သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြေးနီစီမံကိန်း နဲ့ သတ္တုတွင်းလုပ်ငန်း


ကြေးနီတောင်လို့ လူသိများတဲ့ လက်ပံတောင်းတောင် ပြည်သူ့ဆန္ဒပြပွဲဟာ ပြည်တွင်းပြည်ပသတင်း မီဒီယာတွေမှာ အခုတလော မကြာခဏ ဖော်ပြနေတဲ့ သတင်းတပုဒ် ဖြစ်ပါတယ်။ ကန့်ကွက်ဆန္ဒပြပွဲမှာ ပါဝင်တဲ့ မအေးနက်နဲ့ မသွဲ့သွဲ့ဝင်တို့ကို သတ္တိပြောင်တဲ့ သံမဏီအမျိုးသမီးတွေအဖြစ် စက်တင်ဘာ (၂၆) ရက်နေ့ထုတ် New York Times သတင်းစာမှာ ဖော်ပြလိုက်ထားပါတယ်။ ကန့်ကွက်ဆန္ဒပြပွဲသတင်းကို အနောက်တိုင်းသတင်းမီဒီယာတွေမှာ မကြာခဏ ဖော်ပြတာကြောင့် ဝက်မှေးရွာ ကို ကမ္ဘာက သိလာပါတယ်။

စစ်အစိုးရလက်ထက်မှာ အခွင့်ထူးခံစားပြီး လုပ်ကိုင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေထဲမှာ မုံရွာကြေးနီတော်င စီမံကိန်းလည်း ပါဝင်ပါတယ်။ ဒါကြောင့် ဒီကိစ္စဟာ ဦးသိန်းစိန်အစိုးရကို စိန်ခေါ်နေတဲ့ ပြဿနာဖြစ်ပါတယ်။ ကြေးနီတူးဖော်တဲ့ တရုတ်ဝမ်ပေါင်ကုမ္မဏီနဲ့ မြန်မာ့စီးပွားရေးဦးပိုင် လိမိတက်ကတော့ ပြဌာန်းထားတဲ့ စည်းကမ်းအတိုင်း ကြေးနီထုတ်လုပ်ကြောင်း အောက်တိုဘာ (၁၅) ရက်နေ့က ရန်ကုန်မှာ သတင်းမီဒီယာတွေကို ရှင်းပြသွားပါတယ်။ ဒေသခံတွေဟာ လက်ပံတောင်းတောင် စီမံကိန်းကို မရပ်ဆိုင်းမချင်း တိုက်ပွဲဝင်ကြဖို့ အောက်တိုဘာ (၁၈) ရက်နေ့က ဆားလင်းကြီးမြို့နယ် ဆည်တည်းရွာမှာကျင်းပတဲ့ ပြည်သူ့ညီလာခံမှာ ဆုံးဖြတ်လိုက်ကြပါတယ်။

မုံရွာခရိုင်က ကြေးနီတောင်တွေဖြစ်တဲ့ စပယ်တောင်၊ ကြေးစင်တောင် နဲ့ လက်ပံတောင်းတောင်မှာ ကြေးနီထုတ်ယူဖို့ ကြိုးပမ်းခဲ့တာ မဆလ ဆိုရှယ်လစ်ခေတ် ကတည်းက ဖြစ်ပါတယ်။ ၁၉၈၅ မှ ၁၉၉၄ အထိ အမှတ် (၁) သတ္တုလုပ်ငန်းနဲ့ ယူဂိုစလပ်အစိုးရကုမ္မဏီတို့ ဖက်စပ်လုပ်ပြီး စပယ်တောင်မှာ ကြေးနီထုတ်ယူခဲ့ပါတယ်။ ဒါပေမဲ့ ငွေရင်းနည်းလို့ မျှော်လင့်ထားသလို ဖြစ်မလာပါဘူး။ ဒါကြောင့် ကနေဒါနိုင်ငံ အိုင်ဗင်ဟို မိုင်းကုမ္မဏီနဲ့ အမှတ် (၁) သတ္တုလုပ်ငန်းဟာ စပယ်တောင် နဲ့ ကြေးစင်တောင်မှာ ကြေးနီထုတ်ယူပြီး တဝက်စီခွဲယူဖို့ ၁၉၉၆ ခုနှစ်မှာ သဘောတူကြပါတယ်။ မြန်မာ-အိုင်ဗင်ဟို ဖက်စပ်ကုမ္မဏီတို့ကို တည်ထောင်ပါတယ်။ ၁၉၉၈ မှာ ကြေးနီတန်ချိန် (၂) သောင်းခွဲ စတင်ထုတ်လုပ်နိုင်ပါတယ်။ စပယ်တောင်နဲ့ ကြေးစင်တောင်တို့မှာ အထွက်နည်းလာလို့ လက်ပံတောင်းတောင် စီမံကိန်းထဲ ပါဝင်လာတာ ဖြစ်ပါတယ်။

အိုင်ဗင်ဟိုကုမ္မဏီရဲ့ ငွေရင်းဟာ ဒေါ်လာသန်းတရာလောက်ရှိပြီး ဂျပန်ကုမ္မဏီကလည်း ရင်းနှီးမြုပ်နှံထားပါတယ်။ ဒါပေမဲ့ စိုက်ထားတဲ့ငွေရင်းကို ကြေးနီရောင်းလို့ရလာတဲ့ငွေနဲ့ အရင်ဆုံး ပြန်ဆပ်ဖို့ သဘောတူထားတာမို့ ငွေရင်းပြန်ရတဲ့ ၂၀၀၅ ရောက်မှ အိုင်ဗင်ဟိုနဲ့ အမှတ် (၁) သတ္တုလုပ်ငန်းဟာ ဒေါ်လာ (၁၀) သန်းစီ ရယူနိုင်ကြပါတယ်။ နောက်တော့ ကြေးနီအထွက်များရင်များသလို အမြတ်အစွန်းလည်း များလာပါတယ်။ ကြေးနီရောင်းရငွေ (၄) ရာခိုင်နှုန်း သတ္တုတွင်းဝန်ကြီးဌာနကို ပေးရပါတယ်။ ၂၀၁၀ မှာ အမှတ် (၁) သတ္တုလုပ်ငန်းရဲ့ ကြေးနီအစုရှယ်ယာကို စစ်အုပ်စုပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်လက်ထဲ လွှဲပြောင်းပေးလိုက်ပါတယ်။ အိုင်ဗင်ဟိုကတော့ သူပိုင်တဲ့ အစုရှယ်ယာကို တရုတ်ဝမ်ဘောင်ကုမ္မဏီကို ရောင်းလိုက်တာမို့ ကြေးနီစီမံကိန်းဟာ မြန်မာ-တရုတ် ဖက်စပ်လုပ်ငန်း ဖြစ်လာပါတယ်။

ပိုင်ရှင်လွှဲပြောင်းချိန်မှာ ဒေါ်လာ (၃) သန်းကျော်၊ ကျပ်ငွေသန်း (၂၀၀၀) ကျော် တန်းဖိုးရှိတဲ့ ကြေးနီတန်ချိန် (၃၀၀) ကျော် အလွှဲသုံးစားလုပ်မှု ပေါ်ထွက်လာကြောင်း စက်တင်ဘာ (၁၇) ရက်နေ့ထုတ် The Voice စာစောင်မှာ ဖော်ပြပါတယ်။ စက်ရုံမှူး ဦးအောင်လောဟာနဲ့ ပို့ဆောင်ရေးတာဝန်ခံ ဦးကျော်ဆွေတို့ကို ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့စခန်းက သြဂုတ်လကုန်ပိုင်းမှာ ဖမ်းဆီးအရေးယူထားတယ်လို့ ဆိုပါတယ်။ ဒီလိုအလွဲသုံးစားလုပ်မှုကို ကြေးနီစက်ရုံဝန်ထမ်း (၄၆) ဦးက ၂၀၁၁ စက်တင်ဘာလ (၁) ရက်နေ့ကတည်းက သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ ပြည်ထောင်စုဝန်ကြီးကို တိုင်ကြားပေမယ့် အရေးမယူတာကြောင့် သမ္မတကို တိုင်ရတာလို့ ဆိုပါတယ်။ ဆားလင်းကြီးမြို့နယ် ရဲစခန်းဟာ အရေးယူဖို့ ကြန့်ကြာနေတာကြောင့် အမှုမှာပါဝင်တဲ့ နိုင်ငံခြားသား ပြည်ပကို ထွက်ခွါသွားနိုင်ခဲ့တယ်လို့ သိရပါတယ်။

တကယ်တော့ ဦးအောင်လောဟာနဲ့ ဦးကျော်ဆွေ တို့ဟာ အိုင်ဗင်ဟိုက မန်နေဂျာ Glenn Ford ခိုင်းတဲ့အတိုင်း လုပ်တာဖြစ်လို့ အပြစ်မရှိကြောင်း ညီဖြစ်သူ ဦးအောင်လောကီး က သမ္မတကို ပန်ကြားထားတယ်လို့ စက်တင်ဘာ (၂၅) ရက်ထုတ် ဧရာဝတီသတင်းစာစောင်မှာ ဖော်ပြထားပါတယ်။ ကြေးနီတန်ချိန် (၃၀၀) ကျော် ရန်ကုန်မှာ သိမ်းထားတာမျိုးကို အထက်လူကြီးမပါဘဲ မလုပ်ရဲဘူးလို့ ဆိုပါတယ်။

သတ္တုတွင်းဝန်ကြီးဌာန လက်အောက်မှာ အမှတ် (၁)၊ (၂)၊ (၃) စသဖြင့် သတ္တုလုပ်ငန်း (၃) မျိုးရှိပြီး ရွှေ၊ ငွေ၊ ခဲ၊ သွပ်၊ ကြေးနီ၊ သံ၊ သံဖြူ နဲ့ ကျောက်မီးသွေး ထုတ်လုပ်ရာမှာ ပါဝင်နေပါတယ်။ နောက်ပြီးတော့ ကျောက်မျက်လုပ်ငန်း၊ ပုလဲလုပ်ငန်း၊ ဆားလုပ်ငန်း စတာတွေလည်း ရှိပါတယ်။ လွန်ခဲ့တဲ့နှစ်က ကျောက်စိမ်း ဒေါ်လာသန်းနှစ်ထောင်ဖိုး တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။
စစ်အစိုးရခေတ် နိုင်ငံခြားရင်းနှီးမြုပ်နံှမှုထဲမှာ သတ္တုတွင်းလုပ်ငန်းဟာ ပဉ္စမနေရာကလိုက်နေပြီး မြန်မာအိုင်ဗင်ဟို ကြေးနီလုပ်ငန်းဟာ အကြီးဆုံးဖြစ်ပါတယ်။ အပစ်ရပ်အဖွဲ့နဲ့ တရုတ်ကုမ္မဏီတွေလည်း မိုင်းလုပ်ငန်း ကန်ထရိုက်ရကြပါတယ်။ အခုတော့ စပယ်တောင်နဲ့ ကြေးစင်တောင်မှာ ကြေးနီကုန်ခါနီးနေပြီဖြစ်လို့ တရုတ်ငွေရင်းနဲ့ လက်ပံတောင်းတောင် စီမံကိန်းအကောင်အထည် ဖော်နေတာ ဖြစ်ပါတယ်။
XS
SM
MD
LG