သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြေးနီတောင် အစီရင်ခံစာအပေါ် မကျေနပ်သံများ


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး အစိုးရခန့် စုံစမ်းရေးကော်မရှင်ရဲ့အစီရင်စာအပေါ် ဒေသခံများရဲ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေဘက်က မကျေနပ်သံတွေ ထွက်ပေါ်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တက်ကြွလှုပ်ရှားသူ ကိုဟန်ဝင်းအောင်၊ အလွတ်သတင်းစာဆရာ မင်းထက်ငြိမ်းချမ်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမား အငြိမ်းစားပါမောက္ခ ဦးညိုမောင်တို့နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ်ထားကြပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ လူတိုင်းစိတ်ဝင်စားနေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ အစိုးရခန့်အပ်ထားတဲ့ စုံစမ်းရေးကော်မရှင်က တင်ပြထားတဲ့ အစီရင်ခံစာ အခု ပေါ်ထွက်လာတဲ့အခါမှာ နောက်ဆုံးရေးထားတာကတော့ ကျနော် နည်းနည်းဖတ်ပြရမယ်ဆိုရင် “စီမံကိန်း အားနည်းချက်များရှိသော်လည်း ထိုအားနည်းချက်များသည် ပြင်ဆင်ဆောင်ရွက်နိုင်သည့် ကိစ္စရပ်များ ဖြစ်ပါသည်။ ထို့ကြောင့် စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ နိုင်ငံတကာဆက်ဆံရေး ရှုထောင့်ပေါင်းစုံမှ ခြုံငုံစဉ်းစားပြီး ပြုပြင်ရန် အကြံပြုချက်များကို ဆောင်ရွက်စေလလျှက် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆက်လက်ဆောင်ရွက်စေသင့်ပါကြောင်း” လို့ ရေးထားပါတယ်။ ဆိုတော့ ဒီ မှတ်ချက်နဲ့ ပတ်သက်ပြီး ပထမဦးဆုံး ဒီအရေးမှာ ဆန္ဒပြသူတွေဘက်က တက်တက်ကြွကြွ ပါဝင်ခဲ့တဲ့ လှုပ်ရှားသူ ကိုဟန်ဝင်းအောင်ရဲ့ သဘောထားကို သိချင်ပါတယ်။

ကိုဟန်ဝင်းအောင် ။ ။ ကျနော်တို့အနေနဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေးကိုသာ တောင်းဆိုထားတာပါ။ ဘာဖြစ်လို့လဲဆိုတော့ စီမံကိန်းက အားနည်းချက်များ ရှိသော်လည်း ပြင်ဆင်ဆောင်ရွက်ရန်ဆိုတဲ့ ကိစ္စမှာ ပြင်ဆင်ဆောင်ရွက်မယ်ဆိုတာကို ရှုထောင့်ပေါင်းစုံက အမြင်ချင်းမတူတာတွေ ရှိပါတယ်။ ဒေသခံပြည်သူတွေအနေနဲ့တော့ ငွေရေးကြေးရေးနဲ့ လယ်ယာမြေပြဿနာတခုတည်းမှာ အခြေခံထားတာ မဟုတ်ဘဲနဲ့ … သူတို့ကို လူလိုမဆက်ဆံခဲ့တဲ့ အမြင်တွေအပေါ် စတင်အခြေခံပြီးတော့ ဖြစ်ပွါးလာခဲ့တဲ့ ပြဿနာဖြစ်တဲ့အတွက် ဒီ စီမံကိန်း လုံးဝဖျက်သိမ်းရေးကို သူတို့ရဲ့ အမျှော်အမြင်ကြီးမှုနဲ့ ဆက်လက်တောင်းဆိုနေတဲ့အတွက် စုံစမ်းရေးကော်မရှင်ရဲ့ တင်ပြချက်နဲ့ ပတ်သက်ပြီး ဒေသခံတွေ ခံယူချက်က ကွဲလွဲနေပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာမင်းထက်ငြိမ်းချမ်းကတော့ အလွတ်သတင်းစာဆရာတဦး ဖြစ်ပါတယ်။ ဆရာရဲ့ သဘောထားလဲ သိပါရစေ။

ကိုမင်းထက်ငြိမ်းချမ်း ။ ။ ဒီ အားနည်းချက်တွေ ရှိရဲ့နဲ့ ဒီလုပ်ငန်းကို ဆက်လုပ်မယ်ဆိုတာတော့ … ရှိလာမယ့် အကျိုးဆက်က အားရစရာမရှိသေးပါဘူး။ ဒါပေမဲ့ ဒေသခံတွေရဲ့ ဆန္ဒတွေ၊ ဒေသခံတွေရဲ့ လက်ရှိခံစားနေရတဲ့အပေါ်မှာ ကျေနပ်နှစ်သက်လောက်တဲ့ အနေအထားမျိုးတော့ မတွေ့ရဘူး။

ဦးကျော်ဇံသာ ။ ။ လက်ရှိ ဒေသခံတွေ ခံစားနေရတဲ့ကိစ္စနဲ့ အဓိကထားပြီးတော့ ဆရာတို့က ပြောကြတာပေါ့။ အဲဒီ ခံစားချက်ကို ကျေနပ်အောင် ပြုပြင်ပြင်ဆင်ပြီးတော့ ဆောင်ရွက်ပေးမယ်ဆိုပြီးတော့ ရေးထားပါတယ်။ Condition ထားတာဖြစ်တယ်။ အဲဒီလို ပြုပြင်ဆောင်ရွက်ပေးမယ်ဆိုရင်ကော လက်မခံနိုင်ဘူးလား။

ကိုဟန်ဝင်းအောင် ။ ။ ဘယ်လိုပြုပြင်ဆောင်ရွက်ပေးမလဲဆိုတာကို ကျနော်တို့က … (၁) ၂၉ ရက် ၁၁ လမှာ အကြမ်းဖက်ဖြိုခွဲခဲ့တဲ့လူတွေကို တရားဥပဒေအရ အရေးယူဆောင်ရွက်ဖို့လိုတယ်။ (၂) ဦးပိုင်ကုမ္မဏီနဲ့ ဝမ်ပေါင်တို့ လုပ်ထားတဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့ကိစ္စကို စုံစမ်းရေးကော်မရှင်ကို သိခွင့်ရတဲ့အခြေအနေကို ဒေသခံပြည်သူတွေကို သိရှိခွင့် ပေးဖို့လိုတယ်။ (၃) ဒေသခံပြည်သူလူထုတွေကို တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုတွေနဲ့ စတင်အဖြေရှာဖို့ လိုပါတယ်။ အဲဒီအဖြေရှာတဲ့ ရတဲ့အပေါ်မှသာ စီမံကိန်း ဆက်လက်ဆောင်ရွက်သင့်၊ မဆောင်ရွက်သင့်ကို ဆွေးနွေးသုံးသပ်ရမှာပါ။

ဦးကျော်ဇံသာ ။ ။ အခု သူတို့ အစီရင်ခံစာမှာလည်း တရားဥပဒေ စိုးမိုးရေး၊ ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ လိုတယ်ဆိုတာကို ပြောထားပါတယ်။ နောက်ပြီး ပွင့်လင်းမြင်သာမှု မရှိခြင်းဟာ အဓိက အားနည်းချက်ဖြစ်တယ်။ ပွင့်လင်းမြင်သာမှု ရှိရမယ်။ ဒေသခံပြည်သူတွေနဲ့ တိုက်ရိုက်ဆွေးနွေးရမယ်လို့တော့ သူတို့ ဆိုထားပါတယ်။ ဒါတွေကို အတိအကျ ဆောင်ရွက်မယ်။ အစီရင်ခံစာအတိုင်း ဆောင်ရွက်မယ်ဆိုရင် လက်ခံနိုင်တဲ့အနေအထား ရှိမယ်ဆိုတဲ့သဘောလား။
….

အသံဖိုင် မကြည်လင်၍ အပြီးသတ် တင်ပြနိုင်ခြင်း မရှိပါ။
XS
SM
MD
LG