သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရ နဲ့ အထူးစီးပွားရေးဇုန်များ


သီလဝါကွန်တိန်နာ ဆိပ်ကမ်းနဲ့ ဆက်နေတဲ့ သီလဝါအထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်ဖို့ ဂျပန်ကုမ္ပဏီ (၃) ခု ဗမာအစိုးရနဲ့ မြန်မာသီလဝါဦးပိုင်ကုမ္ပဏီတို့ မကြာမီက သဘောတူညီမှု ရယူခဲ့ပါတယ်။ ဂျပန်က (၄၉) ရာခိုင်နှုန်း ပိုင်ဆိုင်မှာဖြစ်ပြီး၊ မြန်မာပိုင်တဲ့ (၅၁) ရာခိုင်နှုန်းမှာ မြန်မာသီလဝါဦးပိုင် ပုဂ္ဂလိကကုမ္ပဏီက (၄၁) ရာခိုင်နှုန်း ပိုင်ဆိုင်ကြောင်း သိရပါတယ်။ ပထမအဆင့်အနေနဲ့ မြေဧက (၁၀၀၀) မှာ စီးပွားရေးဇုန် တည်ဆောက်မှာဖြစ်ပြီး ရှေ့လ (သို့မဟုတ်) ရှေ့လ သို့မဟုတ် ရှေ့နှစ်အစောပိုင်းမှာ လုပ်ငန်းစမယ်ဆိုရင် ၂၀၁၅ မှာ ပထမအဆင့် ပြီးစီးလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

တကယ်တော့ ၁၉၉၆ က စီမံကိန်းချခဲ့တဲ့ သံလျင်ကျောက်တန်း စက်မှုဇုန်ကို (၁၈) နှစ်ကြာတော့မှ အကောင်အထည် ဖော်နိုင်မယ့် သဘောဖြစ်ပါတယ်။ ၂၀၁၁ ဇန်နဝါရီလမှာ အထူးစီးပွားရေးဇုန် ဥပဒေနဲ့ ထားဝယ်အထူးစီးပွားရေးဇုန် ဥပဒေကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က ပြဌာန်းပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ မတ်လကစပြီး အထူးစီးပွားရေးဇုန် ဥပဒေကို ပြင်ဆင်ဖို့ လွှတ်တော်မှာ ဆွေးနွေးလာကြပါတယ်။ ပြင်ဆင်ရာမှာ ပြည်သူလွှတ်တော်နဲ့ အမျိုးသားလွှတ်တော် သဘောထားကွဲလွဲနေလို့ အတည်မပြုနိုင်သေးပါဘူး။ ဥပဒေသစ် ထွက်လာတဲ့အခါမှာ လက်ရှိ စီးပွားရေးဇုန် ဥပဒေ နှစ်ခုစလုံး ရုတ်သိမ်းရပါလိမ့်မယ်။

ဦးသိန်းစိန်အစိုးရဟာ သီလဝါ၊ ထားဝယ်နဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန် (၃) ခု တည်ဆောက်ဖို့ စီမံကိန်း ချထားပါတယ်။ ထားဝယ် စီးပွားရေးဇုန် တည်ဆောက်ဖို့ မြန်မာနဲ့ ထိုင်းအစိုးရ နားလည်းမှုယူခဲ့တာ ၂၀၀၈ ခုနှစ်ကတည်းက ဖြစ်ပေမယ့် ငွေအရင်းများပြီး တည်ဆောက်ချိန် ကြာမြင့်မှာမို့ ရင်းနှီးလိုငွေ ရနိုင်ဖို့ အခက်အခဲ ရှိနေပါတယ်။ တည်ဆောက်ဖို့ မူလတာဝန်ယူထားတဲ့ Italian- Thai ကုမ္ပဏီ ဆက်လုပ်နိုင်ဖို့ အခက်အခဲ ရှိလာတဲ့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နံှမှု ရရှိအောင် ကြိုးပမ်းနေရဆဲ ဖြစ်ပါတယ်။ မြန်မာ-ထိုင်း ကားလမ်း၊ ရေနက်ဆိပ်ကမ်း၊ ဓါတ်အားပေးစက်ရုံ၊ ရေကာတာ စတဲ့ အခြေခံတွေကို အဆင့်ဆင့် တည်ဆောက်ရမယ့် စီမံချက် ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကွန်တိန်နာဆိပ်ကမ်း အဆင်သင့် ရှိနေပြီး နှစ်အနည်းငယ်နဲ့ ပြီးစီးနိုင်မယ့် သီလဝါ အထူးစီးပွားရေးဇုန်ကို နိုင်ငံခြားက ပိုပြီး စိတ်ဝင်စားကြပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုကြောင့် အရှေ့အာရှနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေ ဖွံ့ဖြိုးတိုးတက်လာတာ ဖြစ်ပါတယ်။ နိုင်ငံခြား အရင်းအနှီး ဝင်လာအောင် ပြည်တွင်းမှာ အခြေအနေ ပြုပြင်ရေး လုပ်ပေးရပါတယ်။ နိုင်ငံခြား အရင်းအနှီးကို အခွင့်ထူးခံတစုသာ ခံစားနေရင် တိုင်းသူပြည်သားက ကျေနပ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ နိုင်ငံခြားကုမ္ပဏီ နဲ့ ပြည်သူလူထုတို့ အကျိုးခံစားနိုင်မယ့် အခြေခံဘောင်ကို တပြည်လုံးမှာ တည်ဆောက်ဖို့ဆိုတာ အလွန်ခက်ခဲတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါကြောင့် ခေတ်မီအခြေခံဘောင် နဲ့ အဆောက်အအုံကို အမြန်ဆုံး တည်ဆောက်နိုင်မယ့် အထူးစီးပွားရေးဇုန်ကို အရင်ဆုံး အကောင်အထည် ဖော်ကြရပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာတော့ ဒဏ်ခတ်အရေးယူ ခံနေရတုန်း နေပြည်တော်တည်ဆောက်မှုကို ဦးစားပေးခဲ့တာကြောင့် အရေးကြီးတဲ့ အထူးစီးပွားရေးဇုန် တည်ဆောက်ရာမှာ ကြန့်ကြာနေတာ ဖြစ်ပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်ဖို့ အဓိက တာဝန်ယူထားသူဟာ တရုတ်အစိုးရပိုင် ရင်းနှီးမြှုပ်နံှရေး ကုမ္ပဏီ ဖြစ်ပါတယ်။ ရေနက်ဆိပ်ကမ်း၊ ကျောက်ဖြူ-ယူနန် ရထားလမ်း၊ လေယာဉ်ကွင်း နဲ့ စက်မှုဇုန် ပါဝင်မယ့် အထူးစီးပွားရေးဇုန်ကို တည်ဆောက်ဖို့ ၂၀၀၉ မှာ ဗမာအစိုးရနဲ့ တရုတ် ရင်းနှီးမြှုပ်နံှရေး ကုမ္ပဏီတို့ နားလည်းမှုစာချွန်လွှာ လက်မှတ်ရေးထိုးပါတယ်။ စတုရန် ကီလိုမီတာ ၁၂၀ ကျယ်ဝန်းတာမို့ ကျေးရွာပေါင်း (၄၀) ကျော် ရွှေ့ပြောင်းပေးရဖွယ် ရှိတယ်လို့ သိရှိရပါတယ်။ ဒါကြောင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်ဟာ ဒေသခံပြည်သူတွေအတွက်ကတော့ အန္တရာယ်ဇုန် ဖြစ်နေကြောင်း ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့က ၂၀၁၁ ဒီဇင်ဘာမှာ အစီရင်ခံစာ ထုတ်ဝေထားပါတယ်။ အထူးစီးပွားရေးဇုန်ကြောင့် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေဟာ ဓါတ်ငွေ့ပိုက်လိုင်းထက် ပိုဆိုးလိမ့်မယ်လို့ ဆိုပါတယ်။

အိန္ဒိယ-တရုတ် နဲ့ အာဆီယံ ဒေသစုံရာ အချက်အချာကျတာကို ကြည့်ပြီး မြန်မာ့စီးပွားရေး အထူးစီးပွားရေးဇုန်ကို ပြည်တွင်းမှာ အမွှန်းတင်ပြောဆိုတာတွေ ရှိပါတယ်။ အထူးစီးပွားရေးဇုန် တည်ဆောက်လိုက်ရုံနဲ့ လိုချင်တာ ရနိုင်မှာ မဟုတ်ပါဘူး။ ပြိုင်ဆိုင်မှုစွမ်းရည် ရှိဖို့လည်း လိုပါတယ်။ မြန်မာ့အိမ်နီးချင်းတွေမှာလည်း အထူးစီးပွားရေးဇုန်တွေ ရှိပါတယ်။ ၂၀၁၅ ရောက်ရင် မဲခေါင်ဒေသ နိုင်ငံတွေမှာ အထူးစီးပွားရေးဇုန် (၆၀) ကျော် ရှိလာမယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က ခန့်မှန်းပါတယ်။ မဲဆော့ အထူးစီးပွားရေးဇုန် တည်ဆောက်ဖို့ ဒီနှစ် အစောပိုင်းက ထိုင်းအစိုးရ ဆုံးဖြတ်ပါတယ်။ ထိုင်းဘက်ခြမ်းက သောင်းရင်မြစ်ဝှမ်း (၉) ကီလိုမီတာလောက် မဲဆော့ အထူးစီးပွားရေးဇုန်မှာ ပါဝင်သွားမှာ ဖြစ်ပါတယ်။

စစ်တွေ အထူးစီးပွားရေးဇုန် တည်ဆောက်မယ်ဆိုရင် ဒေါ်လာသန်း (၁၅၀) ချေးမယ်လို့ အိန္ဒိယက မကြာမီက ကမ်းလှမ်းထားပါတယ်။ အထူးစီးပွားရေးဇုန်တွေဟာ နိုင်ငံခြားအရင်းအနှီးရအောင် အပြိုင်အဆိုင် ဆွဲဆောင်ကြပါလိမ့်မယ်။ ၂၀၀၈ ခုနှစ်က နိုင်ငံပေါင်း (၁၃၅) နိုင်ငံမှာ အထူးစီးပွားရေးဇုန် (၃၀၀၀) ကျော် ရှိတယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းပါတယ်။ လောလောဆယ်မှာတော့ မြန်မာ့အထူးစီးပွားရေးဇုန် (၃) ခု အကောင်အထည်ဖော်နိုင်ဖို့ ကိစ္စဟာ တရုတ်-ဂျပန် နဲ့ ထိုင်းကုမ္ပဏီတွေပေါ် မူတည်နေပါတယ်။
XS
SM
MD
LG