သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအတွက် နယူးဇီလန်အကူအညီ ဒေါ်လာ ၇ သန်း ပေးမည်


နယူးဇီလန်ဝန်ကြီးချုပ် ဂျွန် ကီးနှင့် သမ္မတဦးသိန်းစိန်။ နိုဝင်ဘာ ၂၂၊ ၂၀၁၂
နယူးဇီလန်ဝန်ကြီးချုပ် ဂျွန် ကီးနှင့် သမ္မတဦးသိန်းစိန်။ နိုဝင်ဘာ ၂၂၊ ၂၀၁၂
နယူးဇီလန်အစိုးရက မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ၇ သန်း ကူညီထောက်ပံ့မှု ပေးမယ်လို့ မြန်မာနိုင်ငံမှာ အလည်ပတ် ရောက်ရှိနေတဲ့ နယူးဇီလန်ဝန်ကြီးချုပ်က ကြေညာလိုက်ပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံပြီးတဲ့နောက် နယူးဇီလန်ဝန်ကြီးချုပ် မစ္စတာဂျွန်ကီး (John Key) က အခုလို အကူညီပေးမယ့် အစီအစဉ်ကို ထုတ်ပြန်ကြေညာ လိုက်တာဖြစ်ပါတယ်။

ဒီလိုအကူအညီပေးတဲ့ အစီအစဉ်အရ ပေါ်ပေါက်လာမယ့် နို့နဲ့နို့ထွက်ပစ္စည်း ထုတ်လုပ်မှု လုပ်ငန်းမှာ နယူးဇီလန်နိုင်ငံက နောက်လာမယ့် ၅ နှစ်အတွက် ဒေါ်လာ ၆ သန်း ရင်းနှီး မြှုပ်နှံမှု ပြုလုပ်မှာဖြစ်တယ်လို့ နယူးဇီလန်ဝန်ကြီးချုပ် မစ္စတာကီးက ပြောပါတယ်။ ပညာသင်ဆုနဲ့ အင်္ဂလိပ်စကားပြော သင်တန်းတွေအတွက်လည်း အကူညီတွေ ပေးနေပြီ ဖြစ်ကြောင်း ပြောပါတယ်။

မကြာခင်က ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေး ခဲ့ရသူတွေအတွက်လည်း ဒေါ်လာ တစ်သန်း အကူအညီပေးမှာ ဖြစ်ကြောင်း နယူးဇီလန် ဝန်ကြီးချုပ် မစ္စတာကီးက ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ကျယ်ပြန့်တဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအတွင်း ပြန်လည်ပါဝင်လာစေ ရေး နယူးဇီလန်နိုင်ငံက ထောက်ခံမှာဖြစ်ကြောင်း မစ္စတာကီးက သမ္မတ ဦးသိန်းစိန်ကို ပြောဆိုခဲ့ပါတယ်။

သမ္မတဦးသိန်စိန်က ပြီးခဲ့တဲ့နှစ်အတွင်း လုပ်ဆောင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေနဲ့ ရင်ဆိုင်ရမယ့် အခက်အခဲတွေကို ရှင်းပြခဲ့သလို ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး အစိုးရက အရေးယူ လုပ်ဆောင်နေတာတွေကို ရှင်းပြခဲ့ တယ်လို့ နယူးဇီလန်ဝန်ကြီးချုပ်က ပြောပါတယ်။

နယူးဇီလန်နိုင်ငံဟာ ရှေ့လာမယ့်နှစ်အတွင်း မြန်မာနိုင်ငံမှာ သံရုံးဖွင့်ပြီး နှစ်နိုင်ငံအကြား နိုင်ငံရေးအရကော သံတမန်ရေးအရပါ ထိတွေ့ဆက်ဆံမှုတွေ တိုးချဲ့လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ပြောပါတယ်။

မစ္စတာ ဂျွန် ကီးရဲ့ အခုခရီးစဉ်ဟာ မြန်မာနဲ့ နယူးဇီလန်တို့အကြား ၅၄ နှစ် ကြာ သံတမန် ဆက်ဆံရေးကာလအတွင်း နယူးဇီလန်ဝန်ကြီးချုပ်တဦးရဲ့ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ် ဖြစ်သလို အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမား မြန်မာနိုင်ငံဆီ လာရောက်သွားအပြီး နောက်ထပ် နိုင်ငံတကာ ထိပ်တန်းခေါင်းဆောင်တဦး လာရောက်တာလည်းဖြစ်ပါတယ်။
XS
SM
MD
LG