သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"မွေးချင်းပေါက်ဖော်ဆိုပါလား"


တရုတ်သမ္မတ Xi Jinping နဲ့ မြန်မာသမ္မတ ဦးသိန်းစိန်၊ Beijing, China Saturday, Nov. 8, 2014. (AP Photo/)
တရုတ်သမ္မတ Xi Jinping နဲ့ မြန်မာသမ္မတ ဦးသိန်းစိန်၊ Beijing, China Saturday, Nov. 8, 2014. (AP Photo/)

လွတ်လပ်ရေးရပြီး မကြာမီ ဗမာကွန်မြူနစ် သူပုန်ထနေတုန်း တရုတ်ပြည်တွင်းစစ်မှာ အရေးနှိမ့်လာတဲ့ တရုတ်ဖြူတပ်ရင်းတချို့ ရှမ်းပြည်မှာ ဝင်ရောက်ခိုလှုံတာကြောင့် တရုတ်ကွန်မြူနစ် အန္တရာယ်ကို စိုးရိမ်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ ဆက်ဆံရေးကောင်းအောင် မွေးချင်းပေါက်ဖော် ဆက်ဆံရေးဆောင်ပုဒ်ကို ပထမဦးဆုံး ဝန်ကြီးချုပ် ဦးနုက တည်ထွင်လိုက်ပါတယ်။ အဲဒီအချိန်ကစပြီး တရုတ်-ဗမာ ဆက်ဆံရေးမှာ အဖုအထစ် ရှိလာရင် ချောမောပြေပြစ်ဖို့အတွက် မွေးချင်းပေါက်ဖော်ဆိုတဲ့ ဆောင်ပုဒ်ကို သုံးလေ့ရှိပါတယ်။ အခုတော့ ဒီဆောင်ပုဒ်ကို တရုတ်ခေါင်းဆောင်တိုင်းက အတွင်တွင်သုံးနေတာကို တွေ့ရပါတယ်။

လွန်ခဲ့တဲ့ နိုဝင်ဘာလက အရှေ့အာရှ ညီလာခံတက်ဖို့ နေပြည်တော်ကို ရောက်လာတဲ့ တရုတ်ဝန်ကြီးချုပ် Li Keqiang ကလည်း နှစ်နိုင်ငံဆုံ ပူးတွဲလုပ်ကိုင်ရာမှာ ပေါက်ဖော်ဆက်ဆံရေး အရေးကြီးကြောင်း ပြောပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ စစ်ရေး နဲ့ ပြည်သူအချင်းချင်း ဆက်ဆံရေးစတဲ့ နယ်ပယ်မျိုးစုံမှာ ဒေါ်လာ သန်း (၈) ထောင်ကျော်သုံးမယ့် စာချွန်လွှာတွေကို လက်မှတ်ထိုးပါတယ်။ နှစ်ဦးနှစ်ဖက် အပြန်အလှန် ယုံကြည်အောင် ပေါက်ဖော်ဆက်ဆံရေးကို ကျင့်သုံးရမယ်လို့ ဆိုပါတယ်။ ချက်ချင်းပဲ တရုတ်သံအမတ် Yang Houlan ကလည်း တရုတ်-မြန်မာ ပေါက်ဖော်ချစ်ကြည်ရေးခရီးကို စီစဉ်ပါတော့တယ်။

လက်ပံတောင်းတောင် ပြဿနာဖြစ်မှု၊ မြစ်ဆုံဆည် ရပ်ဆိုင်းမှု၊ တရုတ် စီးပွားရေး ကြီးစိုးမှု စတာတွေကြောင့် မြန်မာနိုင်ငံမှာ တရုတ် ဆန့်ကျင်ရေး လုပ်လာမှာကို စိုးရိမ်တဲ့အတွက် မွေးချင်းပေါက်ဖော် ဆက်ဆံရေးကို အဓိက ဦးစားပေးပြီး ပြောဆိုလာတာ ဖြစ်ပါတယ်။ ဒီဇင်ဘာလမှာ တရုတ် ဒုတိယသမ္မတ လီယွန်ချောင် နေပြည်တော်ကို လာတော့လဲ မွေးချင်းပေါက်ဖော် ချစ်ကြည်ရေးကို အခြေခံတဲ့ ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး အကောင်အထည်ဖော်ဖို့ ဆော်သြသွားပါတယ်။ အောက်ခြေအထိ ပူးတွဲဆောင်ရွက်တာကို မဟာဗျူဟာ ဆက်ဆံရေးလို့ ပြောတာဖြစ်ပါတယ်။ တရုတ်အစိုးရဟာ အောက်ခြေက ပုဂ္ဂလိအဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီတွေကိုပါ စည်းရုံးသိမ်းသွင်နေတာကို တွေ့ရပါတယ်။ အားကစား၊ ယဉ်ကျေးမှု နဲ့ ပညာရေးမှာ တရုတ်ကို လက်ခံလာအောင် ပြည်သူချင်း ဆက်ဆံရေးကို မြှင့်တင်နေပါတယ်။

ဆွေးမျိုးပေါက်ဖော် ချစ်ကြည်ရေး အရှိန်အဟုန် မြှင့်လာအောင် ဘေးတီးသူတွေထဲမှာ ဒေသခံ တရုတ်တွေက အဓိကအခန်းက ပါပါတယ်။ ဥပမာ မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်း သက်တမ်း (၁၀၆) နှစ်ပြည့် အထိမ်းအမှတ် ကျင်းပတဲ့အနေနဲ့ တရုတ်ပြည်နယ် (၅) ခုက ဘက်စကတ်ဘော အသင်းတွေ မြန်မာနိုင်ငံမှာ မကြာမီက ယှဉ်ပြိုင်ကြပါတယ်။ တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရာမှာ ဒေသခံ တရုတ်က ကြားဝင်ဆောင်ရွက်တာ အများကြီး ရှိပါတယ်။

ရေအားလျှပ်စစ် ဖက်စပ်လုပ်ငန်းမှာ မြန်မာဘက် ဘိန်းမှောင်ခို လော်စစ်ဟန် တည်ထောင်တဲ့ Asia World ကုမ္ပဏီနဲ့ ဦးအိုက်ထွန်းတို့ ပါဝင်နေတာ ထင်ရှားတဲ့ဥပမာ ဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ မူဆယ်က ခြံမြေဈေးကွက်မှာလဲ ဒေသခံအမည်ကို အသုံးပြုတဲ့ တရုတ်သူဌေးတွေ ကြီးစိုးနေကြောင်း ကြားသိရပါတယ်။

တရုတ်ပြည်မှာ အလုပ်သမားခ ကြီးမြှင့်လာလို့ အမြတ်အစွန်း နည်းလာတာရယ်။ ဗီယက်နမ်မှာ တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှု ဖြစ်ပေါ်တာရယ် စတာတွေကြောင့် ထိုင်ဝမ်တရုတ်တွေ မြန်မာပြည်ကို စိတ်ဝင်စားလာကြပါတယ်။ မဆလ အစိုးရခေတ်က မြန်မာသင်္ဘောသားကို ဆိပ်ကမ်းပေါ် တက်ခွင့်မပေးခဲ့တဲ့ ထိုင်ဝမ်နိုင်ငံဟာ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နံှပြီး မွေးချင်ပေါက်ဖော် လုပ်ချင်ပါတယ်။ ထိုင်ဝမ်လုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်လိုတဲ့ အာရှနိုင်ငံမှာ မြန်မာက ရှေ့ဆုံးက ဖြစ်နေပါတယ်။ ထိုင်ဝမ်-မြန်မာ ကုန်သွယ်မှု တဖြည်းဖြည်း တိုးပွားနေပါတယ်။ ဒေါ်လာ သန်း (၅၀၀) ရင်းနှီးမယ့် လျှပ်စစ်ပစ္စည်း ထုတ်လုပ်မယ့် စက်မှုဇုံ ရန်ကုန်တိုင်းမှာ တည်ထောင်ဖို့ ထိုင်ဝမ် လျှပ်စစ်အသင်းက စတင်ပြင်ဆင်နေပါတယ်။ တရုတ်နဲ့ ဗီယက်နမ်မှာ ရင်းနှီးမြှုပ်နံှရာက အလုပ်သမားခ သက်သာတဲ့ မြန်မာပြည်ဖက်ကို ဦးလှည့်လာတာ ဖြစ်ပါတယ်။

၁၉၈၈ ကနေ ၂၀၁၄ အထိ နှစ်ပေါင်း အစိတ်အတွင်း မြန်မာပြည်မှာ နိုင်ငံခြားရင်းနှီးမှု ပမာဏ ဒေါ်လာ သန်း (၅) သောင်းရှိတဲ့အနက် တရုတ် အရင်းအနှီးက ဒေါ်လာ သန်း (၁) သောင်း (၄) ထောင်ကျော် ရှိပါတယ်။ နိုင်ငံခြား အရင်းအနှီး စုစုပေါင်း (၃၀) ရာခိုင်နှုန်းနီးပါး တရုတ်ပြည်က လာတာပါ။ အမေရိကန်ရဲ့ ရင်းနှီးမှုပမာဏဟာ ဒေါ်လာ သန်း (၂၀၀) ကျော်သာ ရှိတာမို့ တရုတ်ရဲ့ (၁) ရာခိုင်နှုန်းကျော်သာ ရှိပါတယ်။ တရုတ် ရင်းနှီးမြှုပ်နံှမှု ပမာဏ က နှစ်အနည်းငယ်အတွင်း ဒေါ်လာ သန်း (၂) သောင်း ကျော်သွားနိုင်ပါတယ်။ ဒါကြောင့် ဘယ်အစိုးရတက်တက် တရုတ်ကို မှီခိုနေရပါလိမ့်မယ်။

၁၉၉၀ ရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ ကဏကောစလုပ်တဲ့အတွက် တရုတ် ဆရာတင်ရတဲ့ဘဝကို ရောက်သွားတာ ဖြစ်ပါတယ်။ မွေးချင်းပေါက်ဖော် ဆက်ဆံရေးလုပ်တော့ ဗမာက ညီလေး၊ တရုတ်က အကိုကြီးပေါ့။ ကြေးနီစီမံကိန်းမှာ မီးလောင်မှုနဲ့ အမှုဖွင့်ခံရတဲ့ တရုတ်ဝန်ထမ်း တရုတ်ပြည်ပြန်သွားတာ ဗမာ ဘာမှမတတ်နိုင်ပါဘူး။ အပေါ်စီးရထားသူကို အရေးယူဖို့ ခက်ခဲကြောင်း ပြသတာ ဖြစ်ပါတယ်။ ဗမာ အစိုးရက တရုတ်သြဇာခံ မဟုတ်ကြောင်း ကြိုးစားပြီး ပြသနေပေမယ့် တရုတ်အစိုးရ တည်ဆောက်တဲ့ ပေါင်းလောင် ရေအားလျှပ်စစ်ကြောင့်သာ နေပြည်တော်မှာ မီးလင်းနေတာကို မမေ့သင့်ပါ။

XS
SM
MD
LG