သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရေးရာ တရုတ်လမ်းစဉ်သစ်


တရုတ်ကင်းလှည် သင်္ဘော MV Haixun 01 မြန်မာနိုင်ငံကို ဆိပ်ရောက်လာစဉ်။ (ဇူလိုင်၂၄၊ ၂၀၁၃)
တရုတ်ကင်းလှည် သင်္ဘော MV Haixun 01 မြန်မာနိုင်ငံကို ဆိပ်ရောက်လာစဉ်။ (ဇူလိုင်၂၄၊ ၂၀၁၃)
လွန်ခဲ့တဲ့ ဇူလိုင်လ (၅) ရက်နေ့က တရုတ်ကုမ္မဏီတွေနဲ့ မြန်မာမီဒီယာတွေ့ဆုံပွဲ ရန်ကုန်တရုတ်သံရုံးမှာ ကျင်းပပါတယ်။ မြန်မာပြည်မှာ လူမုန်းများနေတဲ့ မြစ်ဆုံဆည်နဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွေမှာ (၂) နိုင်ငံ အကျိုးအမြတ် ခံစားရမယ့်အကြောင်း တရုတ်အစိုးရပိုင်ကုမ္မဏီ ကိုယ်စားလှယ်တွေက ရှင်းလင်းပြောဆိုကြပါတယ်။ တရုတ်ကို အမြင်ကောင်းအောင် စည်းရုံးရေးဆင်းတာ ဖြစ်ပါတယ်။ ဇူလိုင်လ (၂၃) ရက်နေ့ကလည်း တရုတ်ဗဟိုစစ်ကော်မရှင်ရဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဖန်းချန်လောင် (范长龙) နေပြည်တော်မှာ ဘက်စုံမဟာဗျူဟာ ပူးပေါင်းမူမြှင့်တင်ရေး ဆွေးနွေးသွားပါတယ်။

အနောက်တိုင်းနဲ့ အဆင်ပြေလာတဲ့ ဗမာစစ်အုပ်စုဟာ နိုင်ငံရေးမှာ တရုတ်ကို အားကိုးစရာ မလိုတော့ပေမယ့် စီးပွားရေးမှာ မှီခိုနေရဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်ကို အကောင်မမြင်နိုင်တာဟာ ပြဿနာဖြစ်နေပါတယ်။ ငွေရင်းအများဆုံးစိုက်ပြီး သိက္ခာကျနေရတဲ့အဖြစ်ကို ပြေပျောက်သွားအောင် ကြိုးပမ်းနေသူဟာ လွန်ခဲ့တဲ့ မတ်လက ခန့်အပ်တဲ့ တရုတ်သံအမတ်သစ် ယန်ဟို့လန် ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ George Washington တက္ကသိုလ်မှာ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးပညာ ဆည်းပူးခဲ့သူ ဖြစ်ပါတယ်။ ဆွေးမျိုးပေါက်ဖော် ဆက်ဆံရေး ကောင်းလာမယ်လို့ သူကဆိုပါတယ်။

အာဏာရှိသူကို ကျေနပ်အောင်လုပ်ပြီး စီးပွားရေးသဘောတူချက် ရယူခဲ့တဲ့ တရုတ်ကုမ္မဏီတွေကြောင့် တရုတ်ကို မကောင်းထင်နေတာတွေကို ကွယ်ပျောက်အောင်လုပ်ဖို့ ယန်ဟို့လန် က တာဝန်ယူထားပါတယ်။ စစ်အုပ်စုနဲ့ ကျိတ်ဝိုင်းလုပ်ပြီး စီးပွားရှာတုန်းက ဒေသခံပြည်သူလူထုကို လျစ်လျူရှုခဲ့တဲ့ တရုတ်ကုမ္မဏီတွေဟာ ဦးသိန်းစိန်အစိုးရလက်ထက်မှာ မြန်မာပြည်သူပြည်သားတွေလည်း အကျိုးခံစားနိုင်တယ်ဆိုတာကို နားလည်းသဘောပေါက်အောင်လုပ်မယ့် သဘောဖြစ်ပါတယ်။ ယန်ဟို့လန် ဟာ အလွှာမျိုးစုံကခေါင်းဆောင်တွေ၊ သတင်းသမားတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး တရုတ်ရောမြန်မာပါ အကျိုးရှိမှာကို ရှင်းပြနေပါတယ်။ ဒါပေမဲ့ လူထုအဖို့ကတော့ လက်တွေ့အကျိုးခံစားရဖို့ကသာ အဓိကဖြစ်ပါတယ်။

အငြိမ်းစားနိုင်ငံခြားရေးဌာနဝန်ထမ်း ဝမ်ရင်ဖန် ကို အာရှရေးရာ အထူးသံတမန်အဖြစ် ခန့်အပ်ပြီး မြန်မာ့ရေးရာကို ကိုင်တွယ်ခိုင်းတာဟာလည်း မြန်မာပြည်ကို အထူးအာရုံစိုက်တဲ့သဘော ဖြစ်ပါတယ်။ မြန်မာ့အရေးဟာ ပြည်တွင်းရေးဖြစ်လို့ မဆိုင်ဘူးလို့ မပြောတော့ဘဲ ဝင်ရောက်ကူညီမယ့် လမ်းစဉ်ဖြစ်ပါတယ်။ အတိုက်အခံနိုင်ငံရေးသမား၊ သတင်းသမားနဲ့ ပညာရှင်တွေကို ရန်ကုန်မှာတွေ့ဆုံဆွေးနွေးပြီး ရွှေလီမှာကျင်းပတဲ့ ကချင်-မြန်မာ ဆွေးနွေးပွဲမှာလည်း ပါဝင်ခဲ့သူဖြစ်ပါတယ်။ တရုတ်ကုမ္မဏီတွေ တာဝန်သိဖို့ အရေးကြီးပုံကို သူကထောက်ပြပါတယ်။ တရုတ်-မြန်မာ လုပ်ငန်းတွေမှာ ဒေသခံပြည်သူလူထု အကျိုးခံစားနိုင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ကချင်စစ်ပွဲဟာ တရုတ်စီမံကိန်းအပါအဝင် အားလုံးကို ထိခိုက်တာမို့ စစ်ရေးအရ ဖြေရှင်းတာကို လက်မခံနိုင်ဘူးလို့ သူကဆိုပါတယ်။

တရုတ်ပြည် ဟိုင်နန်ကျွန်း ဘိုအောမြို့မှာ ဧပြီလကကျင်းပတဲ့ အာရှဖိုရမ်နှစ်ပတ်လည် အစည်းအဝေးမှာ ဦးသိန်းစိန်နဲ့ တရုတ်သမ္မတသစ် ရှီဂျင့်ပင် တို့ တွေ့ဆုံတဲ့အခါမှာလည်း (၂) နိုင်ငံဘက်စုံ ပူးပေါင်းဆောင်ရွက်ရေးလုပ်ပြီး တရုတ်-မြန်မာ အကျိုးစီးပွား မြှင့်တင်ဖို့ ကတိပြုကြပါတယ်။ တရုတ်အစိုးရ နိုင်ငံတော်ကောင်စီဝင် ယန်ဂျဲချိ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ကို ဇွန်လက သွားရောက်တဲ့အခါမှာလည်း ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး အကောင်အထည်ဖော်ဖို့ အဓိကထား ပြောသွားပါတယ်။ ကချင်ပြဿနာ ပြေလည်ရေး၊ ကျောက်ဖြူစီးပွားရေးဇုန် ထူထောင်ရေးစတာတွေကို ထုတ်ဖော်ပြောဆိုသွားပါတယ်။ မြန်မာပြည် တိုးတက်ဖွံ့ဖြိုးရေးအတွက် အခြားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း တရုတ်ကအဆင်သင့်ဖြစ်ကြောင်း ဖော်ပြနေတာ ဖြစ်ပါတယ်။

ဗမာစစ်အစိုးရကို ဒဏ်ခတ်အရေးယူပြီး ဝိုင်းပယ်တုန်းက နိုင်ငံရေး၊ စီးပွားရေး နဲ့ စစ်ရေးအကူအညီ အများဆုံးပေးတာ တရုတ်ဖြစ်ပါတယ်။ စစ်အုပ်စုနဲ့ တရုတ်ကျိတ်ဝိုင်းလုပ်နေတဲ့ အပြုအမှုဟာ ဒီမိုကရေစီအသိုင်းအဝိုင်းမှာ လက်မခံနိုင်စရာ ဖြစ်လာပါတယ်။ အခုတော့ တရုတ်သံရုံးဟာ NLD ပါတီကို အလှုငွေထည့်ပြီး NLD ကိုယ်စားလှယ်အဖွဲ့ရဲ့ တရုတ်ပြည်ခရီးကိုလည်း အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။ ဘက်စုံ စည်းရုံးသိမ်းသွင်းနိုင်ရင် တရုတ်အပေါ် အမြင်ပြောင်းလာမယ်ဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။

ဒဏ်ခတ်မှုရုတ်သိမ်းပြီး ဂျပန်၊ အမေရိကန် နဲ့ ဥရောပက ကူညီထောက်ပံ့လာတဲ့အတွက် တရုတ်-ဗမာ ပူးတွဲမှုဟာ အရင်လောက် ထင်ပေါ်မှာမဟုတ်ဘူးလို့ တွက်ပုံရပါတယ်။ မြန်မာ့အပေါ် အမြင်ပြောင်းလာတာဟာ တရုတ်အတွက် အသက်ရှုချောင်စရာ ဖြစ်တယ်လို့ ဘေဂျင်းအခြေစိုက် China Institute of International Studies က အမျိုးသမီးသုတေသီ စုရှောင်ဟွေ့ က သုံးသပ်ပါတယ်။

ဗမာစစ်အုပ်စု သက်ဆိုးရှည်ရေးနဲ့ တရုတ်စီးပွားရေးကို ဦးစားပေးပြီး ကျိတ်ဝိုင်းလုပ်ခဲ့တဲ့ တရုတ်-မြန်မာ ဆက်ဆံရေးမှာ ဒေသခံပြည်သူတွေရဲ့ အကျိုးစီးပွားပါဝင်လာပြီး သိသာမြင်သာ ဖြစ်လာတာဟာ ဆွေးမျိုးပေါက်ဖော် ဆက်ဆံရေးပုံစံသစ် ဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်ကို အကောင်းမြင်လာဖို့ဆိုတာဟာ ဟောပြောပြိး ဝါဒဖြန့်ရုံတင်မကဘဲ လက်တွေ့လုပ်ပြနိုင်တဲ့အပေါ်မှာ မူတည်ပါတယ်။
XS
SM
MD
LG