သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါက်တာရင်ရင်နွယ်နဲ့ တွေ့ဆုံမေးမြန်းခန်း အပိုင်း (၂)


ဦးကျော်ဇံသာ (VoA) နဲ့ ဒေါက်တာဒေါ်ရင်ရင်နွယ်
ဦးကျော်ဇံသာ (VoA) နဲ့ ဒေါက်တာဒေါ်ရင်ရင်နွယ်

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာလူငယ်တွေကြားမှာ ကိုယ်ပိုင်စဉ်းစားသုံးသပ်နိုင်စွမ်းတွေ တိုးတက်လာဖို့အတွက် ပညာရေးအခြေခံနဲ့ အသိပညာဗဟုသုတတွေကို တိုးအောင်လုပ်ဖို့ လိုအပ်တယ်လို့ YSCM အဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှုး ကိုရဲမြင့်ဝင်းက ပြောပါတယ်။ အခု မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အခွင့်အရေးတွေ ပိုရလာချိန်မှာ အဲဒီအခွင့်အရေးတွေအပေါ် သိပ်ကိုမှီခိုချင်စိတ်တွေ ဖြစ်သွားမှာကို သူ့အနေနဲ့ စိုးရိမ်တယ်လို့ ဆိုပါတယ်။ လွတ်လပ်ခွင့်ရရှိဖို့လိုတဲ့ တချိန်တည်းမှာပဲ အဲဒီလွတ်လပ်ခွင့်အပေါ် တာဝန်သိမှု၊ တာဝန်ယူမှုလည်း ရှိရမယ်လို့ သူက ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကောင်စီ အထူးအကြံပေးပုဂ္ဂိုလ် ဒေါက်တာဒေါ်ရင်ရင်နွယ်နဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကိစ္စတွေကို ဦးကျော်ဇံသာနဲ့ တွေ့ဆုံဆွေးနွေး တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် ဒီတခါ ဆရာမကို မေးချင်တာကတော့ ဆရာမက မြန်မာနိုင်ငံသမ္မတရဲ့ ပညာရေးအကြံပေးအဖွဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ မေးချင်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ပညာရေးဟာ နိုင်ငံတကာပညာရေးနဲ့စာရင် ဟိုတုန်းကနဲ့စာရင်လည်း အတော်လေးကျဆင်းသွား ပြောရပါမယ်။ အဲဒါကို အပေါ်လွှင်ဆုံး အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြောရင်ကော ဘယ်လိုပြောနိုင်ပါသလဲ ဆရာမ။ ကျနော် ထင်တာက လာအိုတို့က မြန်မာနိုင်ငံထက် အောက်ကျမယ်ထင်တာ ကျနော့်စိတ်ထဲမှာ ကမ္ဘောဒီးယားတို့။

ဒေါ်ရင်ရင်နွယ် ။ ။ ကျမအနေနဲ့ ဒီကိစ္စကို သေချာလေ့လာထားတော့ ခက်တာက အဲဒီလို နှိုင်းယှဉ်ဖို့အတွက်က အချက်အလက်နဲ့ နှိုင်းယှဉ်မှကောင်းမယ်။ အဲဒီတော့ အချက်အလက်တွေကလည်း အဓိက ကျမတို့ ပညာရေးမှာ စိန်ခေါ်မှုတွေ (၃) မျိုးရှိတယ်ပေါ့။ ဒါပေမဲ့ အဲဒီလို အချက်အလက်နဲ့ ညွှန်းကိန်းတွေနှိုင်းယှဉ်ဖို့ indicator နှိုင်းယှဉ်ဖို့က ခက်တာက ကျမတို့မှာ စာရင်းဇယားတွေက ပြည့်ပြည့်စုံစုံ မရှိဘူး။ ဥပမာ ပညာအရည်အသွေးတို့ဘာတို့။ ကျမ ဒီအတိုင်းပဲ ပြောမယ်ဆိုရင်ရှိရင် စိန်ခေါ်မှု (၃) ခုကို အရင်ပြောမယ်ဆိုလို့ရှိရင် ဆင်းရဲတဲ့ ခလေးသူငယ်တွေ၊ ကျောင်းသားလူငယ်တွေ ကျောင်းမတတ်နိုင်မှု။ အဲဒါက ပထမဦးဆုံး အကြီးဆုံး စိန်ခေါ်မှု။ ကျမတို့ နိုင်ငံကလည်း ဆင်းရဲတော့။ ဒုတိယစိန်ခေါ်မှုက ပညာအရည်အသွေးညံ့တာ။ စောစောက ဆရာပြောတာ။ ဒါပေမဲ့ ခက်တာက ပညာအအရည်အသွေး ညံ့တယ်ဆိုတာ ကျမတို့နိုင်ငံက အရင်တုန်းက တံခါးပိတ်နေတော့ နိုင်ငံတကာကလည်း sanction လုပ်ထားတော့ ကျမတို့နိုင်ငံက တခြားနိုင်ငံတွေလို အပြည်ပြည်ဆိုင်ရာ စစ်ဆေးရေးအဖွဲ့တွေကလာပြီး အမှတ်မပေးထားဘူး။ အဲဒီတော့ နှိုင်းယှဉ်လို့က မလွယ်ဘူး။ ဘာတခုနဲ့ ပြောရမလဲဆိုတော့ ကျမတို့နိုင်ငံက ဘွဲ့ရလာတဲ့ခလေးတွေ ဒီပြင့်နိုင်ငံရောက်ရင် ဘယ်လိုနေသလဲပေါ့။ ပြောမယ်ဆိုလို့ရှိရင် ကျမတို့နိုင်ငံက ပညာရေးစနစ်ကြီးက လုံးဝပျက်ဆီးသွားတာတော့ မဟုတ်ဘူး။ တချို့တွေက လုံးဝပျက်ဆီးသွားတယ်ဆိုတာကို ကျမ လက်မခံဘူး။ ဒီ အစိုးရကျောင်းတွေကပဲအောင်တဲ့ ခလေးတွေ တော်တဲ့ခလေးတွေ။ ဖျင်းတဲ့ခလေးကတော့ စနစ်တိုင်းရှိတယ်။ တော်တဲ့ခလေးတချို့ကြတော့ ကျမတို့ခေတ်နဲ့စာရင် အချိန်ပိုင်တခု ကြာရင်ကြာမယ်။ ဒါပေမဲ့ နိုင်ငံခြားရောက်သွားရင်တော့ ဥပမာ စင်္ကာပူ၊ ယိုးဒယား (AIT) တို့မှာ ဘယ်လိုပဲပြောပြော အတိုင်းအတာတခုအထိတော့ လိုက်နိုင်တာတွေရှိတယ်။ ထူးချွန်တာတွေပါရှိတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ အစိုးရကျောင်းကို အမှတ်ပေးသင့်သလား။ ကျနော် စဉ်းစားတာက အခုခေတ်နောက်ပိုင်းမှာ ကျောင်းက သင်ပေးတာထက် ကျောင်းပြင်ပမှာ ကျူရှင်ယူကြတယ်ဆိုတာလည်း အများကြီးပါ။

ဒေါ်ရင်ရင်နွယ် ။ ။ အဲဒါ ကျမပြောတဲ့ ဒုတိယစိန်ခေါ်မှုနဲ့ ဆက်နွှယ်နေတယ်။ အဲဒါ ဘာလဲဆိုတော့ ပညာအရည်အသွေးညံ့တယ်။ ညံ့သွားတယ်။ ကျဆင်းသွားတယ်။ အဲဒါ ကျဆင်းသွားတာလဲ မုန့်လုံးစက္ကူကပ် ဖြစ်နေတယ်။ ကျူရှင်နဲ့ ပတ်သက်လို့ အဂတိလိုက်စားတာတွေ များလာတယ်။ တောမှာ သိပ်မရှိဘူး။ အဓိကမြို့ကြီး ရန်ကုန်နဲ့ မန္တလေးတွေမှာ ပြည်သူလူထုထဲက ထွက်လာတဲ့အသံတွေပဲ။ အဲဒီတော့ ကျူရှင်မပေးရဘူးလာဆို ပေးရပါတယ်။ ကျမတို့ခေတ်က ဆရာဦးနေအုပ် (စိန်ပေါလ်)၊ ဆရာဦးအောင်ဖေညွှန့် (Physics) တို့ဘာတို့ဆိုတော့ တကယ်တော်တဲ့ ဆရာကြီးတွေ။ သူတို့ကြတော့ တော်လို့ ကျောင်းသွားတွေက သူတို့ဆီသွားတာ။ ကျမ ပြောနေတာ အဲဒီလို ကျူရှင်မျိုး မဟုတ်ဘူး။ တော်လို့ ကျောင်းသားတွေ ကိုယ့်ဆီလာတဲ့ ကျူရှင်မျိုးမဟုတ်ဘူး။ ကိုယ်သင်တဲ့ ကျောင်းသားတွေကို ကျမတို့ခေတ်က တခါမှ မလုပ်စဘူး၊ ကိုယ်သင်တဲ့ကျောင်းသားတွေကို ကိုယ်ကငွေကြေးယူပြီး အိမ်မှာ ကျူရှင်ခေါ်ပေးတာ။ ခေါ်ပေးပြီး ကိုယ့်ဆီမှာ ကျူရှင်ယူမယူပေါ် မူတည်ပြီး စာမေးပွဲစစ်တာမှာ ခွဲကြတာ။ ဒါက ခြစားမှု၊ အဂတိလိုက်စားမှု။ အဲဒါကြောင့် ပညာအရည်အသွေး ကျဆင်းသွားတာပါတယ်။ အဲဒါက ဒုတိယ စိန်ခေါ်မှုပါ။ တတိယစိန်ခေါ်မှု ပြီးအောင်ပြောမယ်ဆိုရင် တိုင်းရင်းသားဘာသာစကားနဲ့ သင်ကြားနိုင်မှုပေါ့။

ဦးကျော်ဇံသာ ။ ။ ဒုတိယစိန်ခေါ်မှုမှာ တချို့က ဘယ်လိုချေပသလဲဆိုရင် ဆရာ၊ ဆရာမတွေရဲ့ လစာဟာ သိပ်နည်းတယ်။ မလောက်ဘူး။ ဒါကြောင့် သူတို့အတွက် ဝင်ငွေလိုတယ်။ တခြားဌာနတွေမှာတော့ တခြားနည်းနဲ့ ဝင်ငွေဝင်တဲ့လမ်း ရှိတယ်လို့ အကြောင်းပြကြပါတယ်။

ဒေါ်ရင်ရင်နွယ် ။ ။ လစာနည်းတယ်ဆိုတာ မှန်တယ်။ ကျမလည်း ကိုယ်ချင်းစာတယ်။ တောက ဆရာ၊ ဆရာမတွေ အင်မတန်လခ နည်းနည်းလေးတွေနဲ့ တကယ်စေတနာ ဖြူဖြူစင်စင်နဲ့ ကြိုးစားပမ်းစား သင်ပေးတဲ့ ဆရာ၊ ဆရာမတွေအများကြီး တိုးပေးစေချင်ပါတယ်။ ဒါပေမဲ့ တခုရှိတယ် ကျမလည်း စီးပွားရေးပညာရှင် မဟုတ်ဘူး။ စီးပွားရေးပညာရှင်တွေနဲ့ ကျမရဲ့ လုပ်ဖော်ကိုင်ဖက်တွေ တိုင်ပင်တော့ ဘယ်လိုမှ ပညာရေးဝန်ထမ်းတွေကို တမျိုးပဲ လစာတိုးလို့မရဘူး။ ကျန်းမာရေးဝန်ထမ်းပါ တိုးရတော့မယ်။ လုံခြုံရေး ဥပမာ ရခိုင်ပြည်တို့ဘာတို့မှာ ချထားတဲ့ လုံခြုံရေးတပ်တာဝန်ခံတွေပါ လစာတိုးရတော့မယ် အစရှိသဖြင့်။ အဲဒီလို အစိုးရအမှုထမ်းတွေ အားလုံး လစာတိုးရင် ကုန်ဈေးနှုန်းတွေပါ လိုက်တက်မယ်။ တက်တော့ ဘာမှသိပ်မထူးဘူး။ ကျမ ဖြစ်စေချင်တာက အခု စနစ်ကို နည်းနည်းချဲ့ဖို့ပေါ့။ ဒါကတော့ အကောင်အထည်တော့ မဖော်သေးဘူး။ နိုင်ငံတော် ကျမတို့နိုင်ငံကလည်း ဆင်းရဲသေးတော့ စောင့်ရမှာပဲ။ ဘာလဲဆိုတော့ အခုလောလောဆယ်ရှိတယ် တချို့နယ်မြေတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ အစိုးရအမှုထမ်းတွေ လခနည်းနည်း တိုးပြီးရတာတွေရှိတယ်။ နှစ်ဆတို့ဘာတို့ တိုးရတာတွေရှိတယ်။ ဒါပေမဲ့ အဲဒီနယ်မြေတွေက ကန့်သတ်ထားတယ်ပေါ့။ အဲဒီနယ်မြေတွေကို ချဲ့ပေးရင်ကောင်းမယ်။ အင်ဒိုနီးရှားမှာဆိုရင်လည်း အဲဒီလိုပဲ လုပ်တာပဲ။ ဒါမှမဟုတ်လဲ performance base သူတို့လုပ်ရည်ကိုင်ရည်ပေါ် မူတည်ပြီး critical အမျိုးမျိုးနဲ့ ဆုံးဖြတ်လို့ ရပါတယ်။ အဲဒီအပေါ် မူတည်ပြီး bonus ပေးတာမျိုးတို့ဘာတို့။ စင်္ကာပူ အစိုးရအမှုထမ်းတွေ ဘာတွေဆို ဒီစနစ်ရှိပါတယ်။ လုပ်ရည်ကိုင်ရည်ပေါ် မူတည်ပြီး လခတိုးပေးတာရှိတယ်။ အဲဒီလိုလုပ်လို့ ရပါတယ်။ ဒါပေမဲ့ မှန်ပါတယ်။ လခ အင်မတန်နည်းတယ်။ သို့သော် လခနည်းတိုင်း အပြင်မှာ ကျူရှင်ပေးစားလို့ရပါတယ်။ ကိုယ့်ခလေးတွေကို အဲဒီလို နှိပ်စက်ပြီး ကျောင်းထွက်လောက်အောင် တချို့ခလေးတွေဖြစ်တယ်။ အဲဒါကြတော့ ကျမလည်း သည်းညည်းမခံနိုင်ဘူး။

ဦးကျော်ဇံသာ ။ ။ နောက်ပြီးတော့ ဆရာမတို့လို ပညာရှင်တွေက အကြံပေးတာကို အခြေခံပညာအဆင့်မှာ အစိုးရဖက်က လိုက်နာဆောင်ရွက်တာ ရှိပါသလား။ ဘာတွေများ ရှိပါသလဲ။

ဒေါ်ရင်ရင်နွယ် ။ ။ အများကြီး ရှိပါတယ်။ ကျမတို့လုပ်ငန်းက တကယ်တော့ သမ္မတကြီးပြောတဲ့ လက်တွေ့ကျကျ ပညာရေးပြုပြင်ပြောင်းလဲချက်တွေက (၇) ရက် အောက်တိုဘာလကျမှ စလိုက်တာလေ။ ဒါပေမဲ့ အဲဒီနောက်ပိုင်း ဖြစ်လာတာတွေက တော်တော်များပါတယ်။ ဥပမာ ကျမတို့ ထောက်ခံနေတဲ့ အခြေခံသင်ရိုးညွှန်းတမ်းက သိပ်ပြီး များလွန်အားကြီးတယ်။ သဘောက သင်ရိုးညွှန်းတမ်းက များလွန်အားကြီးတော့ ခလေးတွေကို ကျူရှင်တွန့်ပို့သလို ဖြစ်နေတယ်။ အဲဒါက ၂၅ ရာခိုင်နှုန်း လျှော့လိုက်ပြီ။ နောက်တခုက အရင်တနှစ်ထဲက မူလတန်းကျောင်း ခလေးတွေကို အခမဲ့ ပညာသင်ကြားရေး။ ဒီနှစ်ကျတော့ အလယ်တန်းပါ ဖြစ်သွားပြီ။ ဒါပေမဲ့ အကောင်အထည်ဖော်မှုကတော့ နည်းနည်းအားနည်းနေတုန်းပေါ့။ ဘာကြောင့်လဲဆိုတော့ အောက်ခြေမှာ capacity လိုတယ်။ အကောင်အထည်ဖော်မှု အားနည်းနေတယ်။ နောက်တချက်က ဘက - ဘုန်းတော်ကြီးကျောင်းတွေက ဆင်းရဲတဲ့ခလေးတွေအတွက်။ ဘယ်လိုပဲပြောပြော ကျမတို့ အစည်းအဝေးတွေမှာ ဘုန်းတော်ကြီးတွေက ထပြောတော့ အခု ဘုန်းတော်ကြီးကျောင်းကအောင်တဲ့ ခလေးတွေ အစိုးရစနစ်ထဲ ပြန်ဝင်လို့ရတယ်။ ထပ်ပြီး မဖြေဘဲနဲ့ အဲဒီလို တန်းဝင်လို့ရတယ်။ အဲဒါတွေ လုပ်ပေးနေပြီ။ နောက် ကျမ အကျေနပ်ဆုံး ပြောရမယ်ဆိုရင် ကျမတို့ အကြံပေးတာ ဘာလဲဆိုရင် တိုင်းရင်းသားဘာသာစကားတွေကို မူလတန်းကျောင်းကစပြီး သင်ခွင့်ပြုလိုက်ပြီ။ မြို့နယ်အလိုက်၊ တိုင်းနဲ့ဒေသကြီးအလိုက် decentralize ဗဟိုက ချုပ်ကိုင်တာ လျှော့ချမှု လျှော့ချလိုက်ပြီ။ မူထဲတော့ ပါသွားပြီ။

ဦးကျော်ဇံသာ ။ ။ လက်တွေ့တော့ ဖြစ်မလာသေးဘူးပေါ့။ သက်ဆိုင်တဲ့ တိုင်းရင်းသားနယ်မြေတွေမှာပေါ့။ မွန်ပြည်နယ်မှာဆို မွန်စကားနဲ့သင်။

ဒေါ်ရင်ရင်နွယ် ။ ။ ဒါပေါ့။

ဦးကျော်ဇံသာ ။ ။ Language subject တခုအနေနဲ့ သင်တာလား။ သို့တည်းမဟုတ် အခြေခံ medium အဖြစ်နဲ့ သူတို့စကားနဲ့ ပထဝီ၊ သမိုင်းတို့ပါ သင်သလား။

ဒေါ်ရင်ရင်နွယ် ။ ။ ဆရာပြောတာ သိပ်ကောင်းပါတယ်။ အဲဒီ point က။ တော်တော်များများက နားမလည်းဘူး။ ဘာသာရပ်တခုအနေနဲ့ သင်တာလား။ သင်ကြားတဲ့ ဘယ်ဘာသာစကားကို medium of instruction ကမ္ဘာကြီးသည်လုံး၏ ရှင်းပြဖို့ ဘယ်ဘာသာစကားနဲ့ ရှင်းပြမလဲပေါ့။ ရှမ်းလို ရှင်းပြမလား၊ ဗမာလို ရှင်းပြမလား။ အင်္ဂလိပ်လို ရှင်းပြမလားပေါ့။ အဲဒါက တိုင်းနဲ့ဒေသကြီးတွေကို ကျမတို့ decentralize လုပ်ဖို့ အကြံပြုလိုက်ပါတယ်။ မြို့နယ်အလိုက် ရပ်ကွက်အလိုက် ဖြစ်တော့မယ်ထင်တယ်။ အဲဒါ decentralize လုပ်လိုက်ပါပြီ။ ဗဟိုက လျှော့ချဖို့ ကျမတို့ အကြံပြုလိုက်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ပြည်နယ်တွေ တိုင်းရင်းသားဒေသတွေမှာ ဆရာတွေကလည်း များသောအားဖြင့် တိုင်းရင်းသား ဆရာတွေအများကြီး လိုလာမှာပေါ့။

ဒေါ်ရင်ရင်နွယ် ။ ။ အဲဒီ ဆရာပြောတဲ့အချက်က ဟုတ်တယ်။ ပြည်သူလူထုကလည်း အဲဒါကို သတိထားဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလို တောင်းဆိုနေတာတော့ကြာပါပြီ။ အဲဒီတော့ မူအရ ခွင့်ပြလိုက်ပြီ ဆိုပေမယ့်လဲ အကောင်အထည်ဖော်တဲ့အခါမှာ ဆရာ၊ ဆရာမတွေ အများကြီး မွေးထုတ်ရမှာပါ။ အဲဒီတော့ အဲဒီလို မွေးထုတ်တဲ့နေရာမှာလဲ တချို့ပြည်နယ်တွေက အင်အားပိုကောင်းရင်ကောင်းမယ်။ ဥပမာ ရှမ်းပြည်နယ်က ပိုကောင်းရင်ကောင်းမယ်။ ချင်းပြည်နယ်ကြတော့ ပြည်မက ထောက်ပံ့မှုတွေ အများကြီး လိုပါလိမ့်မယ်။ မွေးထုတ်ဖို့။

ဦးကျော်ဇံသာ ။ ။ ဆရာမ ဒါက အခြေခံပညာပိုင်း။ အဲဒီတော့ တက္ကသိုလ်ပညာရေးက ဘယ်လောက် တိုးတက်လာပြီလဲ။ ဘာများ ပြုပြင်ပါသလဲ။

ဒေါ်ရင်ရင်နွယ် ။ ။ တက္ကသိုလ်ပညာရေးက အဓိက တိုးတက်ဖို့။ လမ်းဖွင့်ပေးလိုက်တာတော့ decentralize ဗဟိုက ချုပ်ကိုင်မှု လျှော့လိုက်ပြီ။ ကျမတို့ ရေးထားတဲ့အတိုင်း မူက အကောင်အထည်ဖော်လာမယ်ဆိုလို့ရှိရင် (၂) နှစ် (၃) နှစ်နေရင် အဆင့်မြင့်ပညာဦးစီးဌာနဆိုတာ မရှိတော့ဘူး။ သူ့တက္ကသိုလ်သူ အုပ်ချုပ်မယ်။ Promotion ရာထူးတိုးတက်မှု။ Transfer တမျိုးကနေတမျိုး ပြောင်းမှု။ နောက်တော့ Recruitment အလုပ်ခန့်ထားမှုတွေ အားလုံးဟာ မိမိတက္ကသိုလ် မိမိကိုင်ရမယ်။ ဒီ နိုင်ငံခြားမှာလိုပဲ။ တခုတော့ရှိတယ် ဗဟိုက ချုပ်ကိုင်တာ တစ်ရာရာခိုင်နှုန်းအပြည့်ကတော့ တက္ကသိုလ်ကတော့ မလျှော့နိုင်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါက Public တက္ကသိုလ်တွေ။ ဒီပြင့်နိုင်ငံတွေမှာကြည့်ရင် လုံးဝလွတ်လပ်မှုရှိတဲ့ တက္ကသိုလ်တွေက Private တက္ကသိုလ်တွေ။ Harvard, MIT တို့က Private တက္ကသိုလ်တွေ။ အဲဒီတော့ ဘာကြောင့်လဲဆိုတော့ ကျမတို့ တက္ကသိုလ်တွေက အရင်ခေတ်က ကောင်းတယ်ပဲပြောပြော၊ ဆိုးတယ်ပဲပြောပြော အများကြီးဖြစ်ကုန်တယ်။ ၁၆၉ ကျောင်း။ အများကြီး ဘွဲ့ပေးနိုင်တဲ့ အဖွဲ့တွေက။ ဆိုတော့ အဲဒါတွေကို လုံးဝဗဟိုက မကိုင်တော့ဘူးဆိုရင် ဆရာ စဉ်းစားကြည့် သင်ရိုးညွှန်းတမ်းမှာ သွားထိမယ်။ ဥပမာ အောင်ချက်ကောင်းကောင်းလိုချင်ရင် သင်ရိုးညွှန်းတမ်းကို လျှော့ပစ်လိုက်လို့ရတယ်။ အဲဒါဆိုရင် နိုင်ငံတော်ကို အသိအမှတ်ပြုတဲ့ ဘွဲ့ဖြစ်နိုင်သေးလား။ ဒါပေမဲ့ ကျမပြောတာ မြစ်ကြီးနားက ဆရာတဦးက ရန်ကုန်မှာ ပါမောက္ခလျှောက်ချင်ရင် ဘယ်မှ အဆင့်မြင့်ပညာဦးစီးဌာနတွေ ဘာတွေကို ဆည်းကပ်စရာမလိုဘူး။ သူ့အရည်အချင်းနဲ့သူ လျှောက် ဟိုမှာလည်း ဒီအချက်တွေပေါ် မူတည်ပြီး အားလုံးက ပွင့်လင်းမြင်သာမှုရှိဖို့ ကျမတို့ အကြံပြုထားပါတယ်။

ဦးကျော်ဇံသာ ။ ။ တက္ကသိုလ်မှာ ဆရာတွေ စာသင်တဲ့အခါမှာ နိုင်ငံတကာမှာလို တကယ့် lecture ပေးပြီးတော့ reading list ပေးလိုက်တယ်။ သူတို့က library မှာသွားရှာ၊ သူတို့ဘာသာလေ့လာ။ အခု အဲဒီလိုစနစ်မျိုး ပြန်ဖြစ်ဖို့ လွယ်ပါသလား။

ဒေါ်ရင်ရင်နွယ် ။ ။ ကျမတို့ခေတ်ကလည်း ဒီလိုပဲ။ အကြံပြုထားပါတယ်။ ဒါပေမဲ့ ဆရာတွေကလည်း ကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ် လုပ်ရမှာပေါ့။ နောက်တခုက အင်မတန် အရေးကြီးပါတယ်။ မြန်မာနိုင်ငံတက္ကသိုလ်အတွက် ဘာလဲဆိုတော့ အင်တာနက်က ဖွင့်ချပေးရမယ်။ အင်တာနက်က ဒီ့ပြင်နိုင်ငံတွေမှာ လွတ်လွတ်လပ်လပ် အားကောင်းကောင်းရသလို တက္ကသိုလ်မှာ WiFi အပြည့်ရရမယ်။ အဲဒါဆိုရင်တော့ ရှင်းရှင်းပြောရင်တော့ Library သိပ်မပြည့်စုံသေးတာတောင် ဒီလိုပဲ သုတေသနလုပ်လို့ရတယ်။ သင်ကြားလို့ရတယ်။ ကျောင်းသားတွေ အဲဒီလိုပဲ တဖြည်းဖြည်း မွေးထုတ်ယူရမှာပေါ့။ အချိန်ကြာမှာပေါ့။ မျှော်လင့်နေတာပဲ။

XS
SM
MD
LG