သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရှာစစ်တပ်နဲ့ မြေယာသိမ်းမှု ပြဿနာ


စစ်တပ်က သိမ်းယူထားတဲ့ မြေယာပမာဏဟာ ဧကနှစ်သိန်းခွဲနီးပါး ရှိတယ်လို့ လွှတ်တော်ရဲ့ လယ်ယာမြေ စုံစမ်းရေးကော်မရှင် အစိရင်ခံစာမှာ မကြာမီက ဖော်ပြထားကြောင်း သိရပါတယ်။ ဒီပြဿနာကို တိုင်းရင်းသားအဖွဲ့တွေက တင်ပြနေတာ ကြာလှပါပြီ။ ၁၉၈၈ စစ်အစိုးရတက်လာပြီးနောက် စစ်အင်အားတိုးချဲ့တာနဲ့ မြေယာသိမ်းယူမှုဟာ ဆက်စပ်နေပါတယ်။ တိုးချဲ့ဖွဲ့စည်းထားတဲ့ တပ်ကိုကျွေးမွေးနိုင်တဲ့ စီးပွားရေးအင်အားမရှိတဲ့အတွက် ကိုယ်ထူကိုယ်ထ ရပ်တည်ကြဖို့ စစ်အစိုးရက ညွှန်ကြားပါတယ်။ အဲဒီနောက် အစိုးရတပ်ရင်းတွေက ရိက္ခာလုယူတာနဲ့ မြေယာသိမ်းပိုက်တဲ့သတင်းတွေ မကြာခဏ ပေါ်ထွက်လာပါတယ်။

တိုးလာတဲ့တပ်ရင်းတွေရဲ့ စစ်စခန်း၊ စစ်တန်းလျားနဲ့ အခြားစစ်မှုရေးရာ အဆောက်အအုံတွေအတွက် လယ်ယာမြေကို သိမ်းပိုက်ပြီး လူနေအိမ်ခြေတွေကို ဖယ်ရှားလေ့ရှိပါတယ်။ လျော်ကြေးမပေးတဲ့အပြင် ဒေသခံအရပ်သားတွေကို တပ်စခန်းသစ်မှာ အတင်းအဓမ္မခိုင်းစေပါတယ်။ လယ်ယာမြေကို စစ်တပ်ကသိမ်းယူပြီး လယ်သမားကို ပြန်ဌာစားတာမျိုးဟာ နေရာတိုင်းလိုလိုမှာ ရှိပါတယ်။ စစ်တပ်နဲ့ လယ်သမားပူးတွဲလုပ်ကိုင်ပြီး လယ်ယာထွက်ကုန်ပစ္စည်းကို တဝက်စီ ခွဲယူတာမျိုးလည်း ရှိပါတယ်။

ဥပမာ ရခိုင်ပြည်နယ်မှာ ၁၉၈၈ မတိုင်မီက အစိုးရတပ်ရင်း (၃) ခုသာ ရှိပါတယ်။ ၁၉၉၉ နောက်ပိုင်းစစ်အင်အားတိုးချဲ့လိုက်တဲ့အခါ တပ်ရင်း (၄၀) ကျော် ရှိလာပါတယ်။ အနောက်တိုင်း စစ်ဌာနချုပ်ဟာ အမ်းမြို့မှာ ရုံးဖွင့်ပြီး ဝင်ငွေကောင်းတဲ့ စီးပွားရေးလုပ်ငန်းတွေကို ချုပ်ကိုင်ပါတယ်။ လျှော်ကြေးမပေးဘဲ ခြံမြေနဲ့ လယ်ယာမြေ အများအပြားကို စစ်တပ်က သိမ်းယူပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ လွှတ်တော်လယ်ယာမြေ စုံစမ်းရေးကော်မတီက လွန်ခဲ့တဲ့ ဒီဇင်ဘာလက စစ်ဆေးတဲ့အခါမှာ ကျောက်ဖြူ-သံတွဲ-ဂွ စတဲ့မြို့နယ်တွေမှာ စစ်တပ်က သိမ်းတဲ့မြေယာကို မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက် (သို့မဟုတ်) ဗိုလ်ချုပ်ဟောင်းတွေရဲ့ သားသမီးအမည်နဲ့ လွဲပြောင်းထားတာတွေ့ရတယ်လို့ ကြားသိရပါတယ်။ ရခိုင်ပြည်မှာ တာဝန်ကျတဲ့ တိုင်းမှူးတွေရဲ့ သားသမီးတွေဟာ မြေယာပိုင်ရှင် ဖြစ်ကုန်ကြပါတယ်။

ရခိုင်၊ မွန်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ အစိုးရတပ်က မြေယာတွေ သိမ်းပိုက်ပြီး စိးပွားရေးလုပ်ပုံကို ရခိုင်၊ မွန် နဲ့ ပအို့လူငယ်အဖွဲ့တွေက စုံစမ်းလေ့လာပြီး ၂၀၀၉ မှာ အစီရင်ခံစာ ထုတ်ဝေဖူးပါတယ်။ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားတဲ့နေရာမှာ ဒေသခံလူထုနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဆက်အသွယ် မလုပ်နိုင်အောင် ကျေးရွာတွေကို အတင်းအဓမ္မ ရွှေ့ပြောင်းပစ်တဲ့အတွက် လယ်သမားမရှိတဲ့ လယ်မြေတွေ များပြားလာပါတယ်။ လက်နက်ကိုင်ပဋိပက္ခ မရှိပေမယ့် မြေယာသိမ်းပိုက်မှု၊ အဓမ္မစေခိုင်းမှုနဲ့ ဆက်ကြေးကောက်ယူတဲ့ ဒဏ်ကိုမခံနိုင်လို့ နေရပ်ကိုစွန့်ခွါရတဲ့ လယ်သမားတွေအကြောင်း ကုလသမဂ္ဂနဲ့ အတိုက်အခံ အဖွဲ့အစည်းတွေက မှတ်တမ်းတင်ထားပါတယ်။ ပြည်တွင်းမှာ ဖိနှိပ်ညဉ်းပမ်းတဲ့ဒဏ်ကို မခံနိုင်တော့လို့ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးခိုလှုံကြောင်း အစီရင်ခံစာတွေမှာ ဖော်ပြပါတယ်။

အပစ်အခတ်ရပ်စဲတာကို အခွင့်ကောင်းယူပြီး အစိုးရစစ်တပ်က မြေယာသိမ်းပိုက်လေ့ ရှိပါတယ်။ ဥပမာ မွန်ပြည်နယ်မှာ အစိုးရတပ်ရင်း တိုးပွားလာတာနဲ့အတူ မြေယာသိမ်းပိုက်မှုလည်း များပြားလာပါတယ်။ မြေယာသိမ်းပြီးတာနဲ့ စစ်တပ်ကို မှီခိုတဲ့ မိသားစုတွေ ရောက်လာပါတယ်။ လူဦးရေ (၂) သန်းကျော်သာရှိတဲ့ မွန်ပြည်နယ်မှာ ဗမာဦးရေများလာအောင် စစ်တပ်က စီစဉ်တာကို မယုံသင်္ကာ ဖြစ်နေကြပါတယ်။ ရေးမြို့နယ်မှာ ၁၉၉၅ က စစ်ဆေးရေးဂိတ် (၂) ခုသာ ရှိပါတယ်။ နောက်တော့ တပ်ရင်းတွေ တိုးလာပြီး မြေယာသိမ်းယူမှုများလာတဲ့အခါ ဂိတ် (၄) ခုဖွင့်ပြီး ဆက်ကြေးကောက်ပါတယ်။ နယ်မြေစီးပွားရေး တိုးတက်လာတာ မဟုတ်ဘဲ တရားမဝင်တဲ့ ဆက်ကြေးကောက်ခံမှု တိုးပွားလာတာဟာ ဒေသရဲ့ စီးပွားရေးကို ဆုတ်ယုတ်စေပါတယ်။ မြေယာသိမ်းပိုက်မှု၊ အဓမ္မခိုင်းစေမှုနဲ့ အဓမ္မရွှေ့ပြောင်းခိုင်းမှုဟာ ဆက်စပ်နေပါတယ်။ ရွှေ့ပြောင်းလို့ လစ်လပ်သွားတဲ့နေရာကို စစ်တပ်နဲ့ အပေါင်းပါတွေ ဝင်ရောက်လာပါတယ်။

ပဲခူးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း စတဲ့ နေရာတွေမှာ ကပစ (ခေါ်) ကာကွယ်ရေးပစ္စည်း စက်ရုံ တည်ဆောက်တဲ့အခါမှာလည်း မြေယာသိမ်းယူမှုတွေ ဖြစ်ပွားပါတယ်။ ဥပမာ မကွေးတိုင်း ဆင်ပေါင်ဝဲမှာ ကပစ တည်ဆောက်စဉ်က ကျေးရွာ (၁၃) ရွာက မြေယာဧက တစ်သောင်းကျော် သိမ်းယူပြီး သီးနံှကို ဆက်ကြေးအဖြစ်ပေးဖို့ ကပစ က တောင်းဆိုကြောင်း သိရပါတယ်။ ပျဉ်းမနားမှာ နေပြည်တော်တည်ဆောက်တုန်းကလည်း လယ်မြေဧကအများအပြား သိမ်းယူတဲ့အပြင် ကျေးရွာပေါင်းထောင်ချီပြီး ရွှေ့ပြောင်းပေးရပါတယ်။ နေပြည်တော်အတွက် နေရာဖယ်ပေးရတာဟာ မန္တလေးတိုင်းမှာ အကြီးဆုံး အဓမ္မရွှေ့ပြောင်းမှု ဖြစ်ပါတယ်။

ကားလမ်း၊ ရထားလမ်း၊ စက်မှုဇုံ၊ စက်ရုံ၊ အလုပ်ရုံ၊ ရေကာတာ၊ သယံဇာတ တူးဖော်ရေး စတာတွေအတွက် လယ်ယာမြေကို သိမ်းယူကြတာကြောင့် လယ်သမားတွေနေရပ်ကို စွန့်ခွာကြရတာ အနှစ် (၂၀) ရှိနေပါပြီ။ အခုအထိ ရွှေ့ပြောင်းနေရဆဲပါ။ မြေယာသိမ်းပိုက်မှုကြောင့် ကရင်နဲ့ မွန်ပြည်နယ်၊ ပဲခူးနဲ့ တနင်္သာရီတိုင်းမှာ ဒေသခံတွေ ရွှေ့ပြောင်းပေးရပုံကို ကရင်လူ့အခွင့်အရေးအဖွဲ့က ၂၀၁၁ နဲ့ ၂၀၁၂ မှာ စစ်တမ်းကောက်ယူပြီး မကြာမီက ထုတ်ပြန်ထားပါတယ်။ အပစ်အခတ်ရပ်စဲတဲ့ဒေသမှာ မြေယာသိမ်းယူနေတဲ့အတွက် ဒေသခံတွေက ရောက်ရပုံကို မီးမောင်းထိုးပြထားပါတယ်။
XS
SM
MD
LG