သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျင့်ပျက်တရား စီရင်ရေး


Transparency International - Corruption Index
Transparency International - Corruption Index

တရားမျှတရေး အတူတကွ မြှင့်တင်ပေးဆိုတဲ့ တရားစီရင်ရေး မဟာဗျူဟာ (၃) နှစ် စီမံကိန်း အကောင်အထည်ဖော်နေတာ (၁) နှစ် ရှိသွားပါပြီ။ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်နဲ့ အမေရိကန် အေဂျင်စီရဲ့ ကူညီပံ့ပိုးမှုနဲ့ (၂၀၁၅-၂၀၁၇) အထိ (၃) နှစ် စီမံကိန်း အကောင်အထည် ဖော်နေတယ်လို့ (၂၀၁၄) နိုဝင်ဘာလထုတ် တရားလွှတ်တော်ချုပ် စာတမ်းမှာ ရေးထားပါတယ်။ ရည်ရွယ်ချက်တွေထဲမှာ ပြည်သူအများ ယုံကြည်ကိုးစားတဲ့ ပြည်သူ့အကျိုးပြု တရားစီရင်ရေးစနစ် ပေါ်ထွန်းရေးနဲ့ တရားရုံးများရဲ့ ဂုဏ်သိက္ခာ မြှင့်တင်ရေး ပါဝင်ပါတယ်။ တရားရေးဝန်ထမ်း အရည်အသွေး တိုးတက်အောင် လုပ်ဖို့လည်း ရည်ရွယ်ပါတယ်တဲ့။

ဒါပေမဲ့ ပြည်တွင်းသတင်းတွေကိုကြည့်ရင် နာမည်အပျက်ဆုံး အစိုးရဌာနတွေထဲမှာ တရားစီရင်ရေးဌာန ပါဝင်နေတာ တွေ့နိုင်ပါတယ်။ အနှစ် (၅၀) ကျော် အကျင့်ပျက်လာခဲ့တဲ့ တရားရေးမဏ္ဍိုင်ကို တနှစ်လောက် ပြုပြင်ရုံနဲ့ အရာမထင်တာ သိသာပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌလုပ်တဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီကိုပို့တဲ့ တိုင်ကြားစာ (၇၀၀၀) ကျော်မှာ တဝက်ကျော်ဟာ တရားစီရင်ရေးနဲ့ သက်ဆိုင်ကြောင်း သိရှိရပါတယ်။ လွန်ခဲ့တဲ့ စက်တင်ဘာလက ပြည်သူ့လွှတ်တော်ကို တင်သွင်းတဲ့ တရားဥပဒေ စိုးမိုးရေးကော်မတီရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သူရဦးအောင်ကို ဥက္ကဋ္ဌလုပ်တဲ့ တရားစီရင်ရေး၊ ဥပဒေရေးရာ နဲ့ တိုင်ကြားစာများ၊ အသနာခံစာများ၊ စီရင်ရေးကော်မတီ က ပြည်သူ့လွှတ်တော်ကို ဒီဇင်ဘာလ (၈) ရက်နေ့က တင်သွင်းတဲ့ အစီရင်ခံစာမှာလည်း တရားရုံးတွေရဲ့ လုပ်ကိုင်ပုံကို မကျေနပ်လို့ တိုင်ကြားတာက အများဆုံး ဖြစ်နေပါတယ်။ လက်ခံရရှိတဲ့ တိုင်ကြားစာ (၁) သောင်းကျော်မှာ အများစုဟာ တရားရုံးအဆင့်ဆင့်ရဲ့ ဆောင်ရွက်ချက်ကို မကျေနပ်လို့ တိုင်ကြားတာဖြစ်ကြောင်း သိရပါတယ်။ တရားမျှတဖို့နဲ့ ပြည်သူ့ဘဝလုံခြုံဖို့ ဆောင်ရွက်ပေးမယ့် အုပ်ချုပ်ရေးပိုင်းက ပံ့ပိုးကူညီမှု အားနည်းတဲ့အတွက် မအောင်မမြင် ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ အစီရင်ခံစာကို ကန့်ကွက်သူမရှိ၊ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ လွှတ်တော်မှာ မှတ်တမ်းတင်ထားတဲ့၊ တရားရေးဌာန အဂတိလိုက်စားမှုတွေကို NLD အမတ်တွေက ဆက်လက်ဆောင်ရွက်ရပါလိမ့်မယ်။

တရားစီရင်ရေးဌာနမှာလည်း ဦးသိန်းစိန်အစိုးရလက်ထက်မှာ ခေတ်စားတဲ့ ကွန်ပြူတာ အင်တာနက်စာမျက်နှာ (website) ရှိပါတယ်။ တရားရေးဂျာနယ် ဆိုတဲ့အမည်နဲ့ မြန်မာ-အင်္ဂလိပ် နှစ်ဘာသာနဲ့ စာစောင်ထုတ်ဝေပါတယ်။ ဒါပေမဲ့ ကြည့်လိုက်တာနဲ့ တရားရေးဌာနကောင်းကြောင်း ကြော်ငြာတဲ့စာစောင်လို့ ဖြစ်နေပါတယ်။ ၂၀၁၃ ဒီဇင်ဘာလထုတ် ဂျာနယ်မှာ မြန်မာလို (၅၄) မျက်နှာ ရှိပါတယ်။ တရားရေးဌာနရဲ့ ကထိန်ပွဲ၊ ဝါဆိုသင်္ကန်းကပ်ပွဲ၊ ဆွမ်းဆန်စိမ်းလောင်ပွဲ၊ သင်္ကြန်ပွဲ၊ အားကစားပွဲ၊ သင်တန်းဆင်းပွဲ နဲ့ အစည်းအဝေးပွဲကို ဖော်ပြတဲ့ ဓါတ်ပုံတွေက (၂၂) မျက်နှာ ရှိပါတယ်။ တရားစီရင်ရေးဆောင်ပုဒ်ထဲမှာ လာဘ်ပေးလာဘ်ယူ ကင်းရှင်းဖို့နဲ့ ဖြောင့်မတ်တည်ကြည်မှုဖြင့် တရားရုံးရဲ့ ဂုဏ်သိက္ခာ ထိန်းသိမ်းဖို့ ဖော်ပြထားပါတယ်။ အကျင့်ပျက်တရားစီရင်ရေးကို ဘယ်လို ပြုပြင်မယ်ဆိုတာကိုတော့ ဖော်ပြဖို့ ပျက်ကွက်နေပါတယ်။

သူရဦးအောင်ကို ဥက္ကဋ္ဌလုပ်တဲ့ ကော်မတီကို ပေးပို့တဲ့ တိုင်စာ (၁) သောင်းကျော်ထဲမှာ (၁) ထောင်ကျော်ကို ဖြေရှင်းဖို့ သက်ဆိုင်ရာ တရားရုံးတွေကို ပို့ပေးလိုက်တဲ့အခါ ဥပဒေနဲ့အညီ ဆောင်ရွက်တယ်လို့ ပြန်ကြားကြောင်း သိရှိရပါတယ်။ တရားစီရင်ရေး သပွတ်အူကြီးထဲမှာ တရားသူကြီး၊ ဥပဒေအရာရှိ၊ ရှေ့နေ၊ တရားရုံးဝန်ထမ်း၊ ရဲတပ်ဖွဲ့ဝင်နဲ့ တရားစွဲသူတွေ ပါဝင်တာမို့ အလွန်ရှုပ်ထွေးပါတယ်။ ဒီလူတွေအားလုံး အဂတိလိုက်စားမှုမှာ ပါဝင်ပတ်သက်နေပြီး တဦးနဲ့တဦး အပေးအယူ၊ အချိတ်အဆက်လုပ်ပြီး ရပ်တည်နေကြတာ အနှစ် (၅၀) ကျော် နေပါပြီ။ လွှတ်တော်ကော်မတီက အရေးယူဖို့ အကြောင်းကြားရုံနဲ့ တရားစီရင်ရေး သပွတ်အူကြီးဟာ ရှင်းလင်းသွားမှာ မဟုတ်ပါဘူး။ ပြည်သူလူထု ရွေးကောက်တင်မြှောက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ မလုပ်နိုင်တာတွေ အများကြီးရှိနေတာ သိသာထင်ရှားလှပါတယ်။

တရားလွှတ်တော်ချုပ်ရဲ့ (၂၀၁၅) ကနေ (၂၀၁၇) အထိဖြစ်တဲ့ (၃) နှစ်တာ မဟာဗျူဟာ ဘယ်လောက် ထိရောက်မှု ရှိတယ်ဆိုတာကို NLD ကြီးစိုးတဲ့ လွှတ်တော်က အသေးစိတ် စောင့်ကြည့်လေ့လာဖို့ လိုပါတယ်။ တရားစီရင်ရေးဌာနဟာ အစိုးရရဲ့ ဖိနှိပ်ရေးကိရိယာအဖြစ် အသုံးတော်ခံလာတာ အင်္ဂလိပ် ကိုလိုနီခေတ်ကတည်းကဖြစ်လို့ (၃) နှစ်လောက် သင်တန်းပေးရုံနဲ့ အရိုးစွဲနေတဲ့ အကျင့်ဆိုးကို ပယ်ဖျက်နိုင်ဖို့ မလွယ်ပါဘူး။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့အမှုမှာ ဥပဒေပုဒ်မအမျိုးမျိုးရှာကြံပြီး တရားခံကို စွဲချက်တင်တာဟာ လုပ်ရိုးလုပ်စဉ်လို ဖြစ်နေပါတယ်။ အမှုတမှုနဲ့ မငြိစွန်းလျှင် အခြားတမှုနဲ့ ငြိစွန်းအောင် အကွက်ဆင်တာ ဖြစ်ပါတယ်။

အဂတိလိုက်စားမှု ထုတ်ဖော်ရေးသားသူကို အသရေဖျက်မှုနဲ့ အရေးယူတာဟာ အစိုးရရဲ့ လုပ်နည်းလုပ်ထုံးတခု ဖြစ်လာနိုင်ပါတယ်။ ရာဇဝတ်မကင်းသော ချောက်လှန့်မှု၊ စော်ကားမှု နဲ့ စိတ်ငြိငြင်မှုကို ဖော်ပြတဲ့ ရာဇသတ်ကြီးအခန်း (၂၂) နဲ့ နိုင်ငံတော်ငြိမ်ဝပ်ရေးကို ပျက်စေတဲ့ ပြစ်မှုကို ဖော်ပြတဲ့ အခန်း (၈) ဟာ ပြည်သူ့ဘက်က ကူညီဆောင်ရွက်သူကို ဒုက္ခပေးနိုင်တဲ့ ဥပဒေပုဒ်မတွေ ဖြစ်ပါတယ်။ ကိုလိုနီခေတ်က ဥပဒေတွေကိုသုံးပြီး ကိုယ်ကျိုးကာကွယ်တဲ့ အစိုးရလက်ထက်မှာ ပြည်သူအများ ယုံကြည်ကိုးစားတဲ့ ပြည်သူ့အကျိုးပြု တရားစီရင်ရေးစနစ် ပေါ်ထွန်းရေးဟာ လက်တွေ့အကောင်အထည်ပေါ်ဖို့ အလွန်ခက်ခဲနေပုံရကြောင်း တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG