ယူကရိန်း အစိုးရတပ်ဖွဲ့တွေနဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေအကြား လွန်ခဲ့တဲ့ ၂၄ နာရီ အတွင်း ဖြစ်သွားခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးသွားပါတယ်။ သောကြာနေ့က ဖြစ်သွားခဲ့တဲ့ တိုက်ခိုက်မှုတွေအတွင်း အနည်းဆုံး လူ ၇ ဦးသေဆုံးသွားတယ်လို့ ဒေသခံ အရာရှိတွေက ပြောပါတယ်။ ဒါဟာနှစ်ဆန်းပိုင်းမှာ ရရှိခဲ့တဲ့ အပစ်အခတ် ရပ်စဲရေးသဘောတူညီချက် ပျက်ပြယ် သွားပြီး နောက်ဆုံးဖြစ်တဲ့ တိုက်ခိုက်မှုလဲ ဖြစ်ပါတယ်။
အခု နောက်ဆုံး ဖြစ်သွားတဲ့ တိုက်ခိုက်မှုတွေဟာ ခွဲထွက်ရေးသမားတွေ ထိန်းချုပ် ထားတဲ့ Luhansk နဲ့ Donetsk တို့ ရထားလမ်းနဲ့ ဆက်သွယ်ပေးထားပြီး အရေးပါတဲ့ Debaltseve မြို့မှာ ဖြစ်သွားခဲ့တာပါ။
Donetsk မှာ ဗုံးကျဲ တိုက်ခိုက်မှုတွေ ဖြစ်သွားခဲ့တဲ့အတွက် အနည်းဆုံး လူ ၂၃ ဦး ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ ဆိုပါတယ်။ ယူကရိန်း ပဋိပက္ခမှာ ပါဝင် ပတ်သက်နေတဲ့ အတွက် ရုရှားနဲ့ ခွဲထွက်ရေးအဖွဲ့ ခေါင်းဆောင်တွေအပေါ် အီးယူ ဥရောပသမဂ္ဂက ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုကို ကြာသပတေးနေ့မှာပြုလုပ်တဲ့ အီးယူ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ စည်းဝေးပွဲမှာ နောက်ထပ် ၆ လ သက်တမ်းတိုးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
ဒါ့အပြင် အဲဒီ ပိတ်ဆို့ အရေးယူတဲ့စာရင်းထဲ နောက်ထပ် လူတချို့ကို ဖြည့်စွက်ဖို့ Brussels မြို့မှာ ပြုလုပ်တဲ့ အဲ့ဒီ အီးယူ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ စည်းဝေးပွဲက ဆုံးဖြတ်လိုက်ပါတယ်။