သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ခေါင်းဆောင်တွေ နှစ်သစ်ကူး သဝဏ်လွှာပါး


နယူးယောက်၊ Times Square မှာ ကျင်းပတဲ့ နှစ်သစ်ကူးမြင်ကွင်။ (ဇန်နဝါရီ ၁၊ ၂၀၁၃။)
နယူးယောက်၊ Times Square မှာ ကျင်းပတဲ့ နှစ်သစ်ကူးမြင်ကွင်။ (ဇန်နဝါရီ ၁၊ ၂၀၁၃။)
ကမ္ဘာတလွှား ၂၀၁၃ ခုနှစ် နှစ်သစ်ကို ကြိုဆိုကြတဲ့ နိုင်ငံတွေထဲ အမေရိကန်နိုင်ငံ ဟာ နောက်ဆုံးနိုင်ငံတွေထဲက တခုဖြစ်တာနဲ့အညီ နယူးယောက်မြို့က Times Square မှာ နှစ်သစ် ကြိုဆိုတဲ့ အခမ်းအနားကို ခမ်းနား ကြီးကျယ်စွာ ကျင်းပခဲ့ပါတယ်။ ဒီ နှစ်သစ်ကူးပွဲတော်ကို လူပေါင်း ၁ သန်းကျော် တက်ရောက်ခဲ့ကြပြီး Times Square အလယ်ခေါင်မှာ ချိတ်ထားတဲ့ ဖန်ဘောလုံးကြီး တဖြည်းဖြည်း ကျလာတဲ့အချိန် ၂၀၁၂ ကို နှုတ်ဆက်ပြီး ၂၀၁၃ ခုနှစ်ကို ကြိုဆိုတဲ့အနေနဲ့ နံပတ်စဉ်ကို ပြိုင်တူ အော်ရေကြတာမှာ အမှတ်စဉ် သုံညကို ရောက်တာနဲ့ ၂၀၁၃ ဆိုတဲ့ စာတန်းကြီး ပေါ်ထွက်လာတာပါ။

ဥရောပ၊ အရှေ့အလယ်ပိုင်း၊ အာရှတိုက်နဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက နှစ်သစ်ကူးပွဲတော်တွေကို ပုံစံအသီးသီးနဲ့ ကျင်းပခဲ့ကြတာပါ။ အေသင်၊ မော်စကိုနဲ့ လန်ဒန်စတဲ့ ကမ္ဘာ့အထင်ကရ မြို့ကြီးတွေမှာလည်း မီးရှုး မီးပန်းတွေ ပစ်လွှတ်ပြီး နှစ်သစ်ကူးပွဲတော်တွေကို ဆင်နွဲခဲ့ကြပါတယ်။ ဒူဘိုင်းနိုင်ငံမှာတော့ ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦးကြီးပေါ်မှာ မီးရောင်စုံတွေထွန်းပြီး နှစ်သစ်ကို ကြိုဆိုခဲ့ပါတယ်။

၂၀၁၃ နှစ်သစ်ကူး ဝတ်ပြုဆုတောင်းပွဲမှာ ပုတ်ရဟန်းမင်းကြီး Benedict က ကမ္ဘာ့တဝှမ်း ငြိမ်းချမ်းရေးဖော်ဆောင်ဘို့နှင့် ချမ်းသာသူတွေနဲ့ ဆင်းရဲသားတွေကြား မညီမျှမှုကို ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ Catholic ဘာသာဝင်တွေရဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် အင်္ဂါနေ့က St. Peters ဘုရားရှိခိုးကျောင်းတော်မှာ မိန့်ကြားခဲ့တဲ့ အမှာစကားမှာ ပုတ်ရဟန်းမင်းကြီးက ငွေကြေး အထိန်းအကွပ်မဲ့တဲ့ အရင်းရှင်စံနစ်ကို ဝေဖန်သွားပါတယ်။

ရုရှားသမ္မတ Vladimir Putin အပါအဝင် တခြား ကမ္ဘာ့ခေါင်းဆောင်တွေကလည်း နှစ်သစ်ကူး သဝဏ်လွှာတွေ မိန့်ကြားခဲ့ကြပါတယ်။ မစ္စတာ ပူတင်က ၂၀၁၃ ခု အကဲစမ်းမှုတွေကို ယုံကြည်မှုအပြည့်နဲ့ သူ့နိုင်ငံသားတွေနဲ့အတူ လက်တွဲ ရင်ဆိုကြဖို့ တိုက်တွန်းခဲ့ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jone Un ကလည်း မမျှော်လင့်ပဲ နိုင်ငံကို ပြောကြားတဲ့ အသံလွှင့် မိန့်ခွန်းမှာ ၂၀၁၃ ခုနှစ်မှာ သူ့နိုင်ငံနဲ့ တောင်ကိုရီးယားအကြား ထိပ်တိုက် ရင်ဆိုင်မှုတွေကို ဖယ်ရှားနိုင်ရေးက အရေးကြီးတဲ့ကိစ္စရပ်ဖြစ်ကြောင်း ပြောပါတယ်။ ဒါ့အပြင် နိုင်ငံအနေနဲ့ လွှတ်လပ်ရေး၊ ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး စံထားချက်တွေကိုလည်း စွဲကိုင်ထားဘို့နဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ပြီး ခေတ်မီလက်နက်တွေ တည်ထွက် ထုတ်လုပ်နိုင်ဖို့ နိုင်ငံကို တိုက်တွန်း ပြောကြားခဲ့ပါတယ်။

ကင်ညာသမ္မတ Mwai Kibaki ကတော့ တင်းမာမှုတွေ ကြိုဖြစ်နေတဲ့ ၂၀၁၃ ခုနှစ် မတ်လမှာ ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲတွေကို ငြိမ်းချမ်းစွာ ကျင်းပနိုင်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ဗင်နီဇွဲလားမှာတော့ ပြီးခဲ့တဲ့လက ခွဲစိပ် ကုသမှုအပြီး ကျန်းမာရေးအခြေအနေ သိပ်မကောင်းကြောင်း သတင်းတွေ ထွက်ပေါ်မှုကြောင့် သမ္မတ Hugo Chavez အတွက် နိုင်ငံသားတွေက ဝတ်ပြု ဆုတောင်းပွဲတွေ ကျင်းပခဲ့ကြပါတယ်။ မစ္စတာ Chavez ဟာ ကင်ဆာရောဂါအပြင် အသက်ရှူလမ်းကြောင်းရောဂါပါ ခံစားနေရတယ်လို့ သိရပါတယ်။
XS
SM
MD
LG