သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဂတိလိုက်စားမှု နှင့် တိုးတက်ဖွံ့ဖြိုးမှု


အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ သက်တမ်း (၆) လအတွင်း လာဘ်ပေးလာဘ်ယူမှုနဲ့ ပတ်သက်တဲ့ တိုင်ကြားစာ (၅၀၀) ကျော် လက်ခံရရှိခဲ့ပေမဲ့ (၃) စောင်ကိုသာ အရေးယူနိုင်ကြောင်း စက်တင်ဘာလ (၁၉) ရက်နေ့က သတင်းထုတ်ပြန်တဲ့အတွက် လွှတ်တော်မှာရော သတင်းမီဒီယာလောကမှာရော မေးမြန်းစရာ ဝေဖန်စရာ ဖြစ်လာပါတယ်။ လစာနဲ့ မစားလောက်လို့ လာဘ်စားတဲ့ဝန်ထမ်းနဲ့ ချမ်းသာချင်လို့ လာဘ်စားတဲ့ ဝန်ထမ်းဆိုပြီး ဝန်ထမ်းနှစ်မျိုး ရှိပါတယ်။ စားဝတ်နေရေး ကျပ်တည်းလို့ အောက်ပိုင်းက ဝန်ထမ်းတွေ လာဘ်စားပြီး အထက်တန်းဝန်ထမ်းကတော့ စည်းစိမ်ခံစားချင်လို့ လာဘ်စားပါတယ်။

အဂတိလိုက်စားလို့ လူမှုစီးပွားရေး တိုးတက်မှု ဆိတ်သုဉ်းရတယ်ဆိုတာကို လက်ခံယုံကြည်တဲ့ ကုလသမဂ္ဂ သဘောတူချက် UN Convention Against Corruption ကိုလည်း ဦးသိန်းစိန်အစိုးရက အတည်ပြုထားပါတယ်။ ဝန်ထမ်းတွေထဲမှာ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စာမှု ရှိနေတုန်းဖြစ်လို့ ဒီအကျင့်တွေပျောက်အောင် စိတ်ဓါတ်ပြောင်းလဲပစ်ဖို့နဲ့ လာဘ်ပေးလာဘ်ယူမှု လျော့နည်းပပျောက်ရေးကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ဖို့ သြဂုတ်လ (၂၀) ရက်နေ့က ကျင်းပတဲ့ အစိုးရအဖွဲ့ရဲ့ လက်ရှိဘဏ္ဍာရေးနှစ် ပထမ (၄) လပတ် အစည်းအဝေးမှာ သမ္မတဦးသိန်းစိန်က ပြောသွားပါသေးတယ်။

ဒါပေမဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ဖေဖေါ်ဝါရီလမှာ လွှတ်တော်က အတည်ပြုပြီး မကြာမီ တန်းဖိုးကျပ် (၃) သိန်းကျော်မှ အဂတိလိုက်စားမှုလို့ သတ်မှတ်မယ့်အကြောင်း သမ္မတရုံးက ဝန်ကြီးဌာနတွေကို စာပို့ထားတယ်ဆိုတဲ့ သတင်းထွက်လာလို့ စာနယ်ဇင်းလောကမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားပါတယ်။ ဒီကိစ္စကို ရှင်းလင်းဖို့ ပုသိမ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က အခုကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးမှာ မေးမြန်းတဲ့အခါ ကျပ်ငွေ (၃) သိန်းကိစ္စဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဆောင်ရွက်ရမယ့် ကိစ္စသာ ဖြစ်တယ်လို့ ဒု-ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ဖြေသွားပါတယ်။ (၃) သိန်းကိစ္စဟာ လူရယ်စရာ ဖြစ်နေပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးမှာ လေလုံးထွားသလောက် လက်တွေ့မှာ သင်္ကြန်အမြောက်လို ဖြစ်နေပါတယ်။

ကုလသမဂ္ဂ၊ OECD နဲ့ ကုန်သည်စက်မှုအသင်းချုပ်တို့ ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်း (၃၀၀၀) ကျော်ကို မကြာမီက မေးမြန်းစုံစမ်းတဲ့အခါ လုပ်ငန်းတိုးတက်ရေးမှာ လာဘ်စားမှုဟာ အကြီးဆုံးအဟန့်အတားလို့ (၂၀) ရာခိုင်နှုန်းက မြင်ပါတယ်။ လိုင်စင်ရဖို့ မှတ်ပုံတင်ကတည်းက လာဘ်ထိုးရတယ်လို့ လုပ်ငန်းရှင် (၆၀) ရာခိုင်နှုန်းက ဖြေပါတယ်။ ကျပ်ငွေ (၅) သိန်းကျော် လာဘ်ထိုးရသူက (၅၀) ရာခိုင်နှုန်းရှိပြီး (၁၂) ဦးကတော့ သိန်းတစ်ရာကျော် လာဘ်ထိုးရတယ်လို့ ဆိုပါတယ်။ လုပ်ငန်းအကြီးအသေးလိုက်ပြီး လာဘ်ထိုးရတဲ့ ငွေပမာဏ ကွာခြားသွားပုံရပါတယ်။ မေးမြန်းခံရတဲ့လုပ်ငန်း အများစုရဲ့ ပျမ်းမျှသက်တမ်းဟာ (၁၅) နှစ် ဖြစ်တာမို့ စစ်အစိုးရခေတ်က ဓလေ့ထုံးစံအတိုင်း သက်ဆိုင်ရာအာဏာပိုင်တွေကို လာဘ်ထိုးပြီး စီးပွားရေးလုပ်နေကြတာ ထင်ရှားပါတယ်။

ဒါပေမဲ့ လုပ်ငန်းရှင် (၃၀၀၀) ကျော်မှာ လာဘ်ပေးလာဘ်ယူမှုကို အဟန့်အတားအဖြစ် ယူဆသူ (၂၀) ရာခိုင်နှုန်းသာ ရှိတာဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ အများစုဟာ လာဘ်ထိုးတာကို လုပ်ရိုးလုပ်စဉ်အဖြစ် သတ်မှတ်ထားပုံရတဲ့အတွက် အဟန့်အတားလို့ မမြင်တာ ဖြစ်ပုံရပါတယ်။ လာဘ်ထိုးတဲ့ငွေကိုပါ ကုန်ကျစရိတ်ထဲ ထည့်သွင်းပြီး ဈေးတင်ရောင်းတာဟာ ဓလေ့ထုံးစံလို ဖြစ်နေပုံရပါတယ်။ ကုန်ဈေးနှုန်း ကြီးမြင့်ရတဲ့ အကြောင်းရင်းတွေထဲမှာ လာဘ်ပေးလာဘ်ယူမှုလည်း ပါဝင်ပါတယ်။ လာဘ်ထိုးတဲ့အတွက် အရင်းအနှီးများလာတာဟာ လုပ်ငန်းတိုးတက်ဖွံ့ဖြိုးရေးကို နှောင့်နှေးစေပါတယ်။ ဈေးကွက်မှာ အဂတိလိုက်စားမှု ပါဝင်နေတဲ့အတွက် သင့်တော်တဲ့ဈေးနှုန်းနဲ့ ရောင်းချဖို့ အခက်အခဲ ရှိပါတယ်။ ဒါကြောင့် မြန်မာ့နေထိုင်မှုစရိတ်ဟာ အိမ်နီးချင်းနိုင်ငံတွေထက်ပိုပြီး ကြီးမြင့်နေတာ ဖြစ်ပုံရပါတယ်။

ဝန်ကြီးဌာနတွေဟာ တင်ဒါမခေါ်ဘဲ ကုမ္ပဏီတွေ ချိတ်ဆက်လက်သိပ်ထိုးပြီး လုပ်ငန်းအပ်နှံတာတွေ ပစ္စည်းဝယ်ယူတာတွေ လုပ်နေတုန်းဖြစ်ကြောင်း စာရင်းစစ်ချုပ်ရဲ့ လွန်ခဲ့တဲ့ ဘဏ္ဍာရေးနှစ် ပထမ (၆) လပတ် အစီရင်ခံစာမှာ ဖော်ပြတယ်လို့ ဇူလိုင် (၂၇) ရက်ထုတ်၊ Eleven ဂျာနယ်စာစောင်မှာ ဖော်ပြပါတယ်။ ဝန်ကြီးဌာနတွေဟာ သမ္မတရုံးရဲ့ ညွှန်ကြားချက်ကို မလိုက်နာဘဲ ကိုယ်နည်းကိုယ်ဟန်နဲ့ လုပ်နေကြတာ ဖြစ်ပါတယ်။ သိမြင်နိုင်မှု၊ တာဝန်ခံမှု၊ ဖြောင့်မတ်မှု စတာတွေ ကင်းမဲ့နေတာ တွေ့ရပါတယ်။ ဝန်ကြီးဌာနတွေ တာဝန်မကျေတာကို လွှတ်တော်မှာ ဆွေးနွေးလာတာဟာ တိုးတက်လာတဲ့ လက္ခဏာ ဖြစ်ပါတယ်။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရာမှာ အရေးအကြီးဆုံးနေရာက ပါဝင်တဲ့ အစိုးရယန္တရားက အဂတိလိုက်စာနေတာဟာ ဒီမိုကရေစီပြုပြင်ရေးကို နှောင့်နှေးကြန့်ကြာစေပါတယ်။ ပုဂ္ဂလိကလုပ်ငန်း ရှင်သန်ကြီးထွားရေးနဲ့ ရင်းနှီးမြုပ်နံှရေးကို အဟန့်အတားဖြစ်စေပါတယ်။ ဒီအတောအတွင်း အရှုံးပေါ်နေတဲ့ အစိုးရလုပ်ငန်းတွေကို ဦးစီးဌာနအဖြစ် အမည်ပြောင်းဖို့ ဝန်ကြီးဌာနတွေက ပြင်ဆင်နေတာကို လွှတ်တော်ကိုယ်စားလှယ်တွေက လွန်ခဲ့တဲ့လကုန်ပိုင်းမှာ ဝေဖန်ဆွေးနွေးကြပါတယ်။ အနှစ်သာရ မပြောင်းဘဲ အမည်ပြောင်းတာဟာ စစ်အုပ်စုဓလေ့ ဖြစ်နေပါတယ်။ အဂတိလိုက်စားတဲ့ အစိုးရမှာ အုပ်ချုပ်ပိုင်ခွင့်ရှိရဲ့လားဆိုတဲ့အထိ တိုင်းသူပြည်သားတွေက စဉ်းစားလာနိုင်ကြောင်း တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG