လေးပွင့်ဆိုင် သဘောတူညီမှုနဲ့ လွှတ်တော်ကို တင်သွင်းမယ့် အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဒီကနေ့ နိုင်ငံပိုင် သတင်းစာတွေကနေတဆင့် ပြည်သူအများ သိရှိလေ့လာ အကြံပြုနိုင်ဖို့ ဖော်ပြပါရှိပါတယ်။
သပိတ်မှောက်ကျောင်းသားထုရဲ့ ချီတက်ဆန္ဒပြမှု ကနေ ဖြစ်ပေါ်လာတဲ့ လေးပွင့်ဆိုင်ဆွေးနွေးမှုရဲ့ ရလာဒ်ဖြစ်တဲ့အတွက် လွှတ်တော်မှာ အမြန်ဆုံး ဆွေးနွေး အတည်ပြုနိုင်မယ်လို့လည်း မှန်းဆမှုတွေရှိပါတယ်။ အမျိုးသားပညာရေး ဥပဒေကြမ်း လွှတ်တော်တွင်း တင်သွင်းဆုံးဖြတ်မယ့် နောက်ဆုံးအခြေအနေ မဆုမွန် တင်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ အစိုးရကိုယ်စားလှယ်၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER-National Network for Education Reform) ကိုယ်စားလှယ်တွေနဲ့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ကျောင်းသားကိုယ်စားလှယ်တွေ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုရဲ့ သဘောတူညီချက်နဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ အချောသတ်ရေးဆွဲပြီး ပညာရေးဝန်ကြီးဌာနကတဆင့် လွှတ်တော်ကို တင်ပြဖို့ သဘောတူညီခဲ့တဲ့ အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းဖြစ်ပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာတော့ လွှတ်တော်မှာ မဆုံးဖြတ်ခင် အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်သူအများသိရှိ လေ့လာအကြံပြုနိုင်ဖို့အတွက် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါရှိပါတယ်။ ကျောင်းသားထုရဲ့ တောင်းဆိုချက်နဲ့ ဖြစ်ပေါ်လာတဲ့ ဒီအမျိုးသားပညာရေးဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို လွှတ်တော်မှာ အမြန်ဆုံး ဆွေးနွေး ဆုံးဖြတ်နိုင်ခြေ ရှိတယ်လို့ သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက သုံးသပ်ပါတယ်။
“အခု ကျောင်းသားတွေနဲ့ ဒီသဘောတူညီချက်တွေကို အစိုးရကလည်း ဟုတ်ပြီ ခင်ဗျားတို့ပြောတဲ့အတိုင်း ကျနော်တို့ ဖျက်ပေးမယ်ဆိုပြီးတော့ တင်လိုက်ပြီးတဲ့အခါကျတော့ သူက လွှတ်တော်ကို လွှဲလိုက်တဲ့အခါမှာ လွှတ်တော်ကလည်း လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောဆန္ဒက ဘယ်လိုရှိမလဲ ဆိုတာကိုလည်း ထည့်စဉ်းစားရတာပေ့ါ။ အခုကိစ္စမှာကတော့ ကျောင်းသားတွေဘက်ကလည်း သူတို့တောင်းဆိုချက်တွေ မရရင် ဆက်ပြီး သပိတ်မှောက်မယ်၊ ဘာမယ်ဆိုတာတွေ ရှိတဲ့အခါကျတော့ လွှတ်တော်ဘက်ကလည်း တော်တော်တန်တန်တော့ ပယ်လိမ့်မယ်လို့တော့ မထင်ပါဘူး။ ဒီလွှတ်တော်ကိုယ်စားလှယ်တွေက အကျိုးနဲ့အကြောင်းနဲ့ ထောက်ပြ ဆွေးနွေးပြီးတော့ ထပ်ပြီး ပြင်တာ၊ ဖြုတ်တာတော့ လုပ်မယ်ပေါ့ ဒါ လုပ်ထုံးလုပ်နည်းအရပေါ့နော်။”
ပညာရေးဝန်ကြီးဌာနက တင်သွင်း၊ သမ္မတ လက်မှတ်ရေးထိုးပြီးတော့ ပြည်ထောင်စု လွှတ်တော်မှာ ပြဋ္ဌာန်းပြီးဖြစ်တဲ့ အမျိုးသားပညာရေး ဥပဒေကို ပြန်လည်ပြင်ဆင်တဲ့ ဒီဥပဒေကြမ်းကို အခုလို အများပြည်သူသိရှိအောင် ထုတ်ပြန်တဲ့အခါ မူရင်းပြဋ္ဌာန်းပြီး အမျိုးသား ပညာရေးဥပဒေနဲ့ ယှဉ်ပြီးတော့ ဖော်ပြသင့်သလို ဒီဥပဒေကြမ်း ပြင်ဆင်ချက်အတွက် သတင်းစာထဲ ကြေညာရေးသားမှုတွေကလည်း ရှင်းလင်းမှုှရှိသင့်တယ် လို့လည်း NNER ဘက်က ဦးဆောင်တင်သွင်းခဲ့သူ ဒေါက်တာ ဒေါ်ညိုညိုသင်း က ပြောပါတယ်။
“မူလ ပညာရေးဥပဒေကိုလည်း ချပြသင့်တာပေါ့နော်။ ဒါမှ ကျမတို့က ပြင်ဆင်တဲ့ဥပဒေကြမ်းကို မူလဥပဒေမသိဘဲနဲ့ နည်းဥပဒေကြီးပဲ ကြည့်ပြီး ပြောမယ်ဆိုရင်တော့ပေါ့နော် နည်းနည်း အဓိပ္ပါယ်မှားပြီးတော့ ကောက်ယူနိုင်စရာ အကြောင်းတွေ ရှိတယ်လေ။ မူလဥပဒေကိုလည်း သတင်းစာထဲမှာထည့်ပြီးတော့ ကြော်ငြာသင့်တယ်လို့ ကျမကတော့ ထင်တယ်လေ။ ဒီ ၁၄ ရက်နေ့ လေးပွင့်ဆိုင် သဘောတူညီချက်လည်းဖြစ်သည့် တခါ ကျမတို့ ၁၅ ရက်နေ့မှာ ထပ်ပြီးတော့ working group က အလုပ်လုပ်ပြီးတော့ ကျမတို့ ၃ ယောက် ကိုယ်တိုင် လက်မှတ်ရေးထိုးပြီးတော့ အတည်ပြုထားတဲ့ ဥပဒေကြမ်းဆိုပြီး သူတို့ ပြောလို့ပါ။ မြန်မာစာလေး မချောလို့ နည်းနည်းလေး အထင်မှားစရာ ဖြစ်နေတာပါ။”
လွှတ်တော်တွင်းမှာ တင်သွင်းပြီး ဆွေးနွေးဆုံးဖြတ်ကြမယ့် မူကြမ်းတွေကို အခုလိုအများပြည်သူ သိရှိအကြံပြုနိုင်အောင် သတင်းစာတွေမှာ ဖော်ပြပေးတဲ့အတွက် ရန်ကုန်မြို့ခံ ဦးမောင်မောင် က ကြိုဆိုပါတယ်။
“ကျနော်တို့က ဒါကိုတော့ အကောင်းမျှော်လင့်တယ်ပေါ့ ဆရာမရယ်၊ ဘာလို့လဲဆိုတော့ ဘာမှ မလုပ်ဘဲ နေနေတာမှ မဟုတ်ဘဲလေနော်။ အကောင်းဆုံးဖြစ်အောင်တော့ လုပ်ကြလိမ့်မယ်လို့ ကျနော်တို့တော့ မျှော်လင့်ပါတယ်။”
အမျိုးသားပညာရေးဥပဒေ ပြန်လည်ပြင်ဆင်တဲ့ဥပဒေကို လွှတ်တော်တွင်း တင်သွင်းဆုံးဖြတ်ဆွေးနွေးကြမယ့် ရလာဒ်အဖြေကို ကျောင်းသူ ကျောင်းသားတွေနဲ့ အများပြည်သူက စောင့်စားနေတဲ့ချိန် လွှတ်တော်တွင်း ဖြတ်သန်းရမယ့် အဆင့်ဆင့်ကို ဦးရဲထွန်းက အခုလိုရှင်းပြပါတယ်။
“ပြည်သူ့လွှတ်တော်မှာ စတင်ပြီး ဆွေးနွေးပြီးရင် တခါ အမျိုးသားလွှတ်တော်ပို့တယ်၊ တခါ အမျိုးသားလွှတ်တော်က ပြည်သူ့လွှတ်တော်ရဲ့ သဘောထားမှတ်ချက်တွေ ကြည့်လိုက်တဲ့အခါ သဘောတူတယ်ဆိုရင်တော့ လွှတ်တော် ၂ ရပ်လုံးက သဘောတူတဲ့အတွက်ကြောင့်မို့ ပြည်ထောင်စုလွှတ်တော်ကလည်း သဘောတူတယ်လို့ အဓိပ္ပါယ်သက်ရောက်ပြီးတော့ သူက အဲ့ဒါကို ပြည်ထောင်စုလွှတ်တော်အနေနဲ့ သမ္မတဆီ ပို့လို့ရတယ်။ တကယ်လို့ သဘောကွဲလွဲမှု ရှိရင်တော့ အမျိုးသားလွှတ်တော်ကနေ ပြည်သူ့လွှတ်တော်ကို တခါ ပြန်ပို့ရတယ်။ ပြန်ပို့တဲ့အခါမှာ ပြည်သူ့လွှတ်တော်က ကြည့်လိုက်တယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက ဟာ အမျိုးသားလွှတ်တော်က ပြင်ဆင်ထားတဲ့ဟာတွေက မှန်တယ်။ လက်ခံတယ်ဆိုရင်တော့ ကျနော်တို့ ပြည်သူ့လွှတ်တော်ကလည်း သဘောတူတယ်ဆိုရင် လွှတ်တော် ၂ ရပ် သဘောကွဲလွဲမှု မရှိဘူးပေါ့နော်။ ရှိတယ်ဆိုရင်တော့ ပြည်ထောင်စုလွှတ်တော်မှာ တခါ ပြန်ဆုံရမယ်။ ဥပဒေကြမ်းကော်မတီက သုံးသပ်၊ သုံးသပ်ပြီးရင် သူတို့ရဲ့ သဘောထားမှတ်ချက်တွေနဲ့ လွှတ်တော်ဘက်ကို ပြန်ရောက်၊ ပြန်ရောက်ပြီးလို့ရှိရင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေက မဲခွဲဆုံးဖြတ်ပေါ့။ နည်းနည်းတော့ကြာတယ် ဒီဥစ္စာကတော့။”
အခု ပြန်လည်ပြင်ဆင်ဖို့ တင်သွင်းတဲ့ အမျိုးသားပညာရေး ဥပဒေပြင်ဆင်တဲ့ ဥပဒေကြမ်းထဲမှာ အမျိုးသားပညာရေး၊ ကျောင်းပညာရေးစတဲ့ သုံးနှုံးမှုတွေအပေါ် အစားထိုးပြင်ဆင်ချက်၊ ဒီမိုကရေစီ ပညာရေး လွတ်လပ်ခွင့်ကို အာမခံနိုင်ခြင်း၊ ကျောင်းသားသမဂ္ဂများ၊ ဆရာသမဂ္ဂများနှင့် အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းလှုပ်ရှားပိုင်ခွင့်၊ မိခင်ဘာသာ၊ မြန်မာဘာသာနဲ့ အင်္ဂလိပ်ဘာသာစကားတို့ဖြင့် သင်ကြားခွင့် အပါအဝင် အလွတ်ကျက် အလွတ်ဖြေစနစ်ကို ဖျက်သိမ်းပြီး သုတေသန လုပ်ဆောင်ချက်နဲ့ အခြေခံစစ်ဆေးသင့် စတာတွေနဲ့ အခမဲ့ မသင်မနေရ စနစ်၊ မသန်စွမ်းသူများ အများနည်းတူ တန်းတူသင်ကြားခွင့်၊ ပညာရေးစနစ် စီမံခန့်ခွဲမှု၊ ပညာရေးအသုံးစရိတ်ကို ၅ နှစ်အတွင်း တနိုင်ငံလုံး အသုံးစရိတ်ရဲ့ ၂၀ ရာခိုင်နှုန်း အနည်းဆုံး သုံးစွဲခွင့် စတာတွေနဲ့ အစားထိုး ပြင်ဆင် ထည့်သွင်းထားတာ ဖြစ်ပါတယ်။