သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသွင်ပြောင်း ပိုလီယို မြန်မာမှာတွေ့


ခရိုင် ကျန်းမာရေးဦးစီးဌာနမှ ကာကွယ်ဆေးအသစ် (ပိုလီယိုကာကွယ်ဆေး) ထိုးနှံခြင်း။ သတင်းဓာတ်ပုံ-မြန်မာ့အလင်း ပြန်ကြားရေးဝန်ကြီးဌာန။
ခရိုင် ကျန်းမာရေးဦးစီးဌာနမှ ကာကွယ်ဆေးအသစ် (ပိုလီယိုကာကွယ်ဆေး) ထိုးနှံခြင်း။ သတင်းဓာတ်ပုံ-မြန်မာ့အလင်း ပြန်ကြားရေးဝန်ကြီးဌာန။

ပြီးခဲ့တဲ့နှစ်က ပိုလီယို ကင်းရှင်းတဲ့ နိုင်ငံ အဖြစ် ကြေညာထားတဲ့ မြန်မာနိုင်ငံမှာ အသွင်ပြောင်း ပိုလီယို ရောဂါပိုး တွေ့ရှိရတဲ့ အကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက တရားဝင် ကြေညာလိုက်ပါတယ်။ ဒီနှစ်အတွင်း အသွင်ပြောင်း ပိုလီယို ရောဂါပိုး ကူးစက်ခံရသူ ၂ ဦး တွေ့ရှိထားရပြီး နောက်မှာတော့ နိုင်ငံတဝန်း ပိုလီယို ကာကွယ်ဆေး တိုက်ကျွေးမှုကို အရှိန်မြှင့် ဆောင်ရွက်ကြဖို့နဲ့ ပိုလီယို ကူးစက်မှု မရှိရေး အတွက် ကာကွယ်ဆေး စနစ်တကျ တိုက်ကျွေးကြဖို့ ကျန်းမာရေး ဆိုင်ရာ ကျွမ်းကျင်သူတို့က တိုက်တွန်းပါတယ်။ အသွင်ပြောင်း ပိုလီယို ကူးစက်မှု မဖြစ်အောင် ဘာတွေ သတိထားဖို့ လိုအပ်မလဲ ဆိုတာကိုတော့ မသိင်္ဂ ီထိုက် စုစည်းတင်ပြ ထားပါတယ်။

လက်ရှိ တိုက်ကျွေးနေတဲ့ ပိုလီယို ကာကွယ်ဆေးတွေကနေ တဆင့် ဖြစ်ပေါ်လာတဲ့ အသွင်ပြောင်း ပိုလီယို ရောဂါက ပိုလီယိုရောဂါ အရိုင်းပိုး အတိုင်းဘဲ ကူးစက်ခံရသူကို အန္တရာယ် ဖြစ်စေပြီး အခုနောက်ပိုင်း ပြောင်းလဲလိုက်တဲ့ ပိုလီယို ရောဂါ ကာကွယ်ဆေး ထိုးဆေးသစ်ကတော့ အသွင်ပြောင်း ပိုလီယို မဖြစ်စေဘူးလို့ မြန်မာနိုင်ငံ ဆရာဝန် အသင်းရဲ့ အတွင်းရေးမှူးဆေးတက္ကသိုလ် (၁) ကလေး ကျန်းမာရေး နဲ့ ပညာဌာန အငြိမ်းစား ဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်းက ပြောပါတယ်။

"အသွင်ပြောင်း ပိုလီယို ဗိုင်းရပ်စ်ဆိုတာ ဘာလဲဆိုတော့ ဒီကာကွယ်ဆေးက ရသော ပိုလီယိုပေါ့နော်။ အဲ့တာတွေက ကြိုကြား ကြိုကြား တကမ္ဘာလုံးမှာ ဖြစ်ပါတယ်။ တကမ္ဘာလုံးမှာ ဒီနှစ်ဆို ၁၇ယောက် လောက်ရှိမှာပေါ့။ အဲ့ဒီ့အထဲက ကျနော်တို့က ဒီနှစ်မှာ နှစ်ယောက်လောက်ရှိသွားတယ်။ ဒီနှစ်မှာ။ အသွင်ပြောင်း ပိုလီယိုကတော့ ပိုလီယို ရောဂါဖြစ်ရင် တကယ့်ပိုလီယိုလိုပဲ ကလေးက ခြေလက်မသန် တာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူကနေ ဒီ့ပြင်ကူးမယ့် ကလေးတွေမှာတော့ ကာကွယ်ဆေးတွေ ထပ်တိုက်လိုက်လို့ရှိရင် သက်သာသွားတယ်ပေါ့နော်။ ဒါကြောင့်လဲ ကျနော်တို့က အခုအချိန်မှာ ထိုးဆေးပါ ထည့်ထားတာဖြစ်ပါတယ်။ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးတဲ့အချိန်မှာ ပိုလီယို ထိုးဆေးပါ ထည့်တယ်။ ပိုလီယိုထိုးဆေးကတော့ တစ်၊ နှစ်၊ သုံးပေါ့နော်။ ပိုလီယို ပိုး သုံးမျိုးစလုံးပါတယ်။ သူကတော့ အသေပေါ့။ သူကတော့ ပိုးကိုသေအောင်သတ်ပြီးမှ ထိုးတာဆိုတော့ ခုနက ပြောတဲ့ အသွင်ပြောင်း ပိုလီယို မဖြစ်နိုင်ဘူး။ "

ပိုလီယို ကာကွယ်ဆေး တိုက်ကျွေးထားသူ ကလေးငယ်တွေရဲ့ မစင်ကနေ တဆင့် ကူးစက် ဖြစ်ပွားတဲ့ အသွင်ပြောင်း ပိုလီယို ကူးစက်မှုကနေ ကာကွယ်နိုင်ဖို့ အတွက် ကြိုတင်ကာကွယ်နိုင်တဲ့ အခြေအနေကိုလည်း မြန်မာနိုင်ငံ ဆရာဝန် အသင်းရဲ့ အတွင်းရေးမှူးဆေးတက္ကသိုလ် (၁) ကလေးကျန်းမာရေး နဲ့ ပညာဌာန အငြိမ်းစား ဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်းက အခုလို ပြောပါတယ်။

" ဆောင်ရန်၊ ရှောင်ရန်ကတော့ ပိုလီယိုက ဒီ ရေကနေ ကူးစက်တာပေါ့နော်။ ပိုလီယိုပိုးရှိတဲ့သူက ဝမ်းသွားတဲ့အထဲမှာ ပိုးပါသွားမယ်။ အဲ့ဒီ့ပိုးက တနည်းနည်းနဲ့ ကျန်တဲ့သူရဲ့ အစားအသောက်ထဲကို ဝင်သွားတယ်ဆိုရင် ကူးစက်နိုင်တယ်ပေါ့။"

မြန်မာနိုင်ငံတွင်းမှာ တွေ့ရတဲ့ အသွင်ပြောင်း ပိုလီယို ရောဂါပိုး ကူးစက်ခံရမှုဟာ နယ်စပ် ဖြတ်ကျော် ကူးစက်တာ ဖြစ်နိုင်သလို မြန်မာနိုင်ငံတွင်းက မတည်မငြိမ် ဖြစ်တဲ့ ဒေသတွေမှာ ကာကွယ်ဆေး တိုက်ကျွေးမှု လစ်ဟင်းရ တာတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ ပါမောက္ခ ဒေါက်တာ စောဝင်း က ပြောပါတယ်။

"တခါတလေကျတော့လည်း ဘာဖြစ်တတ်လဲဆိုတော့ ကျနော်တို့ဘက်က မဟုတ်ပဲနဲ့ တဖက်နိုင်ငံက ဝင်လာတာလည်း ဖြစ်နိုင်တယ်။ အဲ့တော့ အရေးကြီးတာ ဘာလဲဆိုတော့ ကျနေ်ာတို့ routine immunization လို့ခေါ်တဲ့ ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးတာပေါ့။ ဒါပေမဲ့ ရခိုင်ဘက်က တချို့နေရာတွေမှာတော့ conflict areas လူမျိုးရေး နိုင်ငံရေး မတည်ငြိမ်မှုကြောင့် သွားမတိုက်နိုင်တဲ့ နှုန်းတွေ နည်းနည်းကျတာရှိပါတယ်။"

ပိုလီယို ကူးစက်ခံရမှု ၃ နှစ်တိတိ ကင်းရှင်းခဲ့ပြီးနောက် ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကမှ မြန်မာနိုင်ငံ ဟာ ပိုလီယိုရောဂါ အရိုင်းပိုး လုံး၀ ကင်းရှင်းတဲ့ နိုင်ငံ အဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက အသိအမှတ်ပြုထားတာ ဖြစ်ပါတယ်။ ဒီအခြေအနေကို ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ အတွက် ၂၀၁၆ ခုနှစ် ဧပြီလကုန်မှာ ပိုလီယို ကာကွယ်ဆေးသစ်ကို ပြောင်းလဲ သုံးစွဲသွားမယ်လို့ မြန်မာ့ ကျန်းမာရေး ဝန်ကြီးဌာနကလည်း ကြေညာထားပါတယ်။

ဒါ့အပြင် ပိုလီယို ကာကွယ်ဆေးကနေ တဆင့် ဖြစ်လာတဲ့ အသွင်ပြောင်း ပိုလီယို တွေ့ရှိရတဲ့ အခြေအနေတွေကိုလည်း ကြာသပတေးနေ့မှာ ကျန်းမာရေး ဝန်ကြီးဌာနက ပြည်သူကို အကျယ်တဝင့် ရှင်းလင်း ပြောကြားဖို့ ရှိနေပါတယ်။

XS
SM
MD
LG