သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရသစ် ဖွဲ့စည်းပုံ အဆိုပြုချက် လွှတ်တော်တွင်း ဆွေးနွေး


သမ္မတသစ် ဦးထင်ကျော် ပထမဆုံးအကြိမ် ပြည်ထောင်စု လွှတ်တော်ကို တက်ရောက်။ (မတ် ၁၈၊ ၂၀၁၆)
သမ္မတသစ် ဦးထင်ကျော် ပထမဆုံးအကြိမ် ပြည်ထောင်စု လွှတ်တော်ကို တက်ရောက်။ (မတ် ၁၈၊ ၂၀၁၆)

ပြည်ထောင်စုလွှတ်တော်ကနေ ရွေးချယ် တင်မြှောက်လိုက်တဲ့ အရပ်သားသမ္မတသစ် ဦးထင်ကျော်ကနေ အစိုးရဖွဲ့စည်းပုံ လွှတ်တော်ကို အဆိုပြုတင်သွင်းထားရာမှာ၊ ဒီကနေ့ လွှတ်တော်မှာ ဒီအဆိုပြုချက် အပေါ် ဆွေးနွေးခဲ့ကြပါတယ်။ ရွေးချယ်ခံ ထားရတဲ့ သမ္မတ ဦးထင်ကျော်ကိုယ်တိုင်လည်း လွှတ်တော်ကို ပထမဆုံးအကြိမ် တတ်ရောက်နားထောင်ခဲ့ပြီး၊ လာမယ့် တနင်္လာနေ့ကျရင်တော့ လွှတ်တော်မှာ သူ့အဆိုပြုချက် အပေါ် ရှင်းလင်းဆွေးနွေးဖို့ရှိနေပါတယ်။ အဆိုပြုထားတဲ့ အစိုးရသစ် ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ လွှတ်တော်တွင်း ဒီကနေ့ ဆွေးနွေးခဲ့တာတွေကို ဗွီအိုအေ သတင်းထောက် မမေခ သတင်းပေးပို့ထားပါတယ်။

သမ္မတသစ် တက်ရောက်တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး။ (မတ်လ ၁၈၊ ၂၀၁၆)
သမ္မတသစ် တက်ရောက်တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး။ (မတ်လ ၁၈၊ ၂၀၁၆)

မနေ့က နိုင်ငံတော်သမ္မတသစ်က လာမယ့် အစိုးရသစ်လက်ထက်မှာ ဝန်ကြီးဌာန ၂၁ခု သာ ထားရှိဖို့ တင်ပြခဲ့တာကို ဒီကနေ့ လွှတ်တော်မှာ ဆွေးနွေးခဲ့တာမှာ လွှတ်တော် ကိုယ်စားလှယ် အများစုက ဒီလို ဝန်ကြီးဌာနတွေ ပေါင်းတာကို ကြိုဆိုကြပါတယ်။ ဒီလိုဆွေးနွေးမှုမှာ လျော့ချပေါင်းစည်းလိုက်တဲ့ ဝန်ကြီးဌာနတွေမှာ ရှိနေတဲ့ ဝန်ထမ်းတွေရဲ့အနာဂတ်ကိုသေချာစွာ တင်ပြပေးဖို့ လွှတ်တော်အမတ် အချို့က တင်ပြခဲ့တာတွေလည်းရှိခဲ့ပါ တယ်။

NLD ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်သူကတော့ ဒီလိုဝန်ကြီးဌာနတွေပေါင်းလိုက်တာကြောင့် အသုံးစရိတ်တွေလျော့ချ လာနိုင်တယ်လို့ အခုလို တင်ပြခဲ့ပါ်တယ်။

" ပေါင်းစပ်ဖွဲ့စည်းတဲ့အတွက် လုပ်ငန်းများကို ဆောင်ရွက်တဲ့နေရာမှာ ထိရောက်ခြင်းနှင့် စွမ်းဆောင်ရည်မြင့်မားခြင်း လုပ်ငန်း အကောင် အထည်ဖော် ဆောင်ရွက်ခြင်း အတွက် ကြာမြင့်တဲ့ အချိန်ကာလ ကို လျှော့ချနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးများကို ရရှိမှာဖြစ်ပါတယ်။ လျှော့ချခဲ့တဲ့ ဝန်ကြီးဌာနမှာ ရှိတဲ့ ရာထူးများအတွက် အသုံးပြုနေတဲ့ လစာစရိတ်၊ အဆောင်ယောင်စရိတ်နဲ့ အသုံးစားရိတ် စတာတွေကိုလျှော့ချနိုင်မှာဖြစ်ပြီး ယင်းစရိတ်များကို အများပြည်သူအကျိုးအတွက် ပိုမိုသုံးစွဲနိုင်မှာလည်း ဖြစ်ပါတယ်။ "

ဝန်ကြီးဌာနတွေ လျော့ချတာမှာ လုပ်ငန်းသဘောသက်ဆိုင်ရာဝန်ကြီးဌာနတွေကို တခုထဲပေါင်းစည်းသွားမှာ ဖြစ်တာကြောင့် ဝန်ထမ်းအရေအတွက် မလျော့ချဘူး လို့လည်း NLD ပါတီက ဦးထွန်းထွန်းဟိန်က ပြောဆို ထားပါတယ်။

" ဝန်ထမ်းတွေကို ဖြုတ်ပစ်စရာမရှိပါဘူး။ ဝန်ထမ်းတွေကို ကျနော်တို့ တချို့ ကဏ္ဍမရှိတော့တဲ့ ဟာတွေဆို ကဏ္ဍတွေ ပြောင်းဖို့တော့ လိုမှာပေါ့။ စုပြီးထားမယ် လို့တော့ ကျနော်မကြားဘူး။ ဒါပေမဲ့ ယတိပြတ်ကြီးတော့ ပြောလို့ မရသေးဘူး။"

ဒီလိုဝန်ကြီး ဌာနတွေလျော့လိုက်တဲ့ အတွက် ဌာနတခုချင်းဆီ အလိုက် ထားရှိ ကုန်ကျရတဲ့ ငွေကြေးပိုင်းလည်း အတော်သက်သာသွားမှာပါ။ လက်ရှိမှာ ဝန်ကြီး တဦး လစာ သိန်း ၃၀၊ ဒုဝန်ကြီးတဦး လစာ သိန်း ၂၀ ကို နိုင်ငံ တော်က ပေးနေရပြီး အခြားသော အဆောင်အယောင်တွေဖြစ်တဲ့ အိမ်ကားစတဲ့ အဆောင်အယောင် တွေ အတွက် လည်း နိုင်ငံတော်က ကျခံရတဲ့ စရိတ်တွေရှိပါတယ်။

ဒီစရိတ်တွေအတော်ကိုသက်သာသွားမှာပါ။ လက်ရှိ ထားရှိမယ့် ဝန်ကြီးဌာန ၂၁ခုမှာ ၁၈ခုက သမ္မတသစ် ဦးထင်ကျော်က ခန့်အပ်မှာဖြစ်ပြီး ကျန် ၃ခုဖြစ်တဲ့ ကာကွယ်ရေး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနနဲ့ ပြည်ထဲရေး တို့က ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်သွားမှာ ဖြစ်ပါတယ်။ လာမယ့်တနင်္လာနေ့မှာ ဒီလျော့ချ ပေါင်းစည်းလိုက်မှု အပေါ် သမ္မတသစ် ဦးထင်ကျော်က လွှတ်တော်မှာ ရှင်း လင်းသွားမှာ ဖြစ်ပါတယ်။

XS
SM
MD
LG