ပြီးခဲ့တဲ့ ၃ ရက်ကစလို့ ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ရပ်ဆိုင်းသွားခဲ့သလို ဒီအတိုင်းသာ နှစ်ဖက်တပ်တွေ ဆက်ပြီး တင်းမာနေဦးမယ်ဆိုရင် မြန်မာနိုင်ငံထဲ ပို့နေတဲ့ ထိုင်းကုန်ပစ္စည်းတွေရော၊ ထိုင်းနိုင်ငံထဲကို ဝင်လာနေတဲ့ မြန်မာကုန်ပစ္စည်းတွေပါ ဈေးတက်လာဖွယ်ရာ ရှိတယ်လို့ ကရင်အမျိုးသား မီဒီယာက ဦးမန်းမျိုးမြင့်က သုံးသပ်ပြောဆိုပါတယ်။

“အဲဒီမှာ နယ်စပ်ကုန်သွယ်ရေးက တိုက်ပွဲစဖြစ်တဲ့နေ့ကနေ စပြီးတော့ လုံးဝပိတ်သွားတာ အခုဆို ၃ ရက် ရှိပြီပေါ့။ ကုန်သည်တွေက ကျနော်တို့ မေးကြည့်တော့ သူတို့ပြောတာက အခုနောက် ၄-၅ ရက် အတောအတွင်းမှာ ထိုင်းကုန်ပစ္စည်းတွေ ပြတ်လပ်မှုနဲ့ နောက်ဆို ထိုင်းကုန်တွေက တက်တော့မယ်၊ ဒီလိုပဲ ပိတ်နေမယ် ဆိုလို့ရှိရင်။ အခုက ထိုင်းကုန်က နယ်ခြားပတ်ဝန်းကျင် ထိုင်းဘက်ခြမ်းက ဂိုဒေါင်တွေထဲမှာပဲ သောင်တင်နေသလို၊ မြန်မာပြည်ဘက်ခြမ်း မြဝတီဘက်ကို ရောက်နေတဲ့ ထိုင်းကုန်ပစ္စည်းကလည်း ဆိုလိုတာက ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် အဲဒီလို သွားလို့မရတော့ဘူး။ သောင်တင်နေတယ်။ အလားတူ မြန်မာပစ္စည်းတွေလည်း အဲဒီလိုပဲ။ မြန်မာပစ္စည်းတွေလည်း ဒီဘက်ထိုင်းဘက် လုံးဝလာလို့ မရတော့ဘူး။ နောက်ထပ် ၃-၄ ရက်က မြန်မာပြည်က ကုန်ပစ္စည်းတွေ လာလို့မရဘူးဆိုရင် မြန်မာကုန်လည်း ပြတ်မှာပဲ။ ဈေးထိုးတက်တာတွေ ဖြစ်မယ်လေ။”

ထိုင်းနိုင်ငံဟာ ထိုင်းမြန်မာနယ်စပ် မဲဆောက်-မြဝတီ ကုန်သွယ်လမ်းကြောင်းကနေ တလကို ဘတ်သန်း ၂ ထောင်ကျော်ကနေ ၃ ထောင် နီးပါးထိ ဝင်ငွေရနေတယ်လို့ နယ်စပ်စီးပွားရေး လေ့လာသူတွေက ပြောပါတယ်။ အခုလို ထိုင်းမြန်မာနယ်စပ် မတည်မငြိမ် ဖြစ်လာပေမဲ့ ကုန်သွယ်ရေးအခြေအနေနဲ့ ပတ်သက်လို့ ထိုင်းဘက်က သိပ်ပြီးစိုးရိမ်မှုမရှိသေးကြောင်း တပ်ခ်ခရိုင်အာဏာပိုင်တွေက သတင်းထောက်တွေကို မနေ့က ခေါ်ယူရှင်းပြခဲ့ပါတယ်။

ဒီအတောအတွင်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပသွားမယ်လို့ မြန်မာအစိုးရက ဒီကနေ့ပဲ ကြေညာလိုက် ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာပဲ မြဝတီနဲ့ ကော့ကရိတ်မြို့တွေကို DKBA တပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်တာမျိုး ရှိခဲ့ပါတယ်။

XS
SM
MD
LG