သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရသစ်ကိစ္စ လွှတ်တော်မှာ ရွေးချယ်ခံသမ္မတ ပထမဆုံး တင်ပြမည်


အစိုးရသစ်ဖွဲ့စည်းပုံ တင်သွင်းပြီးနောက် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ရွေးချယ်ခံသမ္မတ ပထမဆုံး တက်ရောက် နားထောင်။ မတ် ၁၈၊ ၂၀၁၆
အစိုးရသစ်ဖွဲ့စည်းပုံ တင်သွင်းပြီးနောက် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ရွေးချယ်ခံသမ္မတ ပထမဆုံး တက်ရောက် နားထောင်။ မတ် ၁၈၊ ၂၀၁၆

မတ်လ ၂၁ ရက် တနင်္လာနေ့မှာတော့ ပြည်ထောင်စုလွှတ်တော်က ရွေးချယ်တင်မြှောက်ထားတဲ့သမ္မတသစ် ဦးထင်ကျော် အနေနဲ့ ပြည်ထောင်စုလွှတ်တော်မှာ သူတင်သွင်းအဆိုပြုထားတဲ့ အစိုးရသစ်ဖွဲ့စည်းပုံနဲ့ပတ်သက်လို့ ပထမဆုံးအကြိမ် ရှင်းလင်းဆွေးနွေး မှာဖြစ်ပါတယ်။ "ပြောင်းလဲချိန်တန်ပြီ" ဆိုတဲ့ ဆောင်ပုဒ် နဲ့ ပြည်သူ့ဆန္ဒမဲအပြတ်အသတ်ရပြီး အနိုင်ရခဲ့တဲ့ NLD ပါတီအစိုးရသစ် အပေါ် ပြည်သူတွေဘက်လည်း ယုံကြည်မျှော်လင့်ချက် အပြည့်ရှိသလို တတ်သိပညာရှင်တွေ ဦးဆောင်သွားမယ့် အစိုးရ လက်ထက် နိုင်ငံတိုးတက်ရေး လုပ်ငန်းစဉ်သစ်တွေ ချမှတ်နိုင်မယ်လို့လည်း နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

အနိုင်ရပါတီ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးချယ်ပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြု တင်မြှောက်လိုက်ပြီ ဖြစ်တဲ့ အရပ်သားသမ္မတသစ် ဦးထင်ကျော်ဟာ သူဖွဲ့စည်းမယ့် အစိုးရသစ်နဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်ကို ပထမဆုံးအကြိမ် ရှင်းလင်း တင်ပြမှာပါ။ ဝန်ကြီးဌာန ၂၁ ဌာနပါ အစိုးရဖွဲ့စည်းပုံသစ်ကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဦးထင်ကျော်က လွှတ်တော်ကို တင်သွင်းထားပြီး လွှတ်တော်မှာ ဒီအဆိုပြုချက်အပေါ် ဆွေးနွေးခဲ့ကြပါတယ်။

မနက်ဖြန် တနင်္လာနေ့မှာတော့ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတသစ်ဦးထင်ကျော်ကို်ယ်တိုင် သူဦးဆောင်မယ့် အစိုးရသစ်နဲ့ ပတ်သက်လို့ မူဝါဒရေးရာတွေကို ရှင်းလင်းဆွေးနွေးမှာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဖေသန်းက အခုလို ရှင်းပြပါတယ်။

“မနက်ဖြန် လာမယ့်ဥစ္စာက ဒီ ဝန်ကြီးဌာန ၂၁ ခု ကို တင်ပါတယ်။ အဲဒါကို ပြီးခဲ့တဲ့ နေ့က ကျနော်တို့ ဆွေးနွေးကြတယ် အဲ့ဒီအပေါ်မှာ သူပြန်ပြီးတော့ ဝန်ကြီးဌာနတွေနဲ့ ပတ်သက်ပြီးတော့ ဘာကြောင့် ဒီလိုရွေးချယ်ရတယ်။ ဒါမှမဟုတ် ဒါတွေကို ပြန်ပြီးတော့ ပြင်ဆင်မလား။ အတည်ပြုမလား အဲဒီကိစ္စနဲ့ လာပြီးတော့ ပြန်ပြီးတော့ ပြန်ရှင်းပြမှာလို့ ကျနော်တို့ နားလည်ပါတယ်။ ဝန်ကြီးဌာနတွေရဲ့ နာမည်ကိုရော၊ အရေအတွက်ကိုရော အတည်မပြုသေးပါဘူး။ ပြင်ဆင်ချင်လည်းပြင်ဆင်မှာပေါ့ ၊ အရေအတွက် တိုးရင်လည်းတိုးမှာပေါ့။ ဒါပေမယ့် ဒါက သူ့လုပ်ပိုင်ခွင့်ပါ။ အဲဒါကို သူကကြေကြေလည်လည် လွှတ်တော်ကို ပြန်ပြီးတော့ ရှင်းလင်းပြဖို့ ၊ လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းတွေအရ သမ္မတရဲ့နောက်ဆုံးလုပ်ဆောင်ချက်ပဲ ဖြစ်ပါလိမ့်မယ်။

မဆုမွန်။ ။ အဲတော့ဆရာ နောက်ဆက်တွဲက ဘယ်လိုမျိုးဖြစ်နိုင်သလဲ ဆရာ။ မနက်ဖြန်သူလာရှင်းပြပြီးသွားရင်။

ဦးဖေသန်း။ ။နောက်ဆက်တွဲကတော့ ကျနော်တို့ ပြည်ထောင်စုဝန်ကြီးတွေ ရွေးဖို့အစီအစဉ် ဆက်သွားမှာပေါ့။ ဝန်ကြီးဌာနတွေကို အတည်ပြုတယ်ဆိုတာက ဖွဲ့စည်းပုံအခြေခံပုဒ်မ ၂၀၂ အရ အတည်ပြုတာပါ။ ၂၃၂ အရ ပြည်ထောင်စု ဝန်ကြီးတွေကို ဆက်ရွေးဖို့ ဒုတိယ အစီအစဉ်နဲ့ လာပါလိမ့်မယ်။”

အရင်အစိုးရတွေနဲ့ အုပ်ချုပ်ရေး ပုံစံမတူ မူဝါဒကွဲပြားနိုင်တဲ့ အရပ်သားအစိုးရသစ် ဦးဆောင်မယ့် ဝန်ကြီးဌာနအသစ်တွေထဲမှာ ပါဝင်လာကြမယ့် အရပ်သား တတ်သိပညာရှင်တွေ အနေနဲ့ နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်သွားနိုင်တယ်လို့ နိုင်ငံရေးအကဲခတ် ဒေါက်တာရန်မျိုးသိမ်းက ရှုမြင်သုံးသပ်ပါတယ်။

“လာမယ့် ဧပြီလ ၁ ရက်နေ့နောက်ပိုင်း အစိုးရသစ် အနေနဲ့ပေါ့လေ ၁၉၆၂ နောက်ပိုင်း ကျနော်တို့ နိုင်ငံရဲ့သမိုင်းမှာ ရှိခဲ့တဲ့ အစိုးရတွေထက် သာလွန်ကောင်းမွန်တဲ့ အစိုးရသစ်အဖြစ်နဲ့ ကျနော်တို့ တိုင်းပြည်နဲ့ ကျနော်တို့ ပြည်သူလူထုအတွက်ကို ထိထိရောက်ရောက်အလုပ်လုပ်ပေးနိုင်လိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။ လက်ရှိ ကျနော်တို့ ကြားသိရသလောက်ပေါ့လေ ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းမယ့် အစိုးရအဖွဲ့မှာ ပါမယ့် ဝန်ကြီးတွေဟာ သူ့ ဆိုင်ရာ နယ်ပယ်တွေမှာ အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တာကိုတွေ့ရတယ်ခင်ဗျ။ ဒီမိုကရေစီအပြောင်းအလဲကို သွားနေတဲ့အနေအထားမှာ သူတို့အနေနဲ့ စီမံခန့်ခွဲဆောင်ရွက်နိုင်လိမ့်မယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်ခင်ဗျ။”

ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အနိုင်ရပါတီ NLD ရဲ့ အစိုးရသစ်၊ လွှတ်တော်သစ်ရဲ့ လုပ်ဆောင်ချက်၊ ဆောင်ရွက်ချက် အဆင့်တဆင့်ခြင်းစီကို မဲဆန္ဒရှင်ပြည်သူလူထုဘက်ကလည်း တခဲနက်ထောက်ခံအားပေးပြီး လွှတ်တော်တွင်း လုပ်ငန်းစဉ်တွေကို အခြေခံပြည်သူလူထုကစလို့ လူတန်းစားအလွှာပေါင်းစုံက စိတ်ဝင်တစား စောင့်ကြည့်နေကြတာကို တွေ့ရတယ်လို့လည်း နိုင်ငံရေးအကဲခတ် ဒေါက်တာရန်မျိုးသိမ်းက ပြောပါတယ်။

“ပြည်သူလူထုက အခုအချိန်မှာတော်တော်ကြီးကို စိတ်လှုပ်ရှားပြီးတော့ စိတ်ဝင်တစား တော်တော်ကြီးကို ရှိတာကို တွေ့ရတယ်။ ဥပမာအားဖြင့်ပေါ့လေ သမ္မတရွေးကောက်ပွဲဆိုရင် ရန်ကုန်မှာ ဘောလုံးပွဲကြည့်သလိုမျိုး လက်ဘက်ရည်ဆိုင်တွေမှာ ဒီ သမ္မတရွေးကောက်ပွဲကို တီဗွီ ကနေတဆင့် ထိုင်ပြီးတော့ ကြည့်တဲ့ အနေအထားမျိုးကိုတွေ့ရတယ်။ ပြည်သူလူထုက အရမ်းကို စိတ်လှုပ်ရှားနေတယ်။ မျှော်လင့်ချက်တွေရှိနေပေမယ့်လို့ ကျနော်တို့ နှစ်ပေါင်း ၆၀ နီးပါးလောက် အဖျက်ခံထားရတဲ့ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး အဆောက်အုံ အားလုံးကို နေ့ချင်းညချင်းပေါ့လေ၊ အချိန်တိုအတွင်းမှာကောင်းအောင် လုပ်ဖို့ မဖြစ်နိုင်ဘူးဆိုတာလည်း ပြည်သူလူထုက နားလည်ထားပြီးသားလို့ ကျနော်နားလည်တယ်။ အဲဒီအခါကျတော့ လာမယ့် ၅ နှစ် NLD အစိုးရရဲ့ သက်တမ်းအတွင်းမှာ ကျနော်တို့ နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကို အနိမ့်ဆုံးပေ့ါလေ၊ အကောင်းဆုံး အခြေခံ အုတ်မြစ်တွေ တည်ဆောက်ပေးနိုင်တယ် ဆိုရင်တောင်မှ ပြည်သူလူထုအနေနဲ့ အများကြီးကို ကျေနပ်ပြီးတော့ လှိုက်လှိုက်လှဲလဲှကြိုဆိုနိုင်တယ်လို့ ကျနော်က သုံးသပ်ပါတယ်။”

လက်ရှိ သမ္မတ ဦးသိန်းစိန် လက်ထက်တုန်းကတော့ ဝန်ကြီးဌာန ၃၆ ခု ထားရှိခဲ့ပြီး သမ္မတသစ်ဦးထင်ကျော် ဖွဲ့စည်းမယ့် အစိုးရသစ်မှာတော့ ဝန်ကြီးဌာနတချို့ကို ပေါင်းလိုက်ပြီး ၂၁ ဌာနပဲထားမယ်လို့ တင်ပြထားတာပါ။ ဝန်ကြီးဌာန ၂၁ ခုအနက် ၁၈ ခုအတွက် ဝန်ကြီးတွေကို သမ္မတသစ်ဦးထင်ကျော်က ခန့်အပ်မှာဖြစ်ပြီး ကျန် သုံးဌာနဖြစ်တဲ့ ကာကွယ်ရေး၊ နယ်စပ်ရေးရာနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတွေကိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်သွားမှာ ဖြစ်ပါတယ်။

XS
SM
MD
LG