သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်မြို့သစ်စီမံကိန်း ကျပ် သန်း ၅,၀၀၀ အာမခံသွင်းနိုင်သူတွေကို တင်ဒါခေါ်


ဆူးလေအနီးတဝိုက် ရန်ကုန်မြို့မြင်ကွင်း။
ဆူးလေအနီးတဝိုက် ရန်ကုန်မြို့မြင်ကွင်း။

ရန်ကုန်မြို့သစ် စီမံကိန်း တည်ဆောက်ရေးအတွက် အဆိုပြုတင်ဒါတွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက စတင်ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ အခု မြို့သစ်စီမံကိန်း စတင် အကောင်အထည်ဖော်တာဟာ တရားဥပဒေကြောင်းနဲ့မညီဘူးဆိုတဲ့ ကန့်ကွက် မှုတွေလည်း ရှိနေသလို စီမံကိန်းအတွက် စနစ်တကျ ပြင်ဆင်မှုမရှိဘဲ အလျင်စလို လုပ်ကိုင်နေတဲ့အပေါ်မှာလည်း စိုးရိမ် နေကြတာပါ။ မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။

ရန်ကုန်မြို့အနောက်ဘက်ခြမ်း ဧက ၃ သောင်းပေါ်မှာ တည်ဆောက်မယ့် ရန်ကုန်မြို့သစ် စီမံကိန်းအတွက် အဆိုပြုတင်ဒါတွေကို တစောင် ကျပ် ၅ သောင်းနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက စတင်ရောင်းချနေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာ့စေတနာမြို့သစ် အများပိုင် ကုမ္ပဏီတခုတည်းကို ဆောက်လုပ်ခွင့်ပေးတာကြောင့် လွှတ်တော်တွင်း အငြင်းပွားဖွယ်ဖြစ်ပြီး ခေတ္တရပ်ဆိုင်းခဲ့ရတဲ့ ရန်ကုန်မြို့သစ်စီမံကိန်း ပြန်စဖို့ မြန်မာကျပ်ငွေ သန်း ၅ ထောင် အာမခံ တင်သွင်းနိုင်သူတိုင်း လျှောက်ထားနိုင်မှာလည်း ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရက ၂၀၄၀ အတွက် စီမံကိန်းကြီး ၂ ခုထဲက ပထမဦးစားပေးဖြစ်တဲ့ ဒဂုံအရှေ့ပိုင်းမြို့နယ်စီမံကိန်းကိုကျော်ပြီး ဒုတိယ ဦးစားပေးဖြစ်တဲ့ ရန်ကုန်မြို့သစ်စီမံကိန်းကို တင်ဒါ အရင် ခေါ်လိုက်တာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် ဒေါက်တာ ညိုညိုသင်းက ပြောပါတယ်။

“ပွင့်လင်းမြင်သာမှု ဘယ်လောက်ရှိမလဲဆိုတော့ လွှတ်တော်ကိုတင်ပြစဉ်ကတည်းက သူက မြေသိမ်းဖို့ အစီအစဉ်ပဲပါတယ်။ ကျန်တဲ့အစီအစဉ် လုံးဝမပါဘူး။ ဥပမာအားဖြင့် ဒီမြို့သစ်အတွက် ရေဂါလံဘယ်လောက် ဘယ်နှစ်နှစ်အတွင်းမှာ တာဝန်ယူတယ်တို့၊ လမ်းဘယ်နှစ်လမ်း၊ ဘယ်နှစ်နှစ်အတွင်းမှာပေးမယ်တို့- အဲဒီလို ပြည်သူလူထုအတွက် ဘာလုပ်ပေးမယ်ဆိုတဲ့အာမခံချက် ဒီစီမံကိန်းတင်ပြတဲ့အထဲမှာ လုံးဝ မပါဘူး။ မပါဘဲနဲ့ အခုမှာ နိုင်ငံသား developer တွေ တင်နိုင်တယ်ဆိုတဲ့အခါကျတော့ ကျမတို့ နိုင်ငံမှာလည်း နိုင်ငံသား developer တွေထဲမှာ မြို့သစ်စီမံကိန်းကိုတည်ခဲ့တဲ့အတွေ့အကြုံ ရှိတဲ့ developer တွေ မရှိဘူး။ အဆင့်အတန်းမီတဲ့ မြို့သစ်တည်မယ်ဆိုလို့ရှိရင် နိုင်ငံခြားကုမ္ပဏီတွေနဲ့ ဖက်စပ်လုပ်ရမယ့်ကိစ္စဖြစ်တယ်ပေါ့နော်၊ အစိုးရကိုယ်တိုင် ကြီးမှူးပြီးတော့- အဲဒီတော့ အစိုးရက သူကိုယ်တိုင် ကြီးမှူးခြင်းမရှိဘဲနဲ့၊ နိုင်ငံခြားသားကုမ္ပဏီတွေလည်းပဲ မပါဘဲနဲ့ နိုင်ငံသား developer တွေကိုလည်း ငွေ ၅ ဘီလီယံရှိရုံနဲ့ ဒီမြို့သစ်စီမံကိန်းကို လုပ်ခိုင်းမယ်ဆိုလို့ရှိရင်တော့ မြို့သစ်စီမံကိန်းကတော့ ဒါ လေထဲမှာ တိုက်အိမ်ဆောက်တာနဲ့အတူတူပဲလေ။”

ဒါ့အပြင် အခု ယာယီရပ်ဆိုင်းထားတဲ့ ရန်ကုန်မြို့သစ်စီမံကိန်း ပြန်လည်စတင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရက လွှတ်တော်ကို တင်သွင်းခဲ့တာမဟုတ်ဘဲ လွှတ်တော်အမတ်တဦးက တင်သွင်းခဲ့တဲ့ကိစ္စဟာလည်း ဥပဒေနဲ့မညီညွတ်ဘူးလို့ ဒေါက်တာ ညိုညိုသင်းက ထောက်ပြပါတယ်။ လွတ်လပ်စွာ တင်ဒါ ခေါ်ယူတယ်ဆိုပေမယ့် တင်ဒါစိစစ်ရေးအဖွဲ့မှာ ဘယ်သူတွေပါမလဲ ဆိုတာကိုလည်း မသိရသေးပါဘူး။ လူဦးရေသိပ်သည်းလာတဲ့ ရန်ကုန်မြို့မှာ မြို့သစ် စီမံကိန်းတွေ လိုအပ်တယ်ဆိုတာကို အများက လက်ခံထားပေမယ့် ပွင့်လင်းမြင်သာမှုရှိရှိနဲ့ တကယ်တန်း ပြည်သူလူထုအတွက် အကျိုးရှိစေမယ့် မြို့သစ်တခု ဖြစ်လာဖို့ လိုတယ်လို့လည်း ထောက်ပြကြပါတယ်။ လက်ရှိ မြို့သစ်တွေ မအောင်မမြင်ဖြစ်ရတဲ့အခြေအနေနဲ့ နှိုင်းယှဉ်ပြီးရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ ဗဟိုကော်မတီဝင် ဇောတိက ဦးခင်လှိုင်က အခုလို ပြောပြပါတယ်။

“တချို့မြေကွက်တွေဆို ကျနော်တို့ မြေကွက်ကြီးသာမြင်ရတယ်၊ နောက်ကျမှ လူရှိတယ်ဆိုတာ သိတာ။ အဲဒီတော့ မြေကွက် မြောက်မြားစွာ ရှိတယ်။ မြေကွက်တိုင်း မြေကွက်တိုင်းမှာ သူ့နာမည်နဲ့သူ လူတွေက ရှိပြီးသား။ အဲဒီလို လူတွေအတွက် နေစရာအိမ်ရှိပြီးသား လူတွေအတွက်က ..ဒါတွေကလည်း ကြည့်ရသေးတယ်။ စက်မှုဇုန်ဆိုလည်း အဲဒီလိုပဲ၊ နိုင်ငံတော်အစိုးရကနေပြီးတော့ လယ်သမားတွေဆီက မြေတွေသိမ်းတယ်။ လယ်တဧကကို လုပ်ရတဲ့အခါကျ ရရှိတဲ့အကျိုးအမြတ်နဲ့ ဒီလယ်မြေတဧကို စက်မှုဇုန်အဖြစ် ဖော်မယ်ဆိုရင် ဘယ်လောက် အောင်မြင်မလဲဆိုတဲ့ ရည်ရွယ်ချက်ကလေးတော့ ကောင်းပါတယ်။ ဒါပေမယ့် သေချာမလုပ်တတ်ဘူး။ အဲဒီမြေတွေကျတော့ တကယ့် အလုပ်မလုပ်တဲ့လူတွေလက်ထဲကိုရောက်နေတယ်။ တကယ်လုပ်ချင်တဲ့သူတွေကျတော့ ဝယ်ဖို့ ခက်နေပြန်တယ်။ အဲဒါကြီးကကျတော့ ပေါ်လစီလည်းဖြစ်သလို စီမံခန့်ခွဲမှုတွေအပေါ်မှာလည်း မူတည်တယ်လို့ ကျနော်မြင်ပါတယ်။”

ဒီ အငြင်းပွားဖွယ် ရန်ကုန်မြို့သစ်စီမံကိန်းကတော့ ရန်ကုန်မြို့ရဲ့ အနောက်ဘက်ခြမ်း ပန်းလှိုင်မြစ်နဲ့ တွံတေးတူးမြောင်းကြား၊ လှိုင်မြစ်နဲ့ လှိုင်သာယာ တွံတေးကားလမ်းကြားမှာ တည်ရှိမှာဖြစ်ပြီးကြည့်မြင်တိုင်၊ ဆိတ်ကြီးခနောင်တိုနဲ့ တွံတေးမြို့နယ်တွေထဲက မြေဧက ၃ သောင်းပေါ်မှာ တည်ဆောက်ဖို့ လျာထားတာပါ။ မြစ်ကူး တံတားကြီး ၅ စင်း အပါအဝင် တန်ဖိုးနည်း တိုက်ခန်းပေါင်း ၂ သောင်းကျော်နဲ့ မြို့သစ်ကြီးတခု ဖြစ်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရက ပြောဆိုထားပေမယ့် မြို့သစ်တည်ဆောက်ရေးလုပ်ငန်းတွေ သိမ်းယူခံရမယ့် မြေယာတွေအတွက် လျော်ကြေး၊ မြို့သစ်အတွက် အစိုးရဘက်က ဘယ်အတိုင်းအတာအထိ တာဝန်ယူမလဲဆိုတာက ရှင်းရှင်းလင်းလင်း မရှိသေးတဲ့အပေါ်မှာတော့ အများက စိုးရိမ်နေကြပါတယ်။ တဘက်မှာလည်း လက်ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရသက်တမ်း ကုန်ဆုံး တော့မယ့်အချိန်မှာ ယာယီ ဆိုင်းငံ့ခံထားရတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းကို အဆောတလျင် အကောင်အထည်ဖော်လာတဲ့ အပေါ်မှာလည်း မေးခွန်းတွေ ရှိနေပါတယ်ရှင်။

XS
SM
MD
LG