သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်သစ်ကြိုပွဲများ ကမ္ဘာတဝှမ်း ပြင်ဆင်


ဆစ်ဒ်နီဆိပ်ကမ်းက နှစ်သစ်ကြို မီးရှူးမီးပန်း ပစ်လွှတ်ပွဲ (ဒီဇင်ဘာ ၃၁၊ ၂၀၁၅)
ဆစ်ဒ်နီဆိပ်ကမ်းက နှစ်သစ်ကြို မီးရှူးမီးပန်း ပစ်လွှတ်ပွဲ (ဒီဇင်ဘာ ၃၁၊ ၂၀၁၅)

ကမ္ဘာတဝန်းမှာ ၂၀၁၆ နှစ်သစ်ကို ကြိုဆိုကြမယ့်ထဲ အခု ကျနော်တို့ ရုပ်သံအစီအစဉ် လွှင့်နေချိန်မှာတော့ နှစ်သစ်ကို အစောဆုံး ကြိုဆိုတဲ့ နိုင်ငံတွေထဲကတခုဖြစ်တဲ့ နယူးဇီလန်နိုင်ငံမှာ နှစ်သစ်ကူးသွားပြီဖြစ်ပါတယ်။

ကမ္ဘာပေါ်က တခြားမြို့ကြီးအများအပြားမှာလိုပဲ နယူးဇီလန်နိုင်ငံ Wellington မြို့တော်နဲ့ တခြားမြို့ကြီးတွေက နှစ်သစ်ကြိုဆိုပွဲ တွေကို လုံခြုံရေး အထူးတင်းကျပ်ထားတဲ့အောက်မှာ ကျင်းပခဲ့ကြတာပါ။

သြစတြေးလျနိုင်ငံဟာလည်း နှစ်သစ်ကို ကြိုဆိုခွင့်ရတဲ့ ပထမဆုံးနိုင်ငံတခုဖြစ်ပြီး အခု ကျနော်တို့ ရုပ်သံအစီအစဉ် အဆုံးသတ် မယ့် မြန်မာစံတော်ချိန် ည ၇ နာရီခွဲမှာတော့ သြစတြေးလျနိုင်ငံမှာ နှစ်သစ်ကို ကြိုဆိုကြတော့မှာပါ။

ဆစ်ဒ်နီဆိပ်ကမ်းမှာလုပ်မယ့် နှစ်သစ်ကြို မီးရှူးမီးပန်း ပစ်လွှတ်ပွဲကို အကောင်းဆုံးနေရာကနေ ကြည့်ရဖို့အတွက် အခုချိန် ကတည်းကိုက လူထောင်ပေါင်းများစွာ စုဝေး စောင့်ဆိုင်းနေကြပြီး လူတသန်းကျော်ထိ ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ အမေရိကန်ဒေါ်လာ ၅.၁ သန်းဖိုးလောက်ရှိမယ့် မီးရှူး မီးပန်းတန်ချိန်ပေါင်း ၇ တန်လောက် သုံးမယ်လို့ သတင်းတွေမှာ ဖော်ပြပါ တယ်။ သြစတြေးလျနိုင်ငံတဝန်း ရဲတပ်ဖွဲ့ဝင်အင်အား တိုးချဲ့ချထားပြီးတော့ အဓိကမြို့ကြီးတွေမှာ မပြတ်ကင်းလှည့်နေကြပြီး လုံခြုံရေးကို အထူးတင်းကျပ်ထားပါတယ်။

ဒါပေမဲ့လည်း အကြမ်းဖက်ဝါဒကိုင်စွဲသူတွေက တိုက်ခိုက်နိုင်ခြေရှိတာကြောင့် ကမ္ဘာတဝန်း တချို့မြို့ကြီးတွေမှာ နှစ်သစ်ကြိုဆိုပွဲ တွေကိုမလုပ်ဖြစ်ပါဘူး။ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်စ်မြို့တော်မှာ နှစ်သစ်ကြိုဆိုပွဲကို မြို့တော်ဝန်က ပယ်ဖျက်ထားပါတယ်။ ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်မှာလည်း မီးရှူးမီးပန်း ပစ်ဖောက်မယ့်အစီအစဉ်ကို ပယ်ဖျက်ထားပြီး နှစ်သစ်ကြို ညနေခင်းအစီအစဉ် တွေကိုလည်း လျှော့ချထားပါတယ်။ နှစ်သစ်ကူးပွဲတော်ကာလအတွင်း တိုက်ခိုက်မယ်လို့ဆိုတဲ့ အကြံအစည်တခုကို ဖော်ထုတ် လိုက်နိုင်ပြီးတဲ့နောက် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်မှာလည်း လုံခြုံရေး အထူးတင်းကျပ်ထားပါတယ်။

အမေရိကန်ပြည်ထောင်စု ဒေသအသီးသီးက နှစ်သစ်ကြိုဆိုပွဲတွေထဲမှာ အထင်ရှားဆုံးဖြစ်တဲ့ နယူးယောက်မြို့၊ Times Square က နှစ်သစ်ကြိုဆိုပွဲ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာကို ချထားပါတယ်။ ဒီပွဲကိုလည်း လူတသန်းကျော် လာမယ် လို့ ခန့်မှန်းထားပါတယ်။

နယူးယောက်နဲ့ အမေရိကန် တခြားမြို့ကြီးတွေမှာလုပ်မယ့် နှစ်သစ်ကြိုဆိုပွဲတွေကို တိုက်ခိုက်မယ်ဆိုပြီး အခိုင်အမာ ခြိမ်းခြောက် ထားတာမျိုး မရှိဘူးလို့ ရဲတပ်ဖွဲ့၊ FBI နဲ့ အမိမြေလုံခြုံရေးဌာန တာဝန်ရှိသူတွေကပြောပါတယ်။

ရန်ကုန်မြို့တော်တဝန်း နှစ်သစ်ကိုကြိုဆိုကြမယ့်ပွဲတွေထဲမှာတော့ မိုင်ဒါကွင်နဲ့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းရှေ့တို့မှာ ကျင်းပမယ့် နှစ်သစ်ကြိုဆိုပွဲတွေက အကြီးဆုံးနဲ့ လူအများဆုံးသွားမယ့်ပွဲတွေ ဖြစ်ဖို့များပါတယ်။

ဒီနေ့ည ၁၁ နာရီ ၅၀ မိနစ်မှာ မြန်မာ့အသံနဲ့ရုပ်မြင်သံကြားကနေ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်၊ ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ နှစ်သစ်ကူးဆုတောင်းစကား တွေကို ထုတ်လွှင့်ဖို့ရှိပါတယ်။ ၁၁ နာရီ ၅၅ မိနစ်မှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယသမ္မတတွေဖြစ်တဲ့ ဦးဉာဏ်ထွန်းနဲ့ ဒေါက်တာစိုင်းမောက်ခမ်းတို့ရဲ့ နှစ်သစ်ကူး ဆုတောင်းစကားတွေကို ထုတ်လွှင့်ပါ့မယ်။ အဲဒီနောက် သမ္မတဦးသိန်းစိန်ရဲ့ နှစ်သစ်ကူးဆုတောင်းစကားကို ထုတ်လွှင့်ပြီး နှစ်သစ်ကူးချိန် စက္ကန့်ရေတွက်တာကို ထုတ်လွှင့် မှာဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကတော့ နှစ်သစ်ကူးဆန္ဒမွန်ဆိုပြီး နှစ်သစ်နှုတ်ခွန်းဆက်စကား ပြောဆို ထားတဲ့ ဗွီဒီယိုကို သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ တင်ထားပါတယ်။

XS
SM
MD
LG