သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်ဆင်ရေးဆွဲရမည့် ၂၀၀၈ ဖွဲ့စည်းပုံ


၂၀၀၈ အခြေခံဥပဒေမူကြမ်း ရေးဆွဲစဉ် က လှုံ့ဆော်ရေးဆိုင်းဘုတ်
၂၀၀၈ အခြေခံဥပဒေမူကြမ်း ရေးဆွဲစဉ် က လှုံ့ဆော်ရေးဆိုင်းဘုတ်
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံမှာ စစ်တပ်ရဲ့အခန်းကဏ္ဍကို အတင်းအကျပ် လျော့ချဖယ်ရှားပစ်ဖို့ ကြိုးပမ်းကြမယ်ဆိုရင် စစ်အာဏာသိမ်းမှုဖြစ်မှာကို စိုးရိမ်ရတယ်လို့ ဖွ့ဲစည်းပုံဥပဒေပညာရှင် ပါမောက္ခ David Williams က ပြောဆိုလိုက်ပါတယ်။ ဒါဆိုရင် ဘာတွေကို ဘယ်လို ပြင်သင့်လဲဆိုတာ အမေရိကန်ပြည်ထောင်စု Indiana တက္ကသိုလ်က ပါမောက္ခ David Williams နှင့် ဦးကျော်ဇံသာ ဆွေးနွေးတင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ အခုကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ လူတိုင်းပြောလာကြပါတယ်။ အဓိက နှစ်ချက်ကတော့ စစ်တပ်ရဲ့အခန်းကဏ္ဍနှင့် တိုင်းရင်းသား အခွင့်အရေးကိစ္စ ဖြစ်တယ်ဆိုပြီး လူတိုင်းကပြောနေကြပါတယ်။ ဆိုတော့ ဖွဲ့စည်းပုံဥပဒေဆိုင်ရာ ပညာရှင်တစ်ဦးအနေနှင့် Professor Williams ရဲ့သဘောထားလည်း ကြားပါရစေ ခင်ဗျာ။

David Williams ။ ။ ဟုတ်ကဲ့ပါ။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲရေးဟာ အခုအခါမှာ အထူးအရေးတကြီး လိုအပ်နေပါတယ်။ ခင်များ ပြောသွားတဲ့အချက်နှစ်ရပ်ကို အဓိက ပြင်ဆင်ရပါလိမ့်မယ်။ စစ်တပ်က သြဇာအာဏာ ကြီးမားလွန်းနေပါတယ်။ စစ်တပ်ဆိုတာ ဂုဏ်သရေရှိအောင် ထားရှိရမှာပါ။ ကျွမ်းကျင်ဝန်ထမ်းကောင်း စစ်တပ်ဖြစ်နေရပါလိမ့်မယ်။ သူရဲ့တာဝန်ဟာ တိုင်းပြည်ရဲ့ ရန်သူတွေကို တိုက်ခိုက်ချေမှုန်းရမှာ ဖြစ်ပါတယ်။ သူတို့က နိုင်ငံရေးကို စီမံဆောင်ရွက်ဖို့ မဟုတ်ပါဘူး။ နိုင်ငံရေးမှာ စစ်တပ်က ဝင်စွတ်ဖတ်မှုတိုင်းဟာ မှားယွင်းဆုံးရှုံးမှု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီလိုဖြစ်နေတာကို ချက်ချင်းတထိုင်တည်းနှင့် ပြုပြင်ဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူးဆိုတာ ကျနော် နားလည်ပါတယ်။ ဒါပေမယ့် ဒါကို ပြုပြင်ဖို့ ကောင်းမွန်တဲ့ စတင်ဆောင်ရွက်ချက်တွေကိုတော့ ဦးစွာလုပ်ဆောင်ထားသင့်ပါပြီ။

စစ်တပ်ဟာ ဥပဒေပြုလွှတ်တော်မှာ ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်းဟာ အဓိက မလိုလားအပ်တဲ့အချက်လို့ လူအများအပြားက ယူဆကြပါတယ်။ ကျနော့်အမြင်မှာတော့ ဒီအချက်က အဓိက မဟုတ်ပါဘူး။ မလိုလားတဲ့ အဓိကအချက်ဟာ စစ်တပ်သည် အရပ်ဖက်အစိုးရ အာဏာဆက်အောက်မှာ မရှိခြင်းဘဲ ဖြစ်ပါတယ်။ ဆိုတော့ သူတို့က ဘယ်သူ့ အမိန့်အာဏာကိုမှ မခံယူဘဲ သူတို့ဟာသူတို့ လုပ်ချင်တာလုပ်လို့ ရနေခြင်းပဲ ဖြစ်ပါတယ်။ ဒုတိယတစ်ချက်ကတော့ ခင်များ ပြောသလိုပါပဲ တိုင်းရင်းသားအခွင့်အရေး ပြဿနာ ဖြစ်ပါတယ်။ သူတို့ဟာ တစုံတခုသော အတိုင်းအတာအထိ ကိုယ်ပိုင်ပြဌာန်းခွင့်ကို လိုချင်ကြတာဖြစ်ပါတယ်။ တချိန်တုန်းကတော့ လွတ်လပ်ရေး ကျူးကျော်သံနှင့် ပုန်ကန်တိုက်ခိုက်ခဲ့ကြသူတွေ ရှိပေမယ့် အခုအခါမှာတော့ ဘယ်တိုင်းရင်းသားခေါင်းဆောင်မှ လွတ်လပ်ရေးကို မတောင်းကြဘူးလို့ ကျနော် ယုံကြည်ပါတယ်။ ဒီနေရာမှာ သူတို့အားလုံးဟာ ကမ္ဘာတစ်လွှားမှာ ကျယ်ကျယ်ပျံ့ပျံ့ ဖြစ်နေတဲ့ Federal စနစ်ကို လိုချင်နေကြပါတယ်။ ဒီစနစ်ကို သူတို့လိုချင်တာဟာ တစိတ်တပိုင်းအားဖြင့်ကတော့ သူတို့ကိုယ်ပိုင်ဘာသာစကားကို သူတို့ပြောချင်လို့၊ သူတု့ိယုံကြည်ရာဘာသာတရားကို သူတို့ကိုးကွယ်ချင်လို့။ ဒီနေရာမှာ နေပြည်တော်က အမိန့်ပေးညွန်းကြားတာကို မလိုချင်ကြလို့ ဖြစ်ပါတယ်။ နောက် တစိတ်တပိုင်းအားဖြင့်လည်း အခုအခါမှာ သူတို့ဒေသက ထုတ်ယူနေတဲ့ သဘာဝသံယံဇာတတွေကို သူတို့ ချုပ်ကိုင်ချင်ကြပြီး အဲဒီက ရတဲ့ဝင်ငွေတွေအားလုံးကို နေပြည်တော်ကိုချည်းပဲမပေးအပ်ပဲ တချို့တဝက်ကိုလည်း သူတို့ဒေသအတွက် သုံးစွဲချင်ကြလို့ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ပါမောက္ခWilliams ဒါပေမယ့် ဒီလို ဖြစ်အောင်လုပ်ဖို့ ပြုပြင်ဖို့ဆိုတာကကော အပြောလွယ်သလောက် အလုပ်ခက် ဖြစ်မနေပေဘူးလား။ ပထမအချက်ဖြစ်တဲ့ စစ်တပ်ပြုပြင်ရေးကိစ္စကို ပြောရမယ်ဆိုရင် စစ်တပ်က ဒီလောက်ထိ အာဏာကြီးပြီး ချုပ်ကိုင်လာခဲ့တာ အခုနကပြောသလိုပေါ့ လွယ်လွယ်ကူကူနှင့် သူတို့နောက်ဆုတ်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။

David Williams ။ ။ မှန်ပါတယ်။ ဒါလုပ်ရတာ အင်မတန်ခက်ခဲတဲ့ ကိစ္စဖြစ်ပါတယ်။ ဒီအတွက် လုပ်ရမယ့် အခြေခံနည်းလမ်းသုံးခု ရှိပါတယ်။ ပထမနည်းလမ်းကတော့ လက်ရှိ ဖွဲ့စည်းပုံထဲမှာ ပြဌာန်းထားတာကို ပြန်ပြင်ဖို့ဖြစ်ပါတယ်။ ဒီအတွက် လွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်းရဲ့ ထောက်ခံဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် စစ်တပ်က ၂၅ ရာခိုင်နှုန်းယူထားလေတော့ သူတို့က ဒါကို ဘယ်တော့မှ ထောက်ခံမှာ မဟုတ်တာကြောင့် ဒီနည်းနှင့် ပြင်ဖို့ဆိုတာက လုံးဝမဖြစ်နိုင်ပါဘူး။ ဒုတိယနည်းလမ်းကတော့ လူတိုင်းပြောနေကြတဲ့ ဖွဲ့စည်းပုံဆိုင်ရာ ညီလာခံအသစ်ခေါ်ယူရေး ဖြစ်ပါတယ်။ အဲဒီမှာ လူထုကိုယ်စားလှယ်အသစ်တွေ ရွေးချယ်စေလွှတ်ပြီး ဖွဲ့စည်းပုံအသစ်တစ်ရပ်ကို ပြန်လည်ရေးဆွဲဖို့ ဖြစ်ပါတယ်။ ဒါကို ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေ အားလုံးက သဘောကျ နှစ်သက်ကြပါတယ်။ ဒါပေမယ့် လက်ရှိအစိုးရကရော စစ်တပ်ကရော ဒါကို လက်ခံလိမ့်မယ်လို့ ကျနော်တော့ မထင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒီ နံပါတ်နှစ် နည်းကလည်း ထွက်ပေါက်မရှိတဲ့ နည်းလမ်းပေါ့။

David Williams ။ ။ ဟုတ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တတိယနည်းလမ်းက ဆက်ပါဦး။ တတိယ နည်းလမ်းက ဘာလုပ်မလဲ။

David Williams ။ ။ ဟုတ်ပါတယ်။ ဒါကလည်း ထွက်ပေါက်မရှိတဲ့လမ်းပါ။ ကျနော်နှင့်တွဲပြီး အလုပ်လုပ်နေတဲ့သူတွေ အများစုက ဒီနည်းလမ်းကိုအားထားပြီး စိတ်ကူးနေကြတာပါ။ ဒါပေမယ့် ဒီနည်းက မဖြစ်နိုင်ဘူးလို့ ပြောရတာကတော့ ဝမ်းနည်းစရာကောင်းပါတယ်။ အခု ကျနော့်အနေနှင့် အရေးကြီးဆုံးလို့ ယူဆထားတာကတော့ ဖွဲ့စည်းပုံကို ကျနော်တို့ ပြန်ပြင်ရမယ်။ လုံးဝအသစ်ပြန်ရေးဖို့ မဟုတ်ပါဘူး။ ပြန်ပြင်ရမယ်။ ဒါပေမယ့် ပြန်ပြင်တာကို ပုံမှန်လုပ်ရိုးလုပ်စဉ်ရဲ့ ပြင်ပမှာ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေနှင့် ဆွေးနွေးပွဲတွေကတဆင့် ပြင်ရမှာ ဖြစ်ပါတယ်။ တကယ်တော့ ဒီနည်းနှင့် ဖွဲ့စည်းပုံ ပြင်ဆင်တာဟာ ကမ္ဘာပေါ်မှာလည်း အတော်လေး တွေ့လာရတဲ့ နည်းလမ်းပါ။ ပြည်တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံတွေမှာ အဲဒီ့ ပြည်တွင်းစစ်ကို အဆုံးသတ်ရေးအတွက် ဆွေးနွေးကြတဲ့အခါ အစိုးရကနေ ဖွဲ့စည်းပုံကို ပြန်ပြင်ဖို့ ကမ်းလှမ်းပြီး အဖြေရှာတာတွေ ရှိပါတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေ လိုချင်နေတဲ့ နိုင်ငံရေးအရ အပေးအယူလုပ်ဖို့ဆိုတာကလည်း ဒီမိုကရေစီကိုလိုချင်သူတိုင်းက ဖြစ်စေချင်တဲ့ကိစ္စတခုပါ။ တိုင်းရင်းသားတွေနှင့် ဆွေးနွေးပွဲတွေ အောင်မြင်ဖို့ကို လိုလားနေကြတာပါ။

ဦးကျော်ဇံသာ ။ ။ ဒါပေမယ့် ပါမောက္ခ Williams စစ်တပ်ရဲ့ စိတ်ထဲမှာက သူတို့ရဲ့ Mind Set က တိုင်းရင်းသားအင်အားစုတွေကို ဆွေးနွေးဖော်ဆွေးနွေးဖက်လို့ တကယ်မြင်ပါရဲ့လား။ မဖြစ်စလောက်ရန်သူတွေ ဒါတွေကို ငါတို့ ဆွေးနွေးစရာမလိုဘူး။ အင်အားနှင့် ချေမှုန်းပစ်လိုက်ရင် ရတယ်လို့ပဲ တချိန်လုံး ဒီလိုပဲယူဆလာခဲ့ကြတာ မဟုတ်ဘူးလား ခင်ဗျာ။

David Williams ။ ။ ဟုတ်ပါတယ်။ ဒါဟာအမှန်တကယ်ပဲ အစဉ်အလာထားရှိလာတဲ့ စစ်တပ်ရဲ့သဘောထားပါ။ သူတို့ဟာ တိုင်းရင်းသားတွေရဲ့ သဘောထားဆန္ဒကို နားမထောင်ပဲ အပေးအယူမလုပ်ဘဲ သတ်ဖြတ်ချေမှုန်းဖို့ ကြိုးစားခဲ့ကြတာပါ။ အခုအခါမှာတော့ စစ်တပ်ရဲ့မှန်ကန်တဲ့ စိတ်နေသဘောထားဟာ ဘယ်လိုတွေ ရှိနေသလဲဆိုတာ ကျနော်တို့တကယ့်ကို မသိနိုင်ပါဘူး။ ကျနော်တို့ သိနိုင်တာက စစ်တပ်ဟာ လက်ရှိအစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတချို့ကို ခွင့်ပြုထားတယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဘယ်အတိုင်းအတာအထိ ဆက်လက်ခွင့်ပြုသွားမလဲဆိုတာ တော့ မသိနိုင်ပါဘူး။ ဒါကြောင့် ဒီပဏာမ အဆင့်မှာ အရပ်သားအစိုးရယ်၊ NLD ရယ်၊ တိုင်းရင်းသားအင်အားစုရယ်တွေက စစ်တပ်ရဲ့အာဏာကို သိသိသာသာကြီး လျှော့ချဖို့ ကြိုးပမ်းကြမယ်ဆိုရင်တော့ အာဏာသိမ်းမှုတရပ် ပေါ်ပေါက်လာလေမလားဆိုတာ စိုးရိမ်စရာဖြစ်ပါတယ်။

ဒါပေမယ့် ဒါကိုအကြောင်းပြပြီး ပြုပြင်ပြောင်းလဲရေးတွေ မလုပ်သင့်ဘူးဆိုပြီး ရှောင်လွှဲနေစရာလည်း မလိုပါဘူး။ ပြုပြင်ရေးသမားတွေဖက်က အလွန်အကျွံ လုပ်လာရင်တော့ တမျိုးတမည် ဖြစ်သွားနိုင်ပါတယ်။ တခြားတဖက်မှာတော့ တိုင်းရင်းသားတွေနှင့် အပစ်အခက် ရပ်စဲရေးရ အောင် စစ်အစိုးရကိုယ်၌က အပေးအယူလုပ် လိုက်လျောထားခဲ့တာတွေ ရှိပါတယ်။ ဆိုတော့ အခုဆက်လုပ်ရမှာက ဒါကို အခုအခါတိုးချဲ့ပြီး တိုင်းရင်းသားအခွင့်အရေးဆိုင်ရာတွေကို ဆွေးနွေးညှိနှိုင်းပါ။ စစ်တပ်ကိစ္စကို လျော့လျော့ပေါ့ပေါ့ ကိုင်တွယ်ပါ။ အချိန်ကြာလာတာနှင့်အမျှ ဒီမိုကရေစီဆိုတာ သူတို့အတွက်အန္တရာယ်မဟုတ်ဘူးဆိုတာ သူတို့ကို ယိုယွင်းပျက်ပြားစေမှာ မဟုတ်ဘူးဆိုတာ သဘောပေါက်လာပါလိမ့်မယ်။ ဒီနည်းနှင့်ပဲ စစ်တပ်ရဲ့အာဏာကြီးစိုးမှုကို တဖြည်းဖြည်းချင်း တည်မတ်သွားနိုင်ပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ အခု ကျနော် တိုင်းရင်းသားအရေး Federal အရေးဆိုတာကို ကြည့်ကြအောင်ပါ။ စစ်တပ်ရဲ့အာဏာ လျော့ပေါ့ရေးဆိုတာကို ဆန့်ကျင်နိုင်တာက စစ်တပ်ပဲ ရှိပါလိမ့်မယ်။ Federal အရေးကို လက်မခံနိုင်သူတွေက ပိုတောင်များဦးမယ်လို့ တွက်သူတချို့လည်း ရှိကြပါတယ်။ လူအများစု ဗမာတွေ ဗမာတိုင်းရင်းသားတွေအထဲက တချို့က သူတို့က တိုင်းရင်းသားတွေထက် သာတယ်။ လူဦးရေများတယ်။ ဒါကြောင့် အခွင့်အရေးအားဖြင့် ပိုရသင့်တယ်လို့ ယူဆထားသူတွေ ရှိနေပါတယ်။ ဒီလို စိတ်နေသဘောထားကို ပြင်ဖို့ကကော လွယ်ပါရဲ့လား။ တော်တော်တော့ ပြင်ယူရဦးမှာပေါ့။

David Williams ။ ။ ဒါကို ကျနော့် အနေနှင့် လုံးဝသဘောတူပါတယ်။ ဒါက ပြဿနာရဲ့ ဇာတ်မြစ်ပါ။ ဒီသဘောထားဟာ ဗမာလူမျိုးစုမှာ ရှိနေတာထက် စစ်တပ်ခေါင်းဆောင်တွေကြားမှာ ဖြစ်တည်နေတဲ့ သဘောထား ဖြစ်ပါတယ်။ တိုင်းရင်းသားတွေဟာ သူတို့ထက် အဆင့်နှိပ်တယ်။ ဒါကြောင့် အစိုးရပိုင်းဌာနတွေမှာ သူတို့နှင့် တန်းတူအခွင့်အရေးမရသင့်ဘူးလို့ မြင်နေကြပါတယ်။ ဒါဟာ လုံးဝပြောင်းလဲပစ်ရမယ့် သဘောထားဖြစ်တယ်လို့လည်း ကျနော်ထင်ပါတယ်။ တချိန်တည်းမှာပဲ ဒီသဘောထားတွေ စတင်ပြောင်းလဲလာစပြုနေပြီဆိုတာကိုလည်း ကျနော်တွေ့ရပါတယ်။ အစိုးရတာဝန်ရှိသူတွေ တိုင်းရင်းသားခေါင်းဆောင်တွေနှင့် ဆွေးနွေးနေတာတွေ UNFC လို့ခေါ်တဲ့ တိုင်းရင်းသား Federal ကောင်စီနှင့် ဆွေးနွေးတာတွေလည်း တွေ့လာရပါပြီ။ ပြီးခဲ့တဲ့ နှစ်အနည်းကဆိုရင် ဒါမျိုးတွေ မတွေ့ခဲ့ရပါဘူး။ စစ်တပ်အနေနှင့် တိုင်းရင်းသားတွေကလည်း သူတို့ရဲ့ အမိန့်အာဏာကို နာခံရမယ်ဆိုတဲ့ သဘောထားမျိုးပဲ ရှိခဲ့ကြတာပါ။

အခုတော့ အရပ်ဖက် အစိုးရခေါင်းဆောင်တွေဖက်က Federal ကို အထိုက်အသင့် လိုက်လျောမယ့်သဘောထားတွေလည်း တွေ့လာရပါပြီ။ ဘယ်အတိုင်းအတာအထိလိုက်လျောမလဲ ဆိုတာတော့ ကျနော်လည်း မသိပါဘူး။ စစ်တပ်ကို နောက်ပြန် တွန်းပစ်ရွှွေ့ပစ် ဖို့တော့မဟုတ်ပါဘူး။ ဒီလိုမလုပ်ပဲ တိုင်းရင်းသားတွေကို လိုက်လျောမှုတချို့လုပ်နိုင်ဖို့ ညှိနှိုင်းနေကြပြီလို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ Federal ပုံစံကို အထိုက်အလျောက်လိုက်လျောမယ်ဆိုလို့ ကျနော် ဒီမှာမေးချင်တာက ကမ္ဘာပေါ်မှာ Federal နိုင်ငံချင်းလည်း ပုံစံချင်းကွဲလွဲတာတွေ အများကြီးတွေ့ရပါတယ်။ ဥပမာ အမေရိကန်ပြည်ထောင်စု သြစတေးလျ စသဖြင့် သူတို့ မတူကြဘူးလို့ ထင်ပါတယ်။ ဘယ်အပေါ်မှာ အခြေခံပြီး ကွဲလွဲသလဲ ဆိုတာလည်း နည်းနည်း ရှင်းပြပါဦး။

David Williams ။ ။ Federal နိုင်ငံဆိုတဲ့ အဓိပ္ပာယ်က ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့ကြား အာဏာကို ဖွဲ့စည်းပုံမှာ ခွဲဝေကြခြင်းပဲ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု ကနေဒါ သြစတေးလျ တို့မှာ ဒီလိုပဲခွဲထားပါတယ်။ မြန်မာနိုင်ငံလည်း စစ်မှန်တဲ့ Federal ဖြစ်လာရင် ဒီလိုပဲလုပ်ရပါလိမ့်မယ်။ ဒီနေရာမှာ မေးစရာကတော့ ဘာအတွက် အာဏာကို ဒီလိုခွဲဝေရသလဲဆိုတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံလို ကိစ္စမျိုးမှာတော့ မတူကွဲပြားသော တိုင်းရင်းသားလူမျိုးစုတွေပါ ရှိနေလို့ ဖြစ်ပါတယ်။ ဒီတိုင်းရင်းသားတွေကို တစုံတခုသော အတိုင်းအတာအထိ ကိုယ်ပိုင်စီမံ အုပ်ချုပ်ခွင့်ပေးအပ်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Federal နိုင်ငံတိုင်းမှာတော့ ဒီလိုမဟုတ်ပါဘူး။ ဥပမာ သြစတေးလျမှာ ဒါမျိုး သိပ်တွေ့ရမှာ မဟုတ်ပါဘူး။ ဒါက တခြားအကြောင်းကြောင်းတွေကြောင့် ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ပုံစံကတော့ စိတ်ဝင်စားစရာကောင်းပါတယ်။ အစောပိုင်း ကာလတွေတုန်းကတော့ မတူကွဲပြားတဲ့ ယဉ်ကျေးမှုဓလေ့တွေကြောင့် ဒီလိုခွဲဝေခဲ့တာပါ။

ပြည်နယ်လိုက် လူထုတခုနှင့်တခု ယဉ်ကျေးမှုတွေ သိပ်ကိုကွဲလွဲပါတယ်။ တောင်ကယ်ရိုလိုင်းနားနှင့် Massachusetts ဖက်လူတွေက သိပ်ကိုကွဲလွဲပါတယ်။ ဒါကြောင့်လည်း သူတို့ဟာ တချို့ကိစ္စတွေအတွက် ပူးပေါင်းလုပ်ဆောင် လိုကြပေမယ့် ကျန်တချို့ကိစ္စတွေကိုတော့ သီးခြားဆောင်ရွက်ဖို့ လိုလားခဲ့ကြပါတယ်။ အချိန်ကာလ ကြာမြင့်လာတာနှင့်အမျှ အမေရိကန်တွေဟာ အချင်းချင်း ယဉ်ကျေးမှုချင်း ပေါင်းစည်းလာပါတယ်။ ဒီအတွက် ကိစ္စတော်တော်များများမှာ ငြိမ်းချမ်းစွာ ဖြစ်ထွန်းလာခဲ့တာပါ။ ဆိုတော့ ဒါဟာ ဘာမှ ပြဿနာ မရှိပါဘူး။ အတင်းအကျပ်လုပ်ဆောင်ချက် တစုံတရာမရှိဘဲနှင့် ပေါင်းစည်းလာခြင်းဟာ သူ့သဘာဝအလျောက်ဖြစ်ထွန်းလာမှုတခုပါ။ ဒါကြောင့် အမေရိကန် Federal စနစ်ဟာ မတူကွဲပြားတဲ့ ယဉ်ကျေးမှု ပြဿနာကို ဖြေရှင်းဆောင်ရွက်ဖို့ သိပ်မလိုတော့ပဲ ဖြစ်လာခဲ့ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ မြန်မာနိုင်ငံမှာဆိုရင်ကော လက်ရှိအခြေအနေမှာ မတူကွဲပြားမှုကို ဘယ်အတိုင်းအတာအထိ လိုက်လျောခွင့်ပြုထားသင့်တယ်လို့ ပါမောက္ခ ထင်ပါသလဲ။

David Williams ။ ။ Federal စနစ်အလုပ် ဖြစ်ဖို့အတွက်ဆိုရင် ငါတို့ဟာ ဘယ်အရေးကိစ္စတွေကို အမှန်တကယ် ပေါင်းစည်းဖို့ လိုအပ်သလဲ။ ဘယ်ကိစ္စရပ်တွေကိုတော့ ခွဲခြားလုပ်ကိုင်ရမလဲဆိုတာ ကိုယ့်ဟာကိုယ် ဦးစွာမေးကြည့်ကြရပါလိမ့်မယ်။ Federal နိုင်ငံမှာ တချို့ကိစ္စကို ပူးပေါင်းဖို့ လိုအပ်ပေမယ့် ကိစ္စရပ်အားလုံးမှာ ပူးပေါင်းဖို့ လိုအပ်ချင်မှလည်း လိုအပ်ပါလိမ့်မယ်။ ပြည်နယ်အဆင့်မှာ တကယ်ဆောင်ရွက်နိုင်ရင် ဆောင်ရွက်ခွင့်ပေးရပါလိမ့်မယ်။ မပူးပေါင်းရင်မဖြစ်တဲ့ ကိစ္စရပ်မျိုးမှာမှ Federal အဆင့် ဗဟိုအဆင့်က လုပ်ဆောင်သင့်ပါတယ်။ ဥပမာ ပြည်ပစစ်ပွဲတွေ တိုက်ခိုက်ဖို့ တပေါင်းတစည်းတည်းသော စစ်တပ်တခု လိုအပ်ပါတယ်။ ဒါပေမယ့် ယဉ်ကျေးမှုအပိုင်းကျတော့ ပြည်နယ်အလိုက် ကွဲပြားမှုတွေ ရှိနိုင်ပါတယ်။ အခွန်ကောက်ကိစ္စ၊ သဘာဝသံယံဇာတ ကိစ္စ စတာတွေမှာကျတော့ အားလုံးကို နေပြည်တော်ကပဲ ချုပ်ကိုင်ထားလို့ မရပါဘူး။ မြန်မာပြည်လို နိုင်ငံမျိုးမှာဆိုရင် တချို့တဝက်ဟာ နေပြည်တော်ကိုသွားပြီး ကျန်တချို့တဝက်ဟာလည်း ဒေသဆိုင်ရာက ခန့်ခွဲပြီး သူတို့ဒေသအတွက် လမ်း၊ တံတား၊ ဆေးရုံ စတာတွေကို ဆောက်လုပ်ပေးနိုင်ပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒါ Unity in Diversity ဆိုတဲ့ သဘောပေါ့။

David Williams ။ ။ ဟုတ်ပါတယ် ဒါဟာ Unity in Diversity။ တနည်းပြောရရင်တော့ Diversity in Unity ဖြစ်ပါတယ်။ အလွယ်ဆုံးပြောရရင်တော့ အဓိက ကျနော် အခုနက ပြောခဲ့သလိုပါပဲ Unity လုပ်ဖို့လိုအပ်တယ်။ အရေးကြီးတဲ့ ကိစ္စ ဖြစ်တဲ့ ညီညီညွတ်ညွတ် လုပ်ရမယ့်ကိစ္စ ဖြစ်တယ်ဆိုရင် ဒါဟာ ပူးပေါင်း ညီညွတ်ရမယ်။ ကျန်တာတွေအားလုံးကိုတော့ ခွဲလုပ်လို့ရပါတယ်။ တစုတပေါင်းတည်း လုပ်တာက မလုပ်မဖြစ်တဲ့ အရေးကြီးတဲ့ကိစ္စတွေလောက်ကိုပဲ ပေါင်းပြီး၊ အားလုံးကို ပေါင်းစည်းလုပ်နေဖို့တော့ မလိုအပ်ပါဘူး။ ငြိမ်းချမ်းစွာ အတူနေနိုင်ကြသမျှ မတူကွဲပြားမှုဟာ ပြဿနာမရှိနိုင်ပါဘူး။
XS
SM
MD
LG