သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အခြေခံဥပဒေ နဲ့ ရွေးကောက်ပွဲ


သမ္မတဦးသိန်းစိန် လမ်းခင်းပေးတဲ့အတွက် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (၂၀၁၂) ဧပြီလမှာ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာတာမို့ အခုဆိုရင် (၃) နှစ်ကျော်သွားပါပြီ။ ဒါကြောင့် အခြေခံဥပဒေကို ပြင်ဆင်ဖို့ ကြိုးပမ်းတာလည်း (၃) နှစ် ကျော်သွားပြီလို့ ပြောရပါလိမ့်မယ်။ အခြေခံဥပဒေ ပြင်ဆင်ဖို့ လွှတ်တော်အမတ်အများစုက လိုလားပြီး နိုင်ငံသား (၅) သန်းကျော် လက်မှတ်ထားပြီး ပန်ကြားထားပေမယ့် မျှော်လင့်သလို ဖြစ်မလာသေးတဲ့အတွက် ပြုပြင်ရေး ရပ်တန့်နေပြီလို့ သုံးသပ်ကြပါတယ်။ အခြေခံဥပဒေကို မပြင်ဘဲ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှာ မဟုတ်ဘူးလို့ ဝေဖန်သုံးသပ်တာတွေ ရှိလာပါတယ်။

ဒေါ်စု လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာပြီး တနှစ်ကျော်ကြာတဲ့အခါ (၂၀၁၃) ဇူလိုင်လမှာ (၁၀၉) ဦး ပါဝင်တဲ့ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းပါတယ်။ (၆) လကြာတော့ (၂၀၁၄) ဖေဖေါ်ဝါရီလ (၃) ရက်နေ့မှာ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီကို ဖွဲ့စည်းပါတယ်။ နောက် (၆) လနီးပါးကြာတော့ ဒီကော်မတီက ဇူလိုင် (၂၂) ရက်နေ့မှာ ကနဦးအစီရင်ခံစာ လွှတ်တော်ကို တင်သွင်းပါတယ်။ အရပ်ဘက်နဲ့ စစ်ဘက်က တင်ပြတဲ့ အကြံပြုချက်တွေကို အစည်းအဝေး အကြိမ် (၃၀) ထိုင်ပြီး လေ့လာသုံးသပ် ဆွေးနွေးကြောင်း ကနဦးအစီရင်ခံစာမှာ ဖော်ပြပါတယ်။

ကနဦး အစီရင်ခံစာ တင်သွင်းပြီး (၆) လကျော် ကြာတဲ့အခါ (၂၀၁၅) ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့မှာ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းအတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဥပဒေကို ဦးသိန်းစိန်လက်မှတ်နဲ့ ပြည်ထောင်စုလွှတ်တော်က ပြဌာန်းပါတယ်။ ဒီကိစ္စကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တာဝန်ယူဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ မရှင်းမလင်း ဖြစ်နေပါတယ်။

ဥပမာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို လွှတ်တော်က သတ်မှတ်ထားတဲ့ ကာလအတွင်း ကျင်းပရမှာဖြစ်ပြီး၊ ကျင်းပမယ့် နေရက်ကို အနည်းဆုံးရက်ပေါင်း (၃၀) ကြိုတင်ကြေညာရမယ်လို့ ဆန္ဒခံယူပွဲ ဥပဒေအခန်း (၂) မှာ ဖော်ပြပါတယ်။ ဒါပေမဲ့ ဆန္ဒခံယူပွဲကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်သတ်မှတ်တဲ့ အခန်း (၄) မှာလည်း ဆန္ဒခံယူပွဲ ကျင်းပမယ့် အချိန်ကာလကို ကော်မရှင်က သတ်မှတ်ရမယ်လို့ ဖော်ပြပြန်ပါတယ်။ ဆန္ဒခံယူပွဲကျင်းပချိန်ကို လွှတ်တော်ကရော ကော်မရှင်ကရော သတ်မှတ်နိုင်သလို ဖြစ်နေပါတယ်။

ဆန္ဒခံယူပွဲဥပဒေ မပြဌာန်းမီ တပတ်အလိုမှာ ဆန္ဒခံယူပွဲကို မေလမှာ ကျင်းပနိုင်လိမ့်မယ်လို့ လွှတ်တော်နာယကဦးရွှေမန်းက ပြောပါတယ်။ ဒါပေမဲ့ လူထုကို ချပြရမယ့်ပြင်ဆင်ပြီးတဲ့ အခြေခံဥပဒေကြမ်း ဘယ်အဆင့် ရောက်နေပြီဆိုတာကိုတော့ မသိနိုင်ပါဘူး။ ဒါကြောင့် ရွှေမန်းပြောတဲ့ မေလ ဆန္ဒခံယူပွဲကို မဖြစ်နိုင်ဘူးလို့ လွှတ်တော်အမတ်တွေ ပြောနေတာ ကြာလှပါပြီ။ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ပြည့်ခိုင်ဖြိုး အမတ်အားလုံးနီးပါး သဘောတူပြီးဖြစ်လို့ စစ်တပ်ကိုယ်စားလှယ်ရဲ့ ထောက်ခံမှုရရှိဖို့ကိစ္စဟာ စစ်ဦးစီးချုပ်နဲ့ သမ္မတအပေါ်မှာ မူတည်တယ်လို့ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူးဦးအေးမောက်က ပြောကြောင်း ဧပြီလ (၂၅) ရက်နေ့ထုတ် 7 Days Daily သတင်းစာမှာ ဖော်ပြပါတယ်။

အခြေခံဥပဒေကို ပြင်ဆင်လိုစိတ် မရှိတာကြောင့် စစ်ဦးစီးချုပ်၊ သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒေါ်စုတို့ (၄) ဦး တွေ့ဆုံဆွေးနွေးဖို့ (၂၀၁၃) နိုဝင်ဘာမှာ ဒေါ်စု တင်ပြတာကို သမ္မတက လက်မခံပါဘူး။ တနှစ်ကြာတဲ့အခါ (၂၀၁၄) နိုဝင်ဘာမှာ သမ္မတ၊ ဒေါ်စု၊ လွှတ်တော်ဥက္ကဋ္ဌ (၂) ဦး၊ စစ်ဦးစီးချုပ်နဲ့ တိုင်းရင်းသားကိုယ်စားလှယ် (၆) ဦး တွေ့ဆုံဆွေးနွေးဖို့ လွှတ်တော်က ဆုံးဖြတ်ပေမယ့် သမ္မတက လက်မခံဘဲ (၄၈) ဦး ဆွေးနွေးပွဲနဲ့ တုံ့ပြန်ပါတယ်။ ရွေးကောက်ပွဲနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုသာ သမ္မတနဲ့ စစ်ဦးစီးချုပ်က ဦးစားပေးတာ ထင်ရှားလာပါတယ်။ လွှတ်တော်က ထပ်မံတောင်းဆိုတော့မှ ပြဿနာမဖြစ်အောင် ဧပြီလ (၁၀) ရက်နေ့မှာ ပထမအကြိမ် (၆) ဦး ဆွေးနွေးပွဲကို ကျင်းပပါတယ်။ မပြီးပြတ်နိုင်သေးတဲ့အတွက် ဒုတိယအကြိမ် (၆) ဦး ဆွေးနွေးပွဲကို မကြာမီ ကျင်းပလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဒါပေမဲ့ အခြေခံဥပဒေကို ဦးသိန်းစိန်နဲ့ ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းခေါင်းဆောင် အချို့ကလည်း ပြင်ဆင်ချင်တာ မဟုတ်တဲ့အတွက် (၆) ဦး ဆွေးနွေးပွဲဟာ တာဝန်ကျေအောင် ဟန်ပြလုပ်နေတာသာ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကို ကပြောကြောင်း မေလ (၉) ရက်နေ့ထုတ် မဇ္ဈိမသတင်းမှာ ဖော်ပြပါတယ်။ ဒေါ်စုနဲ့ မဟာမိတ်လုပ်ဖို့ ဝန်မလေးတဲ့ သူရဦးရွှေမန်းကတော့ ရွေးကောက်ပွဲမတိုင်မီ အခြေခံဥပဒေကို ပြင်ဆင်ပြီး ရွေးကောက်ပွဲပြီးရင် ပြင်ဆင်ထားတဲ့ အခြေခံဥပဒေကို ကျင့်သုံးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဗွီအိုအေနဲ့ တွေ့ဆုံမေးမြန်းခန်းတွေမှာ ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အမိန့်အတိုင်း အခြေခံဥပဒေရေးဆွဲတဲ့ အမျိုးသားညီလာခံကို ကြီးကြပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးသိန်းစိန်ဟာ ဦးသိန်းစိန်ဘဝမှာ အခြေခံဥပဒေကို ပြင်ဆင်ဖို့ အခက်အခဲ တွေ့နေပုံရပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ကတော့ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ချပေးထားတာကို ပြင်ဆင်ဖို့ စိတ်မဝင်စားပါဘူး။ ဒါကြောင့် ဦးသိန်းစိန်အစိုးရဟာ အကာအရံကိုသာ ပြုပြင်ပြီး အနှစ်သာရကို မပြုပြင်နိုင်ဘဲ ဖြစ်နေပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်ဘဲ ရွေးကောက်ပွဲကျင်းပရင် ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ရေးကိုလည်း ကမ္ဘာမှာ အယုံအကြည် နည်းပါးလာဖွယ် ရှိပါတယ်။

XS
SM
MD
LG