သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှစ်ဆယ့်ရှစ် လူထုအုံကြွမှု ဘာတွေအောင်မြင်ခဲ့


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ မြန်မာလူထုရဲ့ ၁၉၈၈ ခုနှစ် အရေးတော်ပုံကို အစောဆုံး၊ အထိမိဆုံး မှတ်တမ်းတင်ခဲ့တဲ့ သတင်းစာဆရာ Outrage: Burma's Struggle for Democracy စာအုပ်ကို ရေးသားခဲ့သူ Bertil Lintner နဲ့ မြန်မာ့အရေး တစိုက်မတ်မတ် လေ့လာနေတဲ့ ပါမောက္ခ David Steinberg တို့ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ လွန်ခဲ့သော (၂၅) နှစ်ကာလက ဖြစ်ပွါးခဲ့တဲ့ ၈ လေးလုံး အရေးတော်ပုံကို အစောဆုံး၊ အထိမိဆုံး၊ အပီပြင်ဆုံး သုံးသပ်မှတ်တမ်းတင်ခဲ့တဲ့ နိုင်ငံတကာ အထောက်အထားတခုကို ပြပါဆိုရင် ကျနော်တို့အနေနဲ့ Outrage ဆိုတဲ့ စာအုပ်ကို အားလုံးက တညီတညွှတ် ညွန်းပြရပါလိမ့်မယ်။ ဒီ စာအုပ်ကို ဘယ်ပုံဘယ်နည်း ရေးဖြစ်ခဲ့သလဲဆိုတာနဲ့ ပတ်သက်ပြီး စာရေးသူ သတင်းစာဆရာကြီး Bertil Lintner က အခုလို ရှင်းပြပါတယ်။

Bertlin Lintner ။ ။ ကျနော်ဟာ ဘန်ကောက်မှာ ရှိနေပါတယ်။ မြန်မာပြည်တွင်းနဲ့ နေ့စဉ် မအားမလပ် ဆက်သွယ်လုပ်နေပါတယ်။ ၁၉၈၈ စက်တင်ဘာလ ၁၈ ရက် နှိပ်ကွပ်မှုအပြီးမှာ ထောင်ပေါင်းများစွာ နယ်စပ်ကျော်ဖြတ် ထွက်ပြေးလာကြတော့ ကျနော်ဟာ သူတို့ကြုံတွေ့ခဲ့ရတာတွေကို သွားရောက်တွေ့ဆုံ မေးမြန်းပါတယ်။ ဒါတွေအားလုံးဟာ တကယ့် ကိုယ့်တွေအဖြစ်အပျက်တွေကို အခြေခံထားတာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ Bertlin ဆိုတော့ အခု (၂၅) နှစ်ကြာလာတဲ့အခါမှာ Bertlin ဟိုတုန်းက မတွေ့မိခဲ့တဲ့ အထောက်အထားအသစ်တွေ သမိုင်းမှာတော့ နောက်တွေ့ အထောက်အထားလို့ ခေါ်တာပေါ့။ အဲဒီလို နောက်တွေ့ အထောက်အထားတွေ ပေါ်ထွက်လာတာ ရှိပါသလား။

Bertlin Lintner ။ ။ မရှိပါဘူး။ ဒီနှစ် ဇွန်လတုန်းက ဒါကို မြန်မာလို ထုတ်ဝေခဲ့ပါတယ်။ အချက်အလက်အားလုံးဟာ ဟိုတုန်းက တကယ်ဖြစ်ပျက်ခဲ့တာတွေကို အခြေခံပြီး ရေးထားတာတွေ ဖြစ်ပါတယ်။ ထိုစဉ်က ခေတ္တ သမ္မတဖြစ်ခဲ့တဲ့ ဒေါက်တာမောင်မောင်ရေးတဲ့ စာအုပ်လည်း ပေါ်ထွက်လာပါတယ်။ ၈၈ အရေးအခင်းအကြောင်းကိုပဲ ရေးထားတာပါ။ ဒါပေမဲ့ အဲဒီအထဲမှာ ရေးထားတာတွေအားလုံးတော့ အလေးအနက် မှတ်ယူလို့ မရပါဘူး။ သူက ဆန္ဒပြသူတွေကို အပြစ်တင်ထားပါတယ်။ ဘုန်းကြီးတွေက စစ်သားတွေကို သေနတ်နဲ့ ပစ်တယ်ဆိုတာမျိုးတွေလည်း ပါနေပါတယ်။ ဒါကြောင့် Outrage ဟာ ၈၈ မှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ အခိုင်လုံဆုံး ရေးသားထားတဲ့ အထောက်အထားဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော်က ဒီအပတ်အတွင်းမှာပဲ facebook ထဲမှာ မြန်မာလို အထောက်အထားတခုကို တွေ့ရပါတယ်။ ၈၈ သြဂုတ်လ ၂၂ ရက်နေ့ နေ့စွဲနဲ့ တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှုး ဗိုလ်မှုးကြီးခင်ညွှန့် လက်မှတ်ရေးထိုးထားတဲ့၊ ရုံးတံဆိပ်တွေနဲ့ ရိုက်နှိပ်ထားတဲ့ ထိပ်တန်းလျှို့ဝှက်စာတစောင် ဖြစ်ပါတယ်။ အဲဒီအထဲမှာ ပြည်သူလူထု တွေဝေခြောက်ခြားစေရန် နည်းမျိုးစုံသုံး၍ တန်ပြန်အဖျက်အမှောင့်လုပ်ငန်းများကို ဆောင်ရွက်သွားရမည်လို့ အတိအကျ ညွှန်ကြားထားတဲ့ စာဖြစ်ပါတယ်။ ဆိုတော့ အဲဒီစာကိုများ Bertlin အခုပြန်တွေ့သလားဆိုတာကို ကျနော် မေးတာပါ။

Bertlin Lintner ။ ။ ဒါဟာ တကယ်တော့ အသစ်အဆန်းလို့ ကျနော် မထင်ပါဘူး။ ဒါကို ၁၉၈၈ ကတည်းက ကျနော်တို့ သိခဲ့ရပါတယ်။ ပြည်သူတွေ၊ ဆန္ဒပြသူတွေကြားထဲ စိမ့်ဝင်စေပြီး အဖျက်အမှောင့်လုပ်ငန်းတွေ လုပ်စေပါတယ်။ လူထုကို အဖျက်အမှောင့်လုပ်ငန်းတွေ လုပ်လာအောင် ဆွပေးဖို့၊ တနည်းပြောရရင် ဆန္ဒပြသူတွေကို နှိပ်ကွပ်ခြေမှုန်းသင့်တယ်ဆိုတဲ့ အကြောင်းပြနိုင်အောင် လုပ်ခဲ့တာပါ။ ဒါပေမဲ့ သူတို့ဖြစ်စေချင်သလို မဖြစ်လာခဲ့ပါဘူး။ ဝရုန်းသုန်းကားဖြစ်မယ့်အစား ငြိမ်းချမ်းစွာ အစာငတ်ခံဆန္ဒပြသူတွေသာ ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီနောက် စက်တင်ဘာ ၁၈ ရက်ရောက်တော့ နှိပ်ကွပ်ချေမှုန်းခဲ့ပါတယ်။ ဟုတ်ပါတယ်။ အဲဒီအချိန်မှာတော့ လမ်းပေါ်မှာ အကြမ်းဖက်မှုတွေလည်း ဖြစ်လာနေပါတယ်။ ဒီဟာတွေအားလုံးဟာ စစ်တပ်ထောက်လှမ်းရေးတွေရဲ့ လက်ချက်လို့တော့ ပြောလို့မရပါဘူး။ ပြည်သူလူထုတရပ်လုံးကလည်း ဒေါသပေါက်ကွဲနေကြပါတယ်။ လူထုအုံကြွမှုတရပ်လုံးကို ခြုံပြောရရင်တော့ ငြိမ်းငြိမ်းချမ်းချမ်း ရှိတယ်လို့ ဆိုရမှာပါ။

ဦးကျော်ဇံသာ ။ ။ ဒီ ရှစ်လေးလုံး အရေးတော်ပုံကို အာဏာပိုင်တွေနဲ့ မြန်မာစစ်တပ်ဘက်ကတော့ ဒါဟာ အဖျက်အမှောင့်လုပ်ငန်းတွေသာဖြစ်တယ်။ ဒါဟာ မလိုလားအပ်တဲ့ အဖျက်အမှောင့်အင်အားစုတွေက သွေးထိုးလှုံဆော်လို့ မဖြစ်သင့်ဘဲ ဖြစ်ခဲ့ရတဲ့ကိစ္စလို့ သုံးသပ်ကြတယ်။ ဒါကိုတော့ ထားလိုက်ပါတော့။ ဒါပေမဲ့ တချို့အမှန်တကယ် သုံးသပ်သူ နိုင်ငံတကာပညာရှင်၊ နိုင်ငံတကာ သတင်းသမားတချို့ကလည်း ဒီအရေးတော်ပုံဟာ မအောင်မြင်ဘူး။ ကျဆုံးခဲ့တယ်။ Failed uprising လို့ ပြောကြတယ်။ အဲဒါကို Bertlin လက်ခံပါသလား။

Bertlin Lintner ။ ။ မဟုတ်ပါဘူး။ ဒီအရေးတော်ပုံ မအောင်မြင်ဘူး၊ ကျဆုံးတယ်လို့ ကျနော် မထင်ပါဘူး။ ဒီဖြစ်ရပ်ကြောင့် မြန်မာနိုင်ငံ လုံးဝပြောင်းလဲသွားတာပါ။ အရေးအခင်းကြောင့်ပဲ ထိုစဉ်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အစိုးရ ဇာတ်သိမ်းသွားရတာပါ။ အဲဒီနေရာမှာ စစ်အစိုးရ တက်လာတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ စစ်အစိုးရကပဲ ရွေးကောက်ပွဲ ကျင်းပလာခဲ့ရတယ်။ ဆန္ဒပြပြည်သူတွေရဲ့ သဘောထားတချို့ကို လိုက်လျောခဲ့ရပါတယ်။ ဒီကနေ့တောင် အစိုးရက သမ္မတက တကယ်မလုပ်ပေးနိုင်သေးတောင် ဒီမိုကရေစီအကြောင်း တော်တော်ပြောနေရပါတယ်။ တကယ်တော့ ဒီမိုကရေစီ အရေးတော်ပုံဟာ အခုထိ မပြီးသေးပါဘူး။ အချိန်အတော် ယူရပါလိမ့်မယ်။ ၈၈ မှာ စတင်ခဲ့တာပါ။ ဒါကို ဆုံးရှုံးမှုတရပ်လို့တော့ လုံးဝမယူဆသင့်ပါဘူး။ ဒီအတွက် စွန့်လွှတ်အနစ်နာခံသွားရတဲ့ လူတွေကိုလည်း ဂုဏ်ပြုမှတ်တမ်းတင်ရပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ ဒီ ရှစ်ဆယ့်ရှစ် အရေးတော်ပုံက ချမှတ်လိုက်တဲ့ အစဉ်အလာ။ တနည်းအားဖြင့် သမိုင်းရဲ့ခြေရာ၊ သမိုင်းမှာ ထင်ကျန်ရစ်ခဲ့မယ့် ရှစ်ဆယ့်ရှစ် အရေးတော်ပုံရဲ့ legacy ဘာလို့ Bertlin ထင်ပါသလဲ။

Bertlin Lintner ။ ။ ရှစ်ဆယ့်ရှစ် အုံကြွမှုက ချမှတ်ထားခဲ့တဲ့ သမိုင်းခြေရာကတော့ ၁၉၆၂ နောက်ပိုင်းမှာ နိုင်ငံရေး အခြေအနေပွင့်လင်းလာဖို့ ပထမဦးဆုံး ဖြစ်ထွန်းခဲ့တဲ့ လှုပ်ရှားမှုဆိုတာပါ။ ၈၈ အုံကြွမှု မရှိခဲ့ရင် ဒီအခြေအနေမျိုးကိုလည်း လုံးဝမြင်တွေ့ရလိမ့်မယ် မဟုတ်ပါဘူး။ နိုင်ငံရေး အပြောင်းအလဲတွေဟာ တကယ့် အစစ်အမှန် မဟုတ်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံကလည်း စစ်မှန်တဲ့ ဒီမိုကရေစီ ဖွဲ့စည်းပုံ မဟုတ်ပါဘူး။ သို့ပေမဲ့လဲ ၁၉၅၀ ပြည့်လွန်နှစ်တွေကစပြီး မမြင်တွေ့ခဲ့ရတဲ့ လွတ်လပ်ခွင့်တွေ အခု မြန်မာပြည်မှာ တွေ့လာရပါတယ်။ သတင်းစာတွေ ပေါ်ထွက်လာပါတယ်။ နိုင်ငံရေး ဆွေးနွေးပွဲတွေ ရှိလာပါတယ်။ အရပ်သား လူ့အဖွဲ့အစည်းတွေ ထွန်းကားလာပါတယ်။ ဒါတွေ အားလုံးဟာ ၈၈ အရေးတော်ပုံရဲ့ legacy ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုဆက်လက်ပြီးတော့ မြန်မာ့သမိုင်းကို မြန်မာနိုင်ငံရေးကို စိုက်လိုက်မတ်တပ် အခုအချိန်အထိ လေ့လာသုံးသပ်နေတဲ့ အမေရိကန် ပါမောက္ခ David Steinberg ရဲ့ အမြင်ကို ဆက်လက်တင်ပြလိုပါတယ်။ ပထမဦးစွာ ဆရာကြီး Steinberg အနေနဲ့ ၈၈ အရေးအခင်းဟာ မြန်မာ့နိုင်ငံရေးမှာ ဘယ်လောက်အထိ အရေးပါသလဲ။ ဘယ်လောက်အထိ significant ဖြစ်တယ်လို့ ထင်ပါသလဲ။

Prof. David Steinberg ။ ။ မြန်မာနိုင်ငံ ရှစ်လေးလုံး အုံကြွမှုနဲ့ ပတ်သက်ပြီးတော့ ရှုထောင့်နှစ်မျိုးက ကြည့်ရမှာ ဖြစ်ပါတယ်။ တမျိုးက ဒေသဆိုင်ရာ ရှုထောင့်။ နောက်တမျိုးက နိုင်ငံတွင်း ရှုထောင့် ဖြစ်ပါတယ်။ ဒေသဆိုင်ရာကို ကြည့်လို့ရှိရင် ၁၉၈၆ ခုနှစ်မှာ ဖိလစ်ပိင်မှာ ပြည်သူ့တော်လှန်ရေးဖြစ်တယ်။ ၁၉၈၇ ခုနှစ်မှာ တောင်ကိုးရီးယား ပြုပြင်ပြောင်းလဲရေးလုပ်ပြီးတော့ လူ့အဖွဲ့အစည်းကို ပြောင်းလဲခဲ့တယ်။ ၁၉၈၈ ခုနှစ်ကြတော့ မြန်မာနိုင်ငံမှာ အောင်မြင်မှုမရတဲ့ အုံကြွမှုကြီးဖြစ်တယ်။ ၁၉၈၉ မှာ တရုတ်ပြည် Tiananmen ဆန္ဒပြပွဲဖြစ်တယ်။ ဒါတွေဟာ သီးခြားစီကင်းလွတ် ဖြစ်ခဲ့တာ မဟုတ်ပါဘူး။ ဒေသတခုလုံးကို လွှမ်းခြုံဖြစ်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် ကွက်ပြီးပြောရရင်တော့ ဒီ အုံကြွမှုဟာ သိပ်ကို ထူးခြားပါတယ်။ အုံကြွမှုဟာ နိုင်ငံရေးပြဿနာတရပ်အနေနဲ့ စတင်လာတာ မဟုတ်ပါဘူး။ နိုင်ငံရေးနဲ့ မဆိုင်တဲ့ လဘက်ရည်ဆိုင် ရန်ပွဲကို နှိပ်ကွပ်ရာက စတင်တာပါ။ ဒါပေမဲ့ အဲဒီမှာပဲ နိုင်ငံရေး မကျေနပ်မှုတွေ၊ စီးပွားရေး မကျေနပ်မှုတွေ အားလုံးစုံစည်းပြီးတော့ အုံကြွလာတာ ဖြစ်ပါတယ်။ ဒီဖြစ်ပျက်ရပ်ဟာ မြန်မာနိုင်ငံအတွင်းမှာ အလွန့်အလွန် ထူးခြားတဲ့ ဖြစ်ရပ်ကြီးပါ။

ဦးကျော်ဇံသာ ။ ။ ဒီ အုံ့ကြွမှုဟာ အောင်မြင်မှု မရှိခဲ့ဘူးလို့ ဆရာကြီးက ဘာကြောင့် ပြောသလဲ။ ၁၉၈၆ ဖီလစ်ပိုင်မှာ အောင်မြင်တယ်။ ၈၇ တောင်ကိုးရီးယား ပြုပြင်ရေး အောင်မြင်တယ်။ ၈၈ မြန်မာနိုင်ငံမှာ မအောင်မြင်ဘူးလို့ ဆရာကြီးကဆိုတယ်။ ဘာဖြစ်လို့ မအောင်မြင်ခဲ့ဘူးလို့ ဆရာကြီး ထင်ပါသလဲ။

Prof. David Steinberg ။ ။ စစ်တပ်အနေနဲ့ အဲဒီအခိုက်အတန့်မှာ ဘာကိုမှ ပြောင်းလဲဖို့ ပြင်ဆင်ထားတာ မရှိပါဘူး။ တရုတ်ကလည်း ၁၉၈၉ Tiananmen တုန်းက တစုံတရာ ပြောင်းလဲဖို့ မစဉ်းစားခဲ့သေးပါဘူး။ ကျနော်တို့က အစိုးရ ထိန်းချုပ်မှုတချို့ လျှော့ပေးပါလိမ့်မယ်လို့ မျှော်လင့်နေခဲ့ကြပါတယ်။ ဒါပေမဲ့ ဖြစ်မလာခဲ့ပါဘူး။ စစ်တပ်ဟာ စိုးရိမ်နေခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဆူဆူပူပူ ဖြစ်မယ်။ မငြိမ်မသက် ဖြစ်မယ်ဆိုတာကို စစ်တပ်က အမြဲတမ်း စိုးရိမ်နေပါတယ်။ ၈၈ အရေးအခင်းကိုလည်း သူတို့က ဆူပူမှုလို့ပဲ ဆိုကြပါတယ်။ လူအများအပြားကတော့ ဒါကို လက်မခံကြပါဘူး။ ဒါပေမဲ့ အထွေထွေ မကျေနပ်မှုတွေဟာ နိုင်ငံကို ဖျက်ဆီးနိုင်တယ်လို့ စစ်တပ်က တွက်ပါတယ်။ ဒီလိုဖြစ်လာခဲ့ရင် နိုင်ငံကို ကာကွယ်ဖို့ဟာ သူတို့အလုပ်လို့လည်း မြင်ထားကြပါတယ်။ ဒါကြောင့်မို့လည်း သူတို့ရဲ့ နှိပ်ကွပ်မှုတွေကြောင့် လူအသက်တွေ အမြောက်အမြား ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမဲ့ ဒီ အုံကြွမှုရဲ့ ရလဒ်ကတော့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ လုပ်ပေးဖို့ ကတိစကား ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ အခြေခံအားဖြင့် နိုင်ငံရေး အပြောင်းအလဲ လုပ်ရတော့မယ်ဆိုတာကို အစိုးရက ခေါင်းညိတ်လိုက်ရခြင်း ဖြစ်ပါတယ်။ ဒီလိုဆိုလိုက်လို့ ဒီအပြောင်းအလဲဟာ လွယ်လင့်တကူဖြစ်မယ်၊ ပြည့်စုံပြီဆိုတဲ့ သဘောတော့ မဟုတ်ပါဘူး။ ဒါဟာ အချိန်ယူရပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဒီဖြစ်စဉ်ဟာ ရှစ်လေးလုံးက စတင်လိုက်တဲ့ ဖြစ်စဉ်ပါ။ ဒါကြောင့်မို့ ဒီအရေးအခင်းဟာ အလွန့်အလွန် အရေးပါတဲ့ လှုပ်ရှားမှုတခု ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ၈၈ အရေးအခင်းဟာ ရုတ်တရက် အောင်မြင်မှု ချက်ချင်းအကျိုးရလဒ် ပေါ်ထွက်လာတယ်ဆိုတာ မတွေ့ရဘူး။ ဒါပေမဲ့လဲ ရေရှည်ကိုကြည့်မယ်ဆိုရင် အောင်မြင်မှု ရရှိခဲ့တယ်လို့ ဆိုလိုတယ်သဘောပေါ့။

Prof. David Steinberg ။ ။ ရေရှည်ကြည့်လို့ရှိရင်တော့ ဒီအရေးအခင်းဟာ ဖြစ်စဉ်တရပ်ကို စတင်ပေးခဲ့တယ်။ လူ့အဖွဲ့အစည်းအတွင်း ဗဟုဝါဒ ပိုမိုထွန်းကားတဲ့ ပြည်သူတွေအတွက် ပိုပြီးတော့ လွတ်လပ်တဲ့ အခြေအနေတွေကို အောင်အောင်မြင်မြင် ဖန်တီးနိုင်မယ့် လမ်းကြောင်းကို စတင်နိုင်ခဲ့ပါတယ်။ ဒီအတွက် ဘယ်လောက် ရှေ့ဆက်သွားရအုံးမယ်ဆိုတာကို ဘယ်သူမှ တက်အပ်မပြောနိုင်ပါဘူး။ ဒါပေမဲ့လည်း ၂၀၁၁ ခုနှစ်မှာ အစိုးရအသစ် တက်လာပြီးကတည်းက အပြောင်းအလဲတွေကို အမှန်တကယ် တွေ့မြင်လာရပါပြီ။

ဦးကျော်ဇံသာ ။ ။ ဒီ ရှစ်လေးလုံး အရေးတော်ပုံဟာ နိုင်ငံရေး အပြောင်းအလဲအပြင် လူမှုရေးအပြောင်းအလဲကိုလည်း တဖက်မှာ ပြောင်းလဲဖော်ဆောင်လာခဲ့တယ်လို့ ဆိုရမလား။ ကျနော် စဉ်းစားမိတာကတော့ ဒီ ၈၈ အရေးအခင်းကြောင့် မြန်မာနိုင်ငံက လူငယ်တော်တော်များများဟာ ပုံစံအမျိုးမျိုးနဲ့ ပြည်ပကို ရောက်ရှိသွားခဲ့ကြတယ်။ တချို့လည်းပဲ ပြည်ပနိုင်ငံတွေ အနောက်နိုင်ငံတွေမှာ ပညာတွေ သင်ကြားတက်မြောက်လာကြတယ်။ မြန်မာနိုင်ငံအစိုးရတွေက ပွင့်လင်းတဲ့စနစ်ကို ဘယ်လောက်တောင် ကျင့်သုံးကျင့်သုံး ဒီလောက်လျင်လျင်မြန်မြန် နိုင်ငံခြားကို ကျောင်းသားတွေ ပို့လွှတ်နိုင်မယ် မဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ ဆိုတော့ ဒီလူငယ်တွေ ဒီလောက် ပညာတက်လာကြတယ်။ ပြည်ပကို အများကြီး ရောက်ရှိသွားတာလည်း လူမှုရေးအကျိုးသက်ရောက်မှုတရပ်၊ ဘေးထွက်အကျိုးသက်ရောက်မှုလို့လည်း ဆိုရင်လည်းဆိုပေါ့။ အဲဒီလို ယူဆပါတယ်။ ဆရာကြီး ဘယ်လို သဘောပေါက်ပါသလဲ။

Prof. David Steinberg ။ ။ ဟုတ်ပါတယ်။ ဒါဟာ သိပ်ကို အရေးကြီးတဲ့ ပြောင်းလဲမှုတရပ်ပါ။ အထက်တန်းပညာတွေ တက်လာလို့ရှိရင် တရားမျှတမှု၊ လွတ်လပ်မှုတွေကို ပိုမိုတောင်းခံလာကြပါတယ်။ ဒါ့အပြင် ရှစ်ဆယ့်ရှစ် အရေးတော်ပုံကို လွှမ်းခြုံကြည့်လို့ရှိရင် ဆိုရှယ်လစ်စနစ်ကို ကျဆုံးစေခဲ့တာကို တွေ့ရပါလိမ့်မယ်။ စစ်တပ်အာဏာမသိမ်းခင်မှာပဲ မဆလ အစိုးရဟာ ဆိုရှယ်လစ်စနစ် အလုပ်မဖြစ်ဘူးဆိုတာကို သဘောပေါက်သွားပါတယ်။ ဒါဟာလည်း လူ့အဖွဲ့အစည်း အသွင်ပြောင်းလဲရေးအတွက် သိပ်ကိုအရေးပါတဲ့ အချက်တရပ်ပါ။ ဒါကြောင့်မို့ ရှစ်ဆယ့်ရှစ် တော်လှန်ရေးဟာ ရေတိုအောင်မြင်မှု မရှိပေမယ့် ရေရှည်မှာ လွတ်လပ်မှုအတွက် လမ်းကြောင်းခင်းပေးခဲ့တဲ့ တော်လှန်ရေးလို့ ဆိုရတာပါ။
XS
SM
MD
LG