သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် အရင်းအနှီးနည်းတာ မကောင်းဘူးဆိုပါလား


မြန်မာ-ယူနန် နယ်စပ်ကုန်သွယ်ရေး
မြန်မာ-ယူနန် နယ်စပ်ကုန်သွယ်ရေး
မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးအတွက် နိုင်ငံခြားအရင်းအနှီး လိုအပ်နေတုန်းမှာ တရုတ်ရဲ့ ရင်းနှီးမြုပ်နံှမှု ကျဆင်းလာတာဟာ တိုင်းပြည်အတွက် မကောင်းကြောင်း သုံးသပ်ထားတဲ့ စာတမ်းတစောင် စက်တင်ဘာလ (၁၇) ရက်နေ့က ထွက်လာပါတယ်။ မြန်မာပြည်ကို သွားရောက်လေ့လာခဲ့တဲ့ တရုတ်အမျိုးသမီး သုတေသီ (ယွန့်စွန်) ရေးသားပြီး ဝါရှင်တန်မြို့တော် အခြေစိုက် Stimson Center က ထုတ်တဲ့စာတမ်းပါ။ Chinese Investment in Myanmar: What Lies Ahead ဆိုတဲ့ စာတမ်းဖြစ်ပါတယ်။

တရုတ်အရင်းအနှီးဟာ ၂၀၀၈ မှာ ဒေါ်လာသန်းတထောင်ရှိရာက ဆက်တိုက်တိုးပွါးလာတဲ့အတွက် ဦးသိန်းစိန်အစိုးရတက်လာချိန်မှာ ဒေါ်လာသန်း (တသောင်းသုံးထောင်) အထိ ရှိလာပါတယ်။ မြစ်ဆုံ၊ လက်ပံတောင်းတောင်နဲ့ ကျောက်ဖြူယူနန်ပိုက်လိုင်း စီမံကိန်းတွေကြောင့် အခုလို တိုးပွားသွားတာပါ။ ဒါပေမဲ့ ပြုပြင်ရေးလုပ်ချိန်ကစပြီး တရုတ် ရင်းနှီးမှုကျဆင်းလာတာမို့ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ ဒေါ်လာသန်း (၄၀၀) ကျော်သာ မြှုပ်နံှနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိ စီမံကိန်းတွေကို ဆက်လက်ထောက်ပံ့နေပေမယ့် စီမံကိန်းအသစ်မရှိသလောက် ဖြစ်နေပါတယ်။ တရုတ်ဆန့်ကျင်ရေး စိတ်ဓါတ်ပြင်းထန်နေလို့ ဗမာအစိုးရက တရုတ်အကျိုးစီးပွားကို အကာအကွယ်ပေးချင်ပုံ မရဘူးလို့ ဆိုပါတယ်။

ဒဏ်ခတ်အရေးယူမှုတွေ ရပ်ဆိုင်းလိုက်လို့ အနောက်တိုင်းက အရင်းအနှီးတွေ လှိမ့်ဝင်လာမယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် လွန်ခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာဝင်လာတဲ့ နိုင်ငံခြားအရင်းအနှီးဟာ လျော့ကျသွားတဲ့ တရုတ်အရင်းအနှီးကို အစားထိုးနိုင်လောက်အောင် များတာမဟုတ်ပါဘူးတဲ့။ မြစ်ဆုံနဲ့ လက်ပံတောင်းတောင်ပြဿနာဟာ တရုတ်ကုမ္မဏီတွေကို ဝိုးတိုးဝါးတား ဖြစ်စေပါတယ်။ ရေနံဓါတ်ငွေ့ပိုက်လိုင်းကိုတော့ လွန်ခဲ့တဲ့ ဇူလိုင်လမှာ စတင်အသုံးပြုနိုင်ပါတယ်။ တရုတ်အတွက် အလွန်အရေးကြီးတဲ့ စီမံကိန်းကြီးတွေမှာ ပြဿနာဖြစ်တာဟာ တရုတ်-မြန်မာ ဆက်ဆံရေးအပေါ် အများကြီးအကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ လက်ပံတောင်းတောင်စီမံကိန်းမှာ တရုတ်ကုမ္မဏီနဲ့ ဗမာအစိုးရ မကြာမီက ရယူလိုက်တဲ့ သဘောတူညီချက်ဟာ ပြဿနာပေါ်တဲ့ တရုတ်စီမံကိန်းတွေအတွက် သင်ခန်းစာယူစရာ ဖြစ်ပါတယ်။

ဗမာအစိုးရနဲ့ ကျိတ်ဝိုင်းလုပ်ပြီး အမြတ်ထုတ်တဲ့အတွက် တိုင်းသူပြည်သား မကျေမနပ်ဖြစ်တာကို တရုတ်တွေ သဘောပေါက်ပါတယ်။ ဒါပေမဲ့ သမ္မတဦးသိန်းစိန်နဲ့ လက်ရှိ အစိုးရအဖွဲ့ဝင်တွေဟာ စစ်အစိုးရလက်ထက်က သူတို့ထောက်ခံခဲ့တဲ့ စီမံကိန်းတွေကို အခုမှ ဆန့်ကျင်နေတာကို တရုတ်က ဘဝင်မကျဖြစ်နေပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်က 'မှားမှားမှန်မှန် အမိန့်နာခံ' ဆိုတဲ့ နိုင်ငံရေးဓလေ့နဲ့ လွှတ်တော်နိုင်ငံရေးစနစ် ကွဲပြားခြားနားပုံကို တရုတ်က သဘောမပေါက်နိုင်ဘဲ ဖြစ်နေပုံရပါတယ်။ ဒါကြောင့်မို့ နိုင်ငံရေးနဲ့ လူမှုရေး မတည်မငြိမ်ဖြစ်လို့ တရုတ်အကျိုးစီးပွား ထိခိုက်လာမှာကို ဟန့်တားနိုင်ရေးဟာ တရုတ်အစိုးရရဲ့ ထိပ်တန်းဦးစားပေး ဖြစ်လာပါတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး တာဝန်ယူရေးနဲ့ ဒေသခံတွေ သဘောတူရေးဟာ အရေးကြီးကြောင်း တရုတ် နားလည်းလာပါတယ်။

သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်ဓါတ်အား ဖူလုံရေးနဲ့ ဖြန့်ဝေရေး စတဲ့ အခြေခံအဆောက်အအုံမှာ ရင်းနှီးမြုပ်နံှနိုင်တဲ့ တရုတ်က တွန့်ဆုတ်နေရင် စက်မှုအသွင်ပြောင်းရေးမှာ အခက်အခဲ တွေ့လိမ့်မယ်လို့ ယွန့်စွန် က ဆိုပါတယ်။ ဒါကြောင့် တရုတ်နေရာကို အချိန်မီ အစားထိုးနိုင်မယ်သူ မရှိရင် မြန်မာ့စီးပွားရေး တိုးတက်မှုဖြစ်စဉ်ဟာ ကြန့်ကြာသွားနိုင်ပါတယ်။ လျှပ်စစ်ဓါတ်အား မလုံလောက်တဲ့အတွက် မြစ်ဆုံစီမံကိန်းကိုပြန်ပြီး အသက်သွင်းနိုင်လိမ့်မယ်လို့ တရုတ်ဖက်က ယုံကြည်နေပါတယ်။ လက်ပံတောင်းတောင်မှာလို ဒေသခံတွေပါ အကျိုးခံစားနိုင်မယ့် သဘောတူချက်မျိုး ပြန်လည်ရေးဆွဲနိုင်မယ်ဆိုရင် မြစ်ဆုံ စီမံကိန်းကို ပြန်ပြီး အသက်သွင်းနိုင်လိမ့်မယ်လို့ တရုတ်ဘက်က ယုံကြည်နေ ပါတယ်။ ရပ်ဆိုင်းထားလို့ အရှုံးပေါ်နေပေမယ့် ၂၀၁၅ နောက်ပိုင်းပြန်စနိုင်ရင် အကျိုးရှိနိုင်သေးတယ်လို့ တရုတ်က မြင်ပါတယ်။

ဦးသိန်းစိန်အစိုးရဟာ ရပ်တည်ချက်ပြောင်းလဲပြီး အရင်တမျိုး အခုတမျိုးလုပ်နေတယ်လို့ တရုတ်အရာထမ်းတွေက ညည်းညူကြပါတယ်။ တရုတ်နဲ့ ဆက်ဆံပုံကိုကြည့်ပြီး နိုင်ငံခြားကုမ္မဏီတွေဟာ ဗမာအစိုးရကို အယုံအကြည်နည်းလာမှာမို့ တိုင်းပြည်စီးပွားရေး တိုးတက်မှုဖြစ်စဉ်ကို ထိခိုက်လိမ့်မယ်လို့ တရုတ်က ယူဆပါတယ်။ ဒါကြောင့် ယုံကြည်မှုပြန်လည်ရရှိပြီး နှစ်ဘက်အကျိုးရှိမယ့်ကိစ္စတွေကို တရုတ်နဲ့ မြန်မာအစိုးရတို့ ဆွေးနွေးညှိနှိုင်းသင့်တယ်လို့ ယွန့်စွန် က ဆိုပါတယ်။

ဒါပေမဲ့ တရုတ်အရင်းအနှီး ကျဆင်းလာတာကို အားနည်းချက်အဖြစ် မြန်မာဘက်က မြင်ပုံမရပါဘူး။ လွန်ခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နံှမှု (၅) ဆ တိုးလာပြီး နိုင်ငံခြားရင်းနှီးမြုပ်နံှမှုဟာ အမေရိကန် ဒေါ်လာသန်း (၁၄၀၀) ကျော် ရှိတယ်လို့ မေလ (၁၂) ရက်နေ့က မန္တလေးမှာ ဦးသိန်းစိန် ပြောသွားပါတယ်။ နှစ်ကုန်ပိုင်းရောက်ရင် ဒေါ်လာသန်း (၃၀၀၀) အထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းကြောင်း မြန်မာ့ရင်းနှီးမြုပ်နံှမှုကော်မတီက စက်တင်ဘာလ (၁၀) ရက်နေ့က ကြေညာပါတယ်။ ဒါကြောင့် တရုတ်အရင်းအနှီး နည်းလာပေမယ့် နိုင်ငံခြားအရင်းအနှီး ကျဆင်းသွားတာ မဟုတ်တဲ့အတွက် တရုတ် ထင်သလို မဖြစ်နိုင်ဘူးလို့သာ ပြောရပါလိမ့်မယ်။
XS
SM
MD
LG