သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်ကြီးဉာဏ်ထွန်း ဒုသမ္မတအဖြစ် ကျမ်းသစ္စာဆို


လစ်လပ်သွားတဲ့ ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦး နေရာမှာ ရေတပ် ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းကို ဒုသမ္မတအဖြစ် သြဂုတ်လ ၁၅ ရက်နေ့ မနက်ပိုင်းမှာပဲ ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်က အသိပေးကြေညာပြီး တပါတည်း ကျမ်းသစ္စာ ကျိန်ဆိုပေးခဲ့ပါတယ်။
လစ်လပ်သွားတဲ့ ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦး နေရာမှာ ရေတပ် ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းကို ဒုသမ္မတအဖြစ် သြဂုတ်လ ၁၅ ရက်နေ့ မနက်ပိုင်းမှာပဲ ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်က အသိပေးကြေညာပြီး တပါတည်း ကျမ်းသစ္စာ ကျိန်ဆိုပေးခဲ့ပါတယ်။
မြန်မာအစိုးရအဖွဲ့ထဲမှာ လစ်လပ်နေတဲ့ ဒုသမ္မတနေရာမှာ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းကို ဒီကနေ့ပဲ အစားထိုး ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။ အမေရိကန်နဲ့ အင်္ဂလန်တွေမှာ ပညာသင်ကြားခဲ့တဲ့ ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းကို ဒုတိယသမ္မတအဖြစ် အခုလို ခန့်လိုက်တာဟာ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ပြေလည်ရေးအတွက် လက်ရှိအစိုးရက ဦးစားပေး စဉ်းစားပုံ ရတယ်လို့ မြန်မာ့တပ်မတော်အကြောင်းကို အနီးကပ် လေ့လာနေတဲ့ သူတွေက သုံးသပ်ပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပါမယ်ရှင်။

ဟုတ်ကဲ့ပါ။ ကျန်းမာရေးကြောင့် ရာထူးက အနားယူသွားတဲ့ ဒုသမ္မတ ဦးတင်အောင်မြင့်ဦး နေရာမှာ ရေတပ် ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းကို ဒုသမ္မတအဖြစ် သြဂုတ်လ ၁၅ ရက်နေ့ မနက်ပိုင်းမှာပဲ ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်က အသိပေးကြေညာပြီး တပါတည်း ကျမ်းသစ္စာ ကျိန်ဆိုပေးခဲ့တာပါ။

ဒုသမ္မတအဖြစ် ရွေးချယ်ခံလိုက်ရတဲ့ ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းဟာ မြန်မာ့တပ်မတော်မှာ အစဉ်အလာအားဖြင့် သြဇာကြီးတယ်လို့ သတ်မှတ်ထားတဲ့ ကြည်းတပ်က လာတာမဟုတ်ဘဲ ရေတပ်က လာတာဖြစ်ပေမယ့် သူဟာ အမေရိကန်၊ အင်္ဂလန် စတဲ့ အနောက်နိုင်ငံတွေမှာ ပညာသွားသင်ဘူးသူ ဖြစ်ပြီး ကြည်းတပ်က လာတဲ့ အရာရှိတွေထက်စာရင် နိုင်ငံတကာ ဆက်ဆံရေးမှာ အတွေ့အကြုံရှိတဲ့သူဖြစ်တယ်လို့ NDD ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု သုတေသနဌာနက ဦးဌေးအောင်က သုံးသပ်ပါတယ်။

“ရေတပ်တို့ လေတပ်တို့ဆိုတာ ယေဘူယျပြောမယ်ဆိုရင်တော့ နည်းနည်းပေါ့ဗျာ။နိုင်ငံတကာနဲ့အဆက်အစပ်လည်းရှိတယ်။ နောက် ပညာလည်း တတ်ကြတယ်ပေါ့နော် အဲ့လိုလူတွေထဲကကို ခု ခန့်တယ်ဆိုတော့ ကျနော်မြင်တာကတော့ နိုင်ငံတကာနဲ့ဆက်ဆံရေးမှာ ပိုပြီးတော့ကောင်းလာမယ်လေ လေတပ် ရေတပ်အရာရှိတွေက များသောအားဖြင့် စစ်ဦးစီးတက္ကသိုလ်တို့ ဘာတို့တက်လို့ရှိရင် အမေရိကန်တို့ အင်္ဂလန်တို့မှာ သွားတက်ကြတာများတယ် ပြီးတော့လည်း သူတို့က ပြည်တွင်းက စစ်မြေပြင်တွေမှာပဲနေနေ ရတာမျိုးမဟုတ်ဘူးလေ။ ဒီရေတပ်ဆိုတော့ အိမ်နီးခြင်းနိုင်ငံတွေနဲ့ ပူးတွဲလုပ်တဲ့ စစ်ရေးလေ့ကျင့်မူတွေမှာလည်း ပါတယ်။ နောက်တစ်ခုကလည်း နိုင်ငံတကာခရီးစဉ်တွေ ရှိတယ်ဆိုတော့ သူတို့က နိုင်ငံတကာ အတွေ့အကြုံလည်းရှိတယ် အမြင်လည်း ကျယ်မယ်လို့ ယူဆရတာပေါ့နော် ”

တကယ်တော့ လက်ရှိ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့အစိုးရဟာ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ပြေလည်အောင် မူဝါဒတွေ ချမှတ်လုပ်ဆောင်လာတဲ့ တချိန်တည်းမှာပဲ အမေရိကန်လို အနောက်နိုင်ငံတွေမှာ ပညာသင်လာတဲ့သူတွေကိုလည်း အစိုးရအဖွဲ့အတွင်းမှာ ပိုပြီး အသုံးပြုလာတာကို ကြည့်ခြင်းအားဖြင့် လက်ရှိ သူတို့သွားနေတဲ့ နိုင်ငံရေးလမ်းစဉ်နဲ့ အံဝင် ဂွင်ကျဖြစ်မယ့်သူကို ရွေးချယ်တာမျိုးလည်း ဖြစ်နိုင်တယ်လို့ တရုတ်-မြန်မာ နယ်စပ်အခြေစိုက် မြန်မာ့စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက သုံးသပ်ပါတယ်။

“ အခုမြန်မာအစိုးရက American trained တချို့ကို သုံးနေတာတော့ ဗိုလ်ချုပ်စိုးသိမ်းတို့ ၊ ကိုလှဌေးဝင်းတို့က အမေရိကန်ထရိမ်းတွေပေါ့။ အခုလည်း အမေရိကန် ထရိမ်း တစ်ယောက်ကို တင်တယ် ဆိုတာ ကတော့ အမေရိကန်ကို မျက်စပစ်တဲ့ သဘောပေါ့။ ပြည်တွင်း အချက်အလက်လည်း ရှိတော့ရှိတယ်။ အဓိကကတော့ အမေရိကန်အစိုးရကို မျက်စပစ်တဲ့ သဘောလည်း ပါပါတယ်။ ကျနော်ထင်တာ။ သူ ပြီးတော့ ကျနော်ထင်တာကတော့ အမှန် ကိုဉာဏ်ထွန်းဟာ သိပ်တော့ eligible မဖြစ်လောက်ဘူးဗျ။ တကယ်တော့ မြန်မာအစိုးရဖက်က စဉ်းစားရင် ကိုသိန်းစိန် မတော်တဆ တခုခုဖြစ်သွားရင် သမ္မတအနေနဲ့ တက်ပြီး လုပ်နိုင်ကိုင်နိုင် လောက်တဲ့ အရည်အချင်းတော့ သိပ်ရှိပုံမရဘူးဗျ။ ဒီလောက်တော့မရှိပါဘူး။ ပြီးတော့ တပ်မတော်ရဲ့ အစဉ်အလာအရဆိုရင် Navy ဆိုတော့လည်း တပ်ကို ဒီလောက် သြဇာကြီးလှမှာ မဟုတ်ပါဘူး။ Navy က ကာကွယ်ရေးဦးစီးချုပ်ကို လွှမ်းမိုးနိုင်လောက်အောင်လည်း အခြေအနေမရှိဘူးလေ။ မြန်မာစစ်တပ်ရဲ့အစဉ်အလာအရ ပြောမယ်ဆိုလို့ရှိရင် အဲ့တော့ ကျနော်ထင်တာကတော့ သူတို့အခြားအကြောင်းထက်ပေါ့နော် American Trained ဖြစ်တာရယ် ကျနော်ဟိုတုန်းက ထင်သလိုပေါ့နော်၊ ကိုသိန်းစိန်မရှိတော့ရင် သိန်းစိန်နေရာကို ကိုင်နိုင်လောက်တဲ့ နည်းနည်း Strong ဖြစ်တဲ့လူကို ထားဖို့ဆိုတာ သိပ်တော့လည်း ဉာဏ်ထွန်းတို့က သိပ်တော့ မကိုက်ညီလောက်ဘူး ထင်တယ်ဗျ။ လူကတော့ ခပ်ပျော့ပျော့ပဲ။ ပြီးတော့ Navy ကလာတယ်ဆိုတော့ သိပ်ပြီးတော့ admin ကို ကိုင်နိုင်တဲ့သဘောမရှိဘူး။ တစ်ဦးချင်း သူ့အကြောင်းကို ကျနော်တို့ လိုက်မေးတဲ့အခါ တပ်ထဲမှာ သိပ်ပြီး ဆိုးဆိုးဝါးဝါးမဟုတ်ဘူး။”

ဦးအောင်ကျော်ဇော သုံးသပ်ပြခဲ့တာပါ။ အမေရိကန်နဲ့ အဆင်ပြေရေးကို ဦးစားပေးပြီး ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းကို ဒုသမ္မတအဖြစ် ရွေးချယ်လိုက်တာ ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် တဖက်မှာ တပ်မတော်တွင်း ပဋိပက္ခတွေ မရှိဘူးလို့ မဆိုနိုင်ဘူးလို့လည်း NDD အဖွဲ့က သုတေသနမှူး ဦးဌေးအောင်က ပြောပါတယ်။

“သမိုင်းအရပြောမယ်ဆိုရင်လည်း မင်းအောင်လိူင်တို့ဘာတို့က တပ်ထဲမှာ မလိုချင်တဲ့ကောင်ကို ချောင်ထိုးလိုက် တာဖြစ်မှာပေါ့။ တချို့တွေကျတော့လည်း မင်းအောင်လိူင်တို့က အရပ်ဖက် ပြောင်းလိုက်တာကိုး။ အဲ့ဒီ့အခါကျရင် တပ်ထဲမှာ ဒီလူက သိပ်ပြီး အဆင်မပြေဘူးဆိုရင်တော့ မင်းအောင်လိူင်တို့က သူ့ကို ပထုတ် လိုက်တဲ့သဘောလည်း ဖြစ်ချင်ဖြစ်မယ်။”

တပ်မတော် အတွင်း ဒီဒုသမ္မတ ရွေးချယ်တဲ့နေရာမှာ အခက်အခဲတွေ ရှိခဲ့တယ်ဆိုတာကတော့ ဒုသမ္မတ ရွေးချယ်တဲ့ နေရာမှာ အချိန် ဒီလောက်ကြာ နေတာကို ကြည့်ခြင်းအားဖြင့် သိသာတယ် လို့လည်း ဦးဌေးအောင်က ပြောပါတယ်။ ဒုသမ္မတအဖြစ် ပထမ ယာထားတဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေကတော့ သူ့ရဲ့ သားမက်ဖြစ်သူက သြစတေးလျနိုင်ငံသား ဖြစ်နေတဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတအရည်အချင်းနဲ့ဆိုင်တဲ့ ပြဌာန်းချက်တွေနဲ့ ညှိစွန်းနေတာကြောင့် အဲဒီ အစီအစဉ် ပျက်သွားခဲ့တာပါ။ အဲဒီလို ပျက်သွားပြီး အချိန်အတော်ကြာမှ ရုတ်တရက် ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း ဒုသမ္မတဖြစ်မယ် ဆိုတဲ့သတင်း ကျမ်းသစ္စာမကျိန်ဆိုခင် တရက်အလိုမှ ထွက်လာဖြစ်ပါတယ်။

အခု ဒုသမ္မတသစ် ဦးဉာဏ်ထွန်းဟာ ၁၉၇၆ ခုနှစ်မှာ DSA အပတ်စဉ် (၁၆) က ဆင်းခဲ့သူဖြစ်ပါတယ်။ တပ်မတော်(ရေ) မှာ ဗိုလ်ကြီးအဖြစ်နဲ့ အမှတ် (၁) ရေတပ်ထောက်လှမ်းရေးတပ်ရဲ့ တပ်မှူး အဖြစ်တာဝန်ယူနေချိန် ၁၉၈၃ ခုနှစ်မှာ မျက်မှန်ကြီးလို့ လူသိများတဲ့ ထောက်လှန်းရေးအကြီးအကဲ ဗိုလ်မှုးချုပ်တင်ဦးကို သူ့ရဲ့လူ ဗိုလ်မှူးနဲ့ အထက် အဆင့်ရှိသူတွေကို ဖြုတ်လိုက်တဲ့အချိန်မှာ ဗိုလ်ကြီးဉာဏ်ထွန်း လွတ်မြောက်ခဲ့ပြီး မိခင်တပ်ဖြစ်တဲ့ ရေတပ်လေ့ကျင့်ရေးဌာနချုပ် (သန်လျင်-ဆိပ်ကြီး) ကို ပြန်ပို့ခံရပါတယ်။

အဲဒီကနေ အဆင့်ဆင့် ရာထူးတွေ တိုးလာပြီး ၂၀၀၉ မှာ အခုစက်မှုဝန်ကြီး အဲဒီအချိန်က ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်း အစိုးရအဖွဲ့ ဝန်ကြီး ဖြစ်လာတဲ့အခါမှာ စစ်ဦးစီးအရာရှိချုပ်(ရေ) ဗိုလ်ချုပ်ဉာဏ်ထွန်းကနေ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဖြစ်လာခဲ့ပါတယ်။ ၂၀၁၂ မှာ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)(ရေ)(လေ)သုံးဦးကို ဗိုလ်ချုပ်ကြီးအဆင့်ကို တိုးမြှင့်လိုက်တဲ့အခါမှာ ဗိုလ်ချုပ်ကြီးဉာဏ်ထွန်း ဖြစ်လာခဲ့တာဖြစ်ပါတယ်။ သူဟာ မကြာခင်က ပါကစ္စတန် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဖိတ်ကြားချက်နဲ့ ပါကစ္စတန်နိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပါသေးတယ်ခင်ဗျား။
XS
SM
MD
LG