သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ရေးဆွဲဖို့ ဖြစ်နိုင်မလား?


ဒီမိုကရေစီမဆန်ဘူးလို့ ထောက်ပြဝေဖန်နေကြတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ရေး အလားအလာကောင်းတွေ ရှိနေတယ်လို့ ဖွဲ့စည်းပုံ ဥပဒေရေးရာ ပါရဂူ ဒေါက်တာအင်ဒရူး ငွေကျုံလျန် ("Andrew" Ngun Cung Lian)
က ဆိုပါတယ်။ အဓိက ပြောစရာဖြစ်စေတဲ့ နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍ၊ စစ်တပ်ရဲ့ ကြီးစိုးမိုးကို ပြောင်းလဲနိုင်မယ့် အခြေအနေ ရှိနေပါရဲ့ လား။ ဒေါက်တာအင်ဒရူး နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ လူတိုင်းပြောနေကြတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲမယ့်ကိစ္စဟာ ဘယ်လောက် အလားအလာ ရှိသလဲဆိုတာကို မေးချင်တာပါ။ ဆိုတော့ ဒီနေရာမှာ ပထမ မေးရမယ့်မေးခွန်းကတော့ အာဏာပိုင်တွေ။ အာဏာပိုင်တွေဆိုတာ သမ္မတနဲ့ အစိုးရ (executive) ပိုင်းက ဘယ်လောက် အလေးအနက်ထားသလဲ။ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရမယ်ဆိုတဲ့ကိစ္စကို။

ဒေါက်တာ အင်ဒရူး ။ ။ ကျနော် မြန်မာပြည်မှာ တနှစ်ကျော်ကျော်လောက် နီးနီးကပ်ကပ်နဲ့ အုပ်ချုပ်ရေးပိုင်းဖြစ်ဖြစ်၊ ဥပဒေပြုရေးပိုင်းဖြစ်ဖြစ်၊ တပ်မတော်ပိုင်းဖြစ်ဖြစ်။ လုပ်တဲ့အချိန်မှာ အားလုံးက ဒီအခြေခံဥပဒေ ပြုပြင်ရေးကို သဘောတူတယ်။ အဲဒီမှာ တခုကွာတာက စောစောသွားချင်တဲ့လူနဲ့ ဖြေးဖြေးနဲ့သွားချင်တဲ့လူ ကြားမှာပဲရှိတယ်။ ကျနော့်အမြင်မှာတော့ ကျနော်တို့ စောစောသွားဖို့က ဒီမိုကရေစီကျင့်စဉ်ကျင့်ထားတွေနဲ့ ရင်းနှီးမှုသိပ်မရှိသေးတဲ့အတွက် ဖြေးဖြေးလေးနဲ့ ဆက်သွားလို့ရှိရင် ကျနော်တို့ လိုချင်တဲ့အတိုင်းအတာ၊ လိုချင်တဲ့ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်မယ်လို့ ကျနော်ကတော့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ ဖြေးဖြေးသွားချင်သူနဲ့ မြန်မြန်သွားချင်သူ။ အဲဒီအပိုင်းကို မပြောခင်မှာ များများပြောင်းလဲချင်သူနဲ့ နည်းနည်းလေးပဲ ပြောင်းလဲချင်သူဆိုတဲ့ ကွဲလွဲမှုမျိုးကော မရှိဘူးလား။

ဒေါက်တာ အင်ဒရူး ။ ။ အဲဒါတော့ မရှိပါဘူး။ ကျနော့်အမြင်မှာ များများနဲ့ နည်းနည်း မရှိပါဘူး။ အခုက လွှတ်တော်တို့၊ အုပ်ချုပ်ရေးတို့ တရားစီရင်ရေးတို့ ပေါ်လာတာလည်း သိပ်မကြာသေးဘူး။ (၃) နှစ်တောင် မပြည့်သေးဘူး။ (၃) နှစ်လောက်ပဲ ရှိပါသေးတယ်။ ရှင်းရှင်းပြောရရင် ဇယား (၁) (၂) (၃) (၅) ကို ပြင်မှ ပြည်တွင်းစစ်ကို ရပ်နိုင်မယ်။ နောက် တိုင်းရင်းသားတွေ လိုလားချက်လည်း ပြည့်စုံမယ်ဆိုတဲ့ဟာကို မကြည့်တဲ့လူနဲ့ ဟိုဖက်မှာ ဟို ဥပဒေပုဒ်မတခုကို စွဲပြီးတော့ ဒီဟာမဖြစ်လို့ရှိရင် ဒီမိုကရေစီမကျဘူးဆိုတဲ့ လူတွေကြားထဲမှာ ပဋိပက္ခဖြစ်နေတာပဲ ကျနော်တို့ တွေ့ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အဲဒီ ဇယား - schedule တွေမှာ ခွဲပေးထားတဲ့ power – division of authority, power မဟုတ်ဘဲနဲ့ အဲဒီ ဇယားတွေထဲမှာ မဖော်ပြထားဘဲနဲ့ စစ်တပ်ကို ဘယ်လို အခွင့်အရေးတွေ ပေးထားတယ်။ ဘယ်ဌာနတွေကိုတော့ စစ်တပ်က တာဝန်ယူရမယ့် စသဖြင့် ခွဲခြားထားတာတွေ။ နောက် လွှတ်တော်မှာ အမတ် (၂၅)% ပါနေတာတွေ။ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်ကို သမ္မတက ရွေးရတာ စတဲ့ကိစ္စတွေ။ အဲဒီ ကိစ္စတွေကြတော့ကော အာဏာပိုင်ဖက်က လုံးဝပြင်ချင်တဲ့သဘော ရှိသလား။ အဲဒါကိုပါ လုံးဝပြင်ချင်တယ်ဆိုရင်တော့ ဒါဟာ အများကြီးပြင်ချင်တဲ့သဘောလို့ ကျနော်က သတ်မှတ်တယ်။ အဲဒီလောက်အထိ မပြင်ဘဲနဲ့ တဖြည်းဖြည်း ဘယ်လိုလုပ်မလဲဆိုတာကို ပြောတာက နည်းနည်းလေးပဲ ပြောင်းလဲချင်သူ အဲဒီလိုခွဲလို့ မရဘူးလား။

ဒေါက်တာ အင်ဒရူး ။ ။ မဟုတ်ဘူး။ ကျနော်တို့ အာဏာပိုင်လို့ ပြောတဲ့အချိန်မှာ အခုမှာ အာဏာပိုင်တဲ့လူ မရှိတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အာဏာက လွှတ်တော်ထဲလည်း ရောက်နေတယ်။ အုပ်ချုပ်ရေးကဏ္ဍကိုလည်း ရောက်နေတယ်။ တပ်မတော်ဖက်လည်း ရောက်နေတယ်။ တရားစီရင်ရေးဖက်လည်း ရောက်နေတယ်။ ဆိုတော့ အာဏာဆိုတာ နေရာ (၄) ခုလောက်မှာ ခွဲနေတာ။ အခုန မေးတဲ့အထဲမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ ဝန်ကြီးချုပ်တွေကို သမ္မတက ခန့်ထားတယ်ဆိုတဲ့ကိစ္စတွေက ကျနော့်အမြင်အရကတော့ ဒီကိစ္စက ပြောင်းမှာပါ။ ဒုတိယအချက်က ဇယား (၁) (၂) (၃) (၅) ရယ်ကိစ္စမှာ အခုက နားလည်းလာပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကချင်ပြည်နယ်မှာ ကျနော် နောက်ဆုံးရောက်တဲ့အချိန်မှာ ကချင်ပြည်နယ်လွှတ်တော်က ဥပဒေ (၁၅) ခု ပြုထားတယ်။ ဒါပေမဲ့ အဲဒါ အသက်မဝင်ဘူး။ ဘာဖြစ်လို့ အသက်မဝင်လဲဆိုတော့ တည်ဆဲဥပဒေ (၄၀၀) ကျော်ကြောင့် အသက်မဝင်ဘဲနဲ့ ဖြစ်နေတယ်။ အခုအခါကြတော့ ဘာဖြစ်လာလဲဆိုတော့ တည်ဆဲဥပဒေက အခြေခံဥပဒေလောက်နီးပါး ပြဿနာဖြစ်နေတယ်။ အဲဒီတော့ အခြေခံဥပဒေနဲ့ တည်ဆဲဥပဒေကြားမှာ မညီတဲ့ဟာကို ညှိဖို့။ နံပတ်တစ် ဒီမိုကရေစီကျင့်ထုံကျင့်စဉ်တွေနဲ့ မညီတဲ့ တည်ဆဲဥပဒေတွေကို ပြန်ညှိဖို့ဆိုတဲ့ ပြောသံတွေ ထွက်လာပါတယ်။ အဲဒါ ကျနော်အနေနဲ့တော့ တိုးတက်မှုတခုလို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ မေးစရာ နှစ်ခု ရှိပါတယ်။ ပထမတခုကတော့ တည်ဆဲဥပဒေဆိုတာဟာ constitution နဲ့ ကိုက်ညီရမယ်။ နိုင်ငံတိုင်းမှာ မကိုက်ညီဘူးဆိုရင် တည်ဆဲဥပဒေကို ဖွဲ့စည်းပုံဥပဒေက ကျော်လွှာရမြဲ ထုံစံပါ။ ဟုတ်တယ် မဟုတ်လား။

ဒေါက်တာ အင်ဒရူး ။ ။ ဟုတ်ကဲ့။

ဦးကျော်ဇံသာ ။ ။ အဲဒါကိုတောင်မှ မြန်မာနိုင်ငံမှာ မကျင့်သုံးနိုင်သေးဘူးဆိုရင် ကိုအင်ဒရူး က ဒီမှာပြောတယ် အာဏာဆိုတာ တယောက်ထဲလက်ထဲမှာ မရှိတော့ဘူးဆိုတော့ separation of power, separation of authority က လုံးဝသီးသီးခြားခြား ဖြစ်နေပြီလို့ ထင်သလား။ လွှတ်တော်ဟာ independent legislature ဖြစ်သလား။ independent judicial ဖြစ်သလား အဲဒီလိုပြောတာ ကျ,မနေဘူးလား။

ဒေါက်တာ အင်ဒရူး ။ ။ အခုက အာဏာကို ခွဲထားပါတယ်။ ဒါပေမဲ့ ခွဲထားတဲ့ အာဏာက ဟိုဖက်ဒီဖက် လေးခွင်မှာ ကောင်းကောင်းအလုပ်မလုပ်နိုင်တဲ့အဆင့်ကို ရောက်နေတယ်လို့ ကျနော်ကတော့ ယူဆပါတယ်။ ကျနော် မှားရင်လည်း မှားလိမ့်မယ်။ အဲဒီတော့ တည်ဆဲဥပဒေက အခြေခံဥပဒေနဲ့ ဆန့်ကျင်တယ်ဆိုလို့ရှိရင် အဲဒီ တည်ဆဲဥပဒေက အာဏာကနေ ပျက်ပြယ်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့မှာ ဒီတည်ဆဲဥပဒေကိစ္စကို လုပ်မယ့်ကိစ္စက အခြေခံဥပဒေဆိုင်ရာ ခုံရုံးလည်း ရှိပါတယ်။ နောက်ပြီးတော့ လွှတ်တော်တွေကလည်း တည်ဆဲဥပဒေဟာ လက်ရှိ ၂၀၀၈ အခြေခံဥပဒေနဲ့ မကိုက်ညီဘူးဆိုပြီးတော့ ခုံရုံးကို ပို့ရမှာပါ။ ဒါပေမဲ့ ဒီအဆင့်ကို ကျနော်တို့က မရောက်နိုင်သေးဘူး။ အခုက ကျနော်တို့က ဟိုပုဒ်မကို ဆွဲပြီးတော့၊ ဒီပုဒ်မကို ပြင်မှ ကျနော်တို့တိုင်းပြည်က ဒီမိုကရေစီရောက်မယ် ထင်နေတဲ့အဆင့်ပဲ ရှိသေးတယ်လို့ ကျနော်က ယူဆပါတယ်။ အားလုံးကို လေးစားပါရဲ့။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ကျနော် တည့်တည့်မေးရမယ်ဆိုရင် တပ်မတော်ဖက်က အကြီးအကဲတွေက နောက်ဆုတ်ပေးမယ် ထင်ပါသလား။ စစ်တပ်ဟာ နိုင်ငံရေးဦးဆောင်မှုမှာ ထိပ်တန်းကနေရာမယ်ဆိုတဲ့ အခန်းကဏ္ဍ။ အဲဒီ role ကို သူတို့ စွန့်လွှတ်လိမ့်မယ်။ စွန့်လွှတ်ဖို့အဆင်သင့်ရှီတယ်လို့ ကိုအင်ဒရူး ယူဆပါသလား။

ဒေါက်တာ အင်ဒရူး ။ ။ စစ်တပ်က နိုင်ငံရေးဦးဆောင်မှ သူတို့ထိပ်တန်းကနေရာမယ်လို့ ကျနော်ကတော့ မမြင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ယူထားတာ (၂၅)% ပဲ ရှိပါတယ်။ ကျန်တဲ့ ကျနော်တို့ အရပ်သားတွေ (၇၅)% ပေးပြီသားပါ။ ပေးထားတဲ့အထဲမှာမှ ကစားတတ်တာ၊ မကစားတတ်တာကတော့ အရပ်သားတွေ နိုင်ငံရေး ကျွမ်းကျင်မှု၊ မကျွမ်းကျင်မှုနဲ့ဆိုင်မယ်။ နောက်တခု ကျနော် တွေ့တဲ့တလျှောက်လုံးမှာ ကျနော် ဒီရောက်ပြီး၊ မြန်မာပြည်ပြန်သွားပြီးတလျှောက်လုံးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ငြိမ်းချမ်းရေးလုပ်စဉ်တလျှောက်မှာ တပ်မတော်က အရာရှိကြီးတွေ အများကြီးနဲ့ တွေ့ဖူးပါတယ်။ သူတို့နဲ့ စကားပြောပါတယ်။ ထမင်းလည်း အတူစားပါတယ်။ နိုင်ငံရေးကိစ္စလည်း ဆွေးနွေးပါတယ်။ ကျနော့်အမြင်မှာ ကောက်ချက်တခု ချလို့ရတာက ဒီတပ်မတော်က ပြုပြင်ပြောင်းလဲရေးကို လုံးဝအားပေးတယ်။ တကယ်လို့ သူတို့သာ အားမပေးလို့ရှိရင် ဒီနေ့အခြေအနေကို ကျနော်တို့ လုံးဝဘယ်နည်းနဲ့မှ ရနိုင်မှာ မဟုတ်ပါဘူး။ အဲဒါတော့ ကျနော်ရဲ့ ကောက်ချက်ပါ။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ (၂၅)% ပဲ ယူထားတယ်ဆိုပေမယ့် အဲဒီ (၂၅)% က တကယ့် decisive role ဖြစ်နေတယ်။ ကျန်တဲ့ (၇၅)% က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြည်ခိုင်ဖြိုးက ယူထားတယ်။ ပြည်ခိုင်ဖြိုးနဲ့ စစ်တပ်နဲ့ တပ်မတော်နဲ့ဆိုတာက သိပ်ကွဲပြားတာ မဟုတ်ဘူးလို့ လူတွေက မြင်ကြပါတယ်။ ဆိုတော့ (၂၅)% ယူထားတာက သိပ်အရေးမကြီးဘူးလား။

ဒေါက်တာ အင်ဒရူး ။ ။ ကျနော်တို့ အနေအထားနဲ့တော့ တဖတ်ကပြောရင်တော့ utopian democracy မျိုးနဲ့ပြောရင်တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျနော့်အမြင်မှာတော့ ကျနော်တို့ရဲ့ လက်ရှိအနေအထားနဲ့ တကယ်အမှန်အတိုင်းပြောရရင် မြန်မာနိုင်ငံမှာ institution ဆိုလို့ တပ်မတော်တခုပဲ ရှိပါတယ်။ ကျန်တဲ့ဟာ ဘယ် institution မှ မယ်မယ်ရရ မရှိပါဘူး။ ကျနော်တို့ကို ကျောထောက်နောက်ခံပြုမယ့် institution တခုတော့လိုမယ်။ ၂၅% ဆိုတဲ့ကိစ္စကလည်း ကျနော် လွန်ခဲ့တဲ့ (၂) နှစ်အတွင်းမှာ လွှတ်တော်ထဲမှာ မဲထည့်တဲ့ ပုံစံကို ကြည့်လိုက်တဲ့အခါကြတော့ NLD က အဆိုတင်သွင်းတဲ့ဟာကို တပ်မတော်က ထောက်ခံတာရှိသလို၊ တပ်မတော်က အဆိုသွင်းတဲ့ဟာကို NLD နဲ့ တခြားတိုင်းရင်းသားပါတီတွေက ထောက်ခံတာရှိတယ်။ အဲဒီတော့ ဒီဟာကြီးက ပုံသေနည်းအနေနဲ့ ကြည့်နေမယ်ဆိုရင် ကျနော်တို့ဖက်က မှားနိုင်တယ်လို့ ကျနော်က ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက် တပ်မတော်ဟာ သူတို့ ပြည်ထောင်စုပြိုကွဲနိုင်တဲ့ အလားအလာရှိတယ်။ ငါတို့သည်သာ ဒီဟာကို ကာကွယ်ဖို့ တာဝန်ရှိတယ်ဆိုတဲ့ သူတို့ရဲ့ စိတ်ဓါတ်ရေးရာ စွဲမြဲယုံကြည်လာမှုက အခုထိ ဆက်လက်ရှိနေသေးတယ်။ အဲဒီအတွက်ကြောင့် တိုင်းရင်းသားတွေနဲ့ ဆွေးနွေးတဲ့နေရာမှာ တပ်မတော်ဆိုတဲ့ အဖွဲ့အစည်းဟာ အခိုင်အမာဆုံး။ အတင်းမာဆုံးအဖွဲ့အစည်း ဖြစ်တယ်။ အပစ်အခတ်ရပ်စဲရေးကိစ္စတွေဟာ တပ်မတော်ဖက်က သမ္မတရဲ့ အမိန့်ကိုတောင် မလိုက်နာလို့ ဆက်လက်ဖြစ်နေရတယ်လို့ သုံးသပ်ချက်တွေလည်း ကြားရပါတယ်။ အဲဒါကို ဘယ်လို ပြောလိုပါသလဲ။

ဒေါက်တာ အင်ဒရူး ။ ။ ကျနော် မထင်ဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်မှာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းပေါင်း (၁၅-၁၆) ခုနဲ့ တပ်မတော်နဲ့ အစိုးရဖက်က ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီလူကြီးတွေနဲ့ ကျနော်ပါဝင်ခဲ့ပါတယ်။ နံပတ် (၁) အချက်က ဘယ်တိုင်းရင်းသားအဖွဲ့အစည်းက ပြည်ထောင်စုက ခွဲထွက်မယ်ဆိုတဲ့ကိစ္စ မပြောတော့ပါဘူး။ အဲဒီအချိန်မှာ တပ်မတော်က ပြည်ထောင်စုပြိုကွဲရေးကိစ္စကိုလည်း သူက မပြောတော့ပါဘူး။ အဲဒီတော့ ကျနော်တို့ ဒီပြည်ထောင်စုကို တည်တန့်ခိုင်မြဲအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ကိစ္စမှာ သူတို့ပြောပါတယ်။ အပြင်ဖက်ကနေ ဝေဖန်တဲ့လူက ဝေဖန်နေမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ တကယ်တမ်း စားပွဲပေါ်မှာ၊ အခန်းထဲမှာ တံခါးပိတ်ပြီး ဆွေးနွေးနေတဲ့အချိန်မှာ သူတို့က မဝင်ရတော့ အထဲမှာ တကယ်ဖြစ်နေတဲ့ကိစ္စကို မမြင်ဘူး။ အဲဒီတော့ ကျနော်အနေနဲ့ အရင်တုန်းကမြင်တဲ့ တပ်မတော်နဲ့ အခု ၂၀၁၀ နောက်ပိုင်းမှာ ဖြစ်လာတဲ့ တပ်မတော်ကြားမှာ လုံးဝ ကျနော့်အမြင်က ပြောင်းလဲသွားတယ်။ ဒုတိယအချက်က အခုနပြောတဲ့ ပြည်ထောင်စုက ခွဲထွက်ရေး၊ မခွဲထွက်ရေး ဆိုတဲ့ကိစ္စက အခုအချိန်မှာ စားပွဲပေါ်မှာ မရှိတော့ပါဘူး။ ဒီကိစ္စကို အပြင်ကလူတွေက မမြင်နိုင်တဲ့အတွက် တခါတလေကျရင် လွှဲလွှဲမှားမှားနဲ့ ဝေဖန်မိတာတွေ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ပြီးတော့ တိုင်းပြည်ထဲမှာဖြစ်တဲ့ ဘာသာရေး communal violence တွေ ဖြစ်လာတယ်။ ဒီကိစ္စမှာလည်း ထိထိရောက်ရောက် အရေးယူရမယ့်ကိစ္စက ပြည်ထဲရေး၊ ရဲရဲ့တာဝန်ဖြစ်တယ်။ ရဲဟာ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနသည် ကာကွယ်ရေးဦးစီးချုပ်လက်အောက်မှာ ရှိတယ်။ အဲဒါကြောင့် အရပ်ဖက်အာဏာ ငြိမ်းချမ်းရေးထိန်းသိမ်းတဲ့နေရာမှာ သူတို့ တက်တက်ကြွကြွ မလုပ်လို့ ဒီလိုဖြစ်တယ်ဆိုပြီး သတင်းသမားတချို့က ကျနော့်ကို ပြောကြပါတယ်။ အဲဒါကော…

ဒေါက်တာ အင်ဒရူး ။ ။ အဲဒါတော့ ကျနော် မယုံပါဘူး။ ကျနော် ရခိုင်ပြည်ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်မှာပါတော့ ရခိုင်ပြည်ကို အကြိမ်ပေါင်း (၁၀) ကြိမ်ကျော်လောက် သွားပြီးတော့ လေ့လာခဲ့ပါတယ်။ နေရာပေါင်း များစွာကိုလည်း ရောက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျနော် တွေ့တာက နောက်ဆုံးမှာ ရခိုင်ပြည်မှာ ဘာဖြစ်လဲဆိုတော့ တပ်မတော်က ဝင်ပါတဲ့အခါကြမှ ပဋိပက္ခ ဖြစ်နေတဲ့ အုပ်စု (၂) ခုက ပဋိပက္ခ မဖြစ်တဲ့အနေအထားမျိုး ဖြစ်လာတယ်။

ဦးကျော်ဇံသာ ။ ။ ဒေါက်တာအင်ဒရူး ကို ကျနော် နောက်ဆုံးမေးချင်တဲ့ မေးခွန်းကတော့ ဒေါက်တာအင်ဒရူးဟာ တချိန်တုန်းက ပြည်ပမှာ အခြေစိုက်ပြီးတော့ ဒီမိုကရေစီအရေး၊ တိုင်းရင်းသားအခွင့်အရေး လှုပ်ရှားခဲ့တဲ့ ပုဂ္ဂိုလ်တဦး ဖြစ်ပါတယ်။ အခု တိုင်းပြည်ထဲ ပြန်ရောက်ပြီးတဲ့နောက် ဒေါက်တာအင်ဒရူး စောစောက ပြောသလိုပဲ အာဏာပိုင်တွေနဲ့ လက်တွဲလုပ်ရတယ်။ စစ်ဗိုလ်ချုပ်တချို့နဲ့လည်း ရင်းရင်းနှီးနှီး ထိတွေ့ဆက်ဆံမှုတွေ ရှိလာတယ်လို့ဆိုတယ်။

ဒေါက်တာအင်ဒရူး ။ ။ ရှိပါတယ်။ အရင်တုန်းက ကျနော် မြန်မာပြည်ကိုပြန်ဖို့ စိတ်ပိုင်းဖြတ်တုန်းက ကျနော့်ကို အမျိုးသားသစ္စာဖောက်တို့ ဘာတို့ညာတို့ ပြောတဲ့ဟာတွေ ရှိမှာပေါ့။ အရင်တုန်းက ကျနော်ကို အမြင်မှားနေတဲ့လူတွေလည်း အခုအချိန်ကြတော့ ကျနော့် သူငယ်ချင်းတွေ ဖြစ်သွားပြီ။ ကျနော်တို့ သူတို့နဲ့ အတူတကွ ပူးပေါင်းလုပ်ဆောင်နေကြပါပြီ။ အဲဒီလို လုပ်နိုင်ခြင်းက ကျနော်အတွက်တော့ အမြတ်လို့ ထင်ပါတယ်။
XS
SM
MD
LG