သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် နဲ့ ကုလသမဂ္ဂ မြန်မာဝန်ထမ်းများ


ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ခရီးစဉ်အတွင်းမှာ မြန်မာအသိုင်းအဝိုင်းတွေနဲ့ တွေ့ဆုံရာမှာ အမှာစကားပြောကြားပြီး မြန်မာတွေမေးမြန်းသမျှဖြေကြားခဲ့ပါတယ်။ ကုလသမဂ္ဂက လက်ရှိမြန်မာ ဝန်ထမ်းတွေ ဝန်ထမ်းဟောင်းတွေနဲ့ တွေ့ဆုံရာမှာတော့ သူတို့ဆီကအကြံဉာဏ်တွေတောင်းခံရယူပြီး အပြန်အလှန် ဆွေးနွေးခဲ့ တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂရှိ မြန်မာဝန်ထမ်းတို့ အပြန်အလှန်ဆွေးနွေးချက်တွေကို အခုတပတ် မြန်မာ့အရေးသုံးသပ်ချက် အဖြစ် ဦးကျော်ဇံသာ ကတင်ဆက်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမ အခုလာတာကတော့ တကယ်တော့ အကြံဉာဏ်တွေယူဖို့ပါ။ နားထောင်ဖို့ပါ။ ကျမတို့ နိုင်ငံရဲ့ တိုးတက်ရေးအတွက်၊ ဖွံ့ဖြိုးရေးအတွက် ဘယ်လိုအကြံဉာဏ်တွေ ပေးကြချင်သလဲ။ နိုင်ငံ့တိုးတက်ရေးအတွက် လုပ်နိုင်မလဲဆိုတာကို ပူးပေါင်းပြီးတော့ စဉ်စားဖို့ ဖြစ်ပါတယ်။ ကျမတို့ ဒီမိုကရေစီကို ယုံကြည်တယ်ဆိုလို့ရှိရင် အမျိုးမျိုး အတွေးအခေါ်အမြင်တွေ အကြံတွေကို နားထောင်ရဲရမယ်၊ သုံးသပ်ရဲရမယ်၊ ဘယ်ဟာတွေက အကောင်းဆုံးဖြစ်လဲ၊ ဘယ်ဟာတွေက အသင့်တော်ဆုံးဖြစ်လဲဆိုတာကိုလည်း ဆုံးဖြတ်ချက်ချရဲရမယ်။

အဲဒီတော့ အဲဒီဟာကိုလုပ်တဲ့ နေရာမှာလဲ အများရဲ့ပါဝင်မှုနှင့် လုပ်စေချင်တယ်။ ဒီမိုကရေစီ လမ်းကြောင်းသွားမယ်ဆိုလို့ရှိရင် ပွင့်လင်းမြင်သာမှုဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ အားလုံးဟာ ပွင့်ပွင့်လင်းလင်းနှင့် ဆွေးနွေးကြပြီးတော့ ဆုံးဖြတ်ချက်ချတဲ့အခါမှာ ဘာကြောင့်ချလဲ ဆိုတာကို ထင်သာမြင်သာ ဖြစ်ရပါမယ်။ ကျမတို့ရဲ. ပြည်သူတွေဟာ ဒီမိုကရေစီနှင့် ဝေးခဲ့တယ်ဆိုပေမယ့်လည်း အင်မတန်မှ နားလည်လွယ်တဲ့ ပြည်သူတွေပါ။ ဉာဏ်မထိုင်းပါဘူး။ ရှင်းပြလို့ရှိရင် နားလည်တယ်။ ပြဿနာက နှစ်ပေါင်းများစွာ ဘယ်သူကမှ ပြည်သူတွေကို ရှင်းပြရမယ့် တာဝန်ရှိတယ်လို့ မထင်ခဲ့တာဘဲ။ တကယ်တော့ ပြည်သူတွေဟာ ကိုယ့်နိုင်ငံမှာ ဘာဖြစ်နေသလဲ ဒါတင်မကဘူး၊ ဘာဖြစ်လို့ အဲ့လိုဖြစ်နေလဲဆိုတာကို သိပိုင်ခွင့်ရှိတယ်။ အဲဒီ့သိပိုင်ခွင့်ကို ကျမတို့လေးစားရမယ်။ ကျမတို့ ပြည်သူတွေဟာ ပိုပြီးတော့ အမြင်ကျယ်လာအောင်လို့ ကျမတို့ ကြိုးစားပြီးတော့ လုပ်ပေးရမယ်။ အဲဒီတော့ နိုင်ငံဖွံ့ဖြိုးရေးအတွက် ဝိုင်းပြီးတော့ ကျမတို့ ဘယ်လို လုပ်ရင်ကောင်းမလဲဆိုတာကို ကျမကြားချင်တာဖြစ်ပါတယ်။
မေး ။ ။ တခုပြောချင်တာကတော့ ESCAP - Economic and Social Commission for Asia and the Pacific နှင့် ပက်သက်ပြီးတော့။ ESCAP ဟာပြီးခဲ့တဲ့ အနှစ် ၅၀ တုန်းက ဗမာပြည်အတွက် ဦးသန့်က ပေးခဲ့တဲ့ဟာကို ကိုနေဝင်းက မယူတဲ့အတွက် အဲဒီ ESCAP က ယိုးဒယားရောက်သွားတယ်လေ။ ဆိုတော့ အကယ်၍ ILO (International Labor Organization) တို့ဘာတို့ ဗမာပြည်မှာ Centralize အနေနှင့် South East Asia အတွက်ကို လာဖွဲ့မယ်ဟဲ့ဆိုရင် အစ်မအနေနှင့် အများကြီးလုပ်ပေးနိုင်တဲ့ဟာတွေဘဲ။ အဲဒါတွေက။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ဟုတ်ကဲ့။ ကျမ မှတ်သားထားပါ့မယ်။ ဒီဟာ ဆိုတာဟာ ကျမတို့ တဘက်တည်းကပဲ လုပ်ချင်လို့လဲ မဖြစ်ပါဘူး။ တကယ်ပဲ လုပ်နိုင်တဲ့ အခြေအနေလည်းရှိရမှာပေါ့။ အများကလည်း သဘောတူညီရမှာပေါ့။ ဒါပေမယ့် ကျမတို့ နိုင်ငံဟာ ဒီလို စိန်ခေါ်မှုတွေကို ရင်ဆိုင်ပြီးတော့ လုပ်ကိုင်နိုင်မယ့် နိုင်ငံမျိုး တခုဖြစ်လာအောင် ကျမတို့ကြိုးစားမှာပါ။

မေး ။ ။ အခုအချိန်မှာ ကျနော်တို့ နိုင်ငံတိုးတက်ဖွံ့ဖြိုးအောင် လုပ်တဲ့နေရာမှာ ပြည်ပမှာရောက်နေတဲ့ လူတွေအားလုံးကော၊ ကုလသမဂ္ဂမှာ လုပ်နေတဲ့ လူတွေကော၊ ပင်စင်စားတွေကော ဘယ်လိုကူညီရမလဲ။ ဘယ်လိုဆက်ပြီးတော့ လုပ်ဆောင်သင့်သလဲဆိုတာ ကျနော်တို့ အားလုံးပြီးတော့ ညှိနှိုင်းပြီးတော့လုပ်ပါမယ်။ ဒါပေမယ့် ဒီပင်စင်စားအပိုင်းမှာဆိုလို့ရှိရင် အရင်တုန်းက UNDP (United Nations Development Program) မှာ TOKTEN ဆိုတာရှိပါတယ်။ Transfer of Technology through Expatriate National အဲ Program မှာလည်း UNDP က ပြန်စနိုင်မယ်ဆိုလို့ရှိရင် ဒီ သက်ကြီးဝါးကြီးတွေ ကျန်းလည်းကျန်မာတဲ့ လာလည်း အကြံဉာဏ်ပေးနိုင်တယ်ဆိုလို့ရှိရင် သူတို့အများကြီးလာပြီးတော့ တိုင်းကျိုးပြည်ကျိုးအတွက် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါပါဘဲ ခင်ဗျာ့။

ဒေါ်အောင်ဆန်းစုကြည် ။ ။ အဲဒါဆိုရင် အဲဒီဟာကတော့ ကုလသမဂ္ဂနှင့် ပိုပြီးဆွေးနွေးလို့ရှိရင် ကောင်းမယ်ထင်တယ်။ ဆွေးနွေးပြီးတော့ တကယ်လက်တွေ့ ကျကျပေါ့နော်၊ ဘယ်လိုနည်းနှင့် လုပ်နိုင်မလဲဆိုတာ။ ကျမတို့ နိုင်ငံမှာ အကူအညီတွေလိုတာတော့ အမှန်ဘဲ။ ဒါပေမယ့် စနစ်တကျတော့ ပေးဖို့တော့ လိုပါတယ်။ အကူအညီ သိပ်များပြီးတော့ စနစ်မကျလို့ရှိရင် တချို့နိုင်ငံတွေမှာ ဥပမာဆိုလိုရှိရင် အရင်တုန်းက ကမ္ဘောဒီးယားမှာ ဖြစ်ခဲ့သလိုပေါ့။ ပေးတဲ့အကူအညီတွေက သိပ်များတယ်။ စနစ်မကျတဲ့ အခါကျတော့ တော်တော်များများ အဟောသိကန် အဲဒါမျိုးတော့ ကျမတို့ မဖြစ်စေချင်ဘူး။ စနစ်ကျကျနှင့် နည်းလမ်းကျကျနှင့် လုပ်နိုင်ဖို့ကိုတော့ ကျမတို့ ညှိနှိုင်းပြီးတော့လုပ်ရင် ဖြစ်နိုင်မယ်လို ကျမယုံပါတယ်။

မေး ။ ။ အကူအညီတွေ လိုနေတာလည်းမြင်ပါတယ်။ အပြင်ကလည်း အကူအညီပေးနေတာလည်း တွေ့ပါတယ်။ တခု ကျနော်သတိထားမိတာက အပြင်ကပေးတဲ့ အကူအညီတွေက ဗမာပြည်မှာ အခုလိုအပ်နေတဲ့ အတိုင်းအဆ Level အထိ မပေးဘဲနှင့်၊ ဗမာတွေက အခုဆင်းရဲနေတော့။ ဆင်းရဲတာလေးထက် နည်းနည်းလေး ပိုပေးပြီးတော့ သူတို့က ကျေနပ်နိုင်မယ်လို့ ထင်ပြီးတော့ ပေးတဲ့ အတိုင်းအတာက လိုအပ်တဲ့အတိုင်းအတာကို ထိမ်ချန်ပြီး ပေးနေတယ်လို့ ကျနော်မြင်ပါတယ်။ ဥပမာ Micro-financing ကို ကျနော်တင်ပြချင်တာကတော့ သူတို့က အခု အရပ်ထဲမှာ 5% နေ့တန်တိုးနှင့် ယူတယ်။ Micro-financing က Treat percent ၃ ရာခိုင်နှုန်းနှင့်ပေးတယ်။ အဲဒီတော့ ၃ရာခိုင်နှုန်းက တစ်လကို ၃ ရာခိုင်နှုန်း။ တစ်နှစ်ဆိုရင် ၃၆ ရာခိုင်နှုန်းက နည်းတာမဟုတ်ဘူး။ အဲဒီတော့ လက်ရှိ ဒုက္ခထဲက နည်းနည်းလေးကူလိုက်တဲ့ သဘောဘဲရှိတယ်။ တကယ်တမ်းကူတဲ့ အဆင့်ထိမရောက်သေး ဖြစ်နေတယ်။

ဒေါ်အောင်ဆန်းစုကြည် ။ ။ အဲဒါတော့ အခြေအနေကြောင့်လည်းဖြစ်ပါတယ်။ တမင်သက်သက် ဗမာတွေကို နည်းနည်းလေးဘဲ ပေးချင်တဲ့စိတ်တော့ မဟုတ်ပါဘူး။ ဥပမာ Micro-financing နှင့် ပက်သက်လို့ဆိုလို့ရှိရင် အကြီးဆုံးလုပ်နေတဲ့ အဖွ့ဲအစည်းက PACT ဖြစ်တယ်။ PACT တောင်မှ တကယ်တော့ သူက Still Donor-dependent ပေါ့နော်။ ဒီ Micro Credit Schemes တွေက သေသေချာချာ ထိရောက်မှု ရှိဖို့ဆိုလို့ရှိရင် အဲဒီလို မဖြစ်ရဘူး။ အဲဒီလို Sustainability ရှိဖို့ဆိုလို့ရှိရင် ဒါကြောင့်မို့ PACT အပြင် တခြား Micro Credit Schemes တွေနှင့် ဝင်သွားဖို့လိုပါတယ်။ ဝင်နိုင်တဲ့ အခြေအနေ မရှိသေးလို့ပါ။ ကျမအမြင်မှာတော့ တမင်နှိမ်ပြီးတော့ ပေးတာမဟုတ်ပါဘူး။ အခုဆိုလို့ရှိရင် မြန်မာနိုင်ငံကိုကူညီချင်တာ အများကြီးရှိပါတယ်။ ဒါကြောင့်မို့လို့ တချို.ကဆိုလို့ရှိရင် Gold rush for Investors and Donors ပေါ့နော်။ ဒီ Aid တွေဘာတွေဟာ သေသေချာချာ မညှိလို့ရှိရင် သိပ်များပြီးတော့ စောစောက ပြောသလိုပေါ့ အဟောသိကန် ဖြစ်သွားလို့ရှိရင် နောင်ကျလို့ရှိရင် ဒီလိုပေးတဲ့ အကူအညီတွေဟာ မထိရောက်ဘူးဆိုတဲ့ အမြင်နှင့် ကူညီချင်တဲ့လူတွေက တွန့်သွားမှာကိုလည်း ကျမတို့ စိုးရိမ်ရပါတယ်။ အဲဒီတော့ ကျမကတော့ အမှန်ပြောလို့ရှိရင် တမင်နှိမ်ပြီး ပေးတာတော့ မဟုတ်ပါဘူး။ ပေးချင်သလောက် ပေးသင့်သလားဆိုတာကိုလည်း ချင့်ချိန်ရတာလည်း ရှိပါတယ်။ နောက် တခါတလေကျရင်လည်း ပေးချင်ပေမယ့်လည်း အခြေအနေအရ မပေးနိုင်တာလည်း ရှိပါတယ်။ အခု PACT ဆိုရင်တောင်မှ ကိုယ်တိုင်က လွတ်လွတ်လပ်လပ် မလုပ်နိုင်ဘူး။ ပေးမယ့်သူတွေ တခြား ငွေရေးကြေးရေး နှင့် ကူညီမယ့် နိုင်ငံတွေအပေါ်မှာ အားကိုးပြီးတော့မှ သူတို့ အလုပ်ကိုလုပ်နေရတယ်ဆိုတော့ သိပ်မထိရောက်တာ ဖြစ်ပါတယ်။

ဖြေ ။ ။ အခု မမစုကို စကားပြောဖို့အတွက် အလှည့်ကျသူမှာ ဆရာကြီးဒေါက်တာညီညီ ဖြစ်ပါတယ်။ UNICEF မှ Special Adviser to the Executive Director အနေနှင့် တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူခဲ့တာ ဖြစ်ပါတယ်။

ဒေါက်တာညီညီ ။ ။ လာတွေ့လို ကျနော် ကျေးဇူးအများကြီးတင်ပါတယ်။ တခုပဲ ကျနော်ကြုံလို့ တင်ပြချင်တာကတော့ အရေးကြီးတာက ကျနော်တို့မှာ ကိုယ့်ပြသနာကိုယ် ဘာရှိသလဲဆိုတာ အရင်သိအောင် လုပ်ဖို့လိုတယ်။ ကိုယ့်ပြသနာကို ကိုယ်မဆုံးဖြတ်နိုင်ရင် ကျန်တဲ့လူက လာပြီးဆုံးဖြတ်ပေးမယ်။ ခင်ဗျာတို့ လုပ်နေတာ ဒါပဲဆိုပြီး လာပေးရင် အဲဒါ ပိုက်ဆံတွေပါတော့ ယူလိုက်ရင် ကျနော်တို့ ပိုက်ဆံကုန်တာထက် အချိန်ကုန်တာ သိပ်အရေးကြီးတယ်။ ဒါပေမယ့် ကျနော်တို့ အရင် ပထဦးဆုံးအဆင့် ကျနော် တင်ပြချင်တာ ဒေါ်စုရော၊ အစိုးရရောပေါ့လေ ဘာလုပ်ဖို့လိုလဲဆိုတော့ ကိုယ့်မှာ ဘာပြဿနာတွေရှိလဲ။ ဒါတွေဘယ်လိုများ ဖြေရှင်းရင် ကောင်းမလဲဆိုတာ ကိုယ့်ဟာကိုယ် အရင်စဉ်စားထားပေါ့။ ပြီးတော့မှ သူများတွေနှင့် ဆွေးနွေးပေါ့။ ဒါမှမဟုတ်ပဲ ဘာမှမရှိပဲနှင့် ဗလာနှင့်သွားဆွေးနွေးရင် သူတို့က အကုန်လုံးလာပြီး ဆေးချယ်သွားမယ်။ အဲဒါတွေအကုန်လုံး ကျန်ခဲ့မှာဖြစ်ပါတယ်။

ကျနော် အခု ငယ်ငယ်တုန်းက ကျနော်တို့ ဒီလွတ်လပ်ရေး တိုက်ပွဲတွေ၊ ကျောင်းသားလှုပ်ရှားမှုထဲမှာ ဆရာသမားတွေ သင်တန်းဆရာတွေက ဘာပြောလဲဆိုတော့ တိုင်းပြည်ရာဇဝင် တိုင်းပြည်သမိုင်းဟာ လူထုက ရေးတယ်ဆိုပြီးတော့ ပြောပါတယ်။ ဒါကြောင့် လူထုကို စည်းရုံးပြီးတော့ လူထုက သမိုင်းလုပ်သွား နိုင်တယ်ပေါ့လေ။ သမိုင်းကို ဖန်တီးသွားတယ်။ ဒါပေမယ့် ကျနော်တို့ အခု အသက်ကြီးလာတော့ လူထုကြီးပဲမဟုတ်ဘူး။ ခေါင်းဆောင်ကလည်း အရေးကြီးတယ်။ ခေါင်းဆောင် အသုံးမကျရင် တိုင်းပြည်ပျက်တာဘဲ။ ဒါ ကျနော်တို့ ဗမာပြည်ကို အဲဒီလိုပြောတာ မဟုတ်ဘူး။ တစ်ကမ္ဘာလုံး ဒီအတိုင်းပဲ။ ဒီတော့ အခု ခေါင်းဆောင်အပိုင်းကို ဝင်လာတဲ့ ပုဂ္ဂိုလ်တွေထဲမှာ ခပ်တော်တော်တွေတွေ့ရင် ကျနော်တို့က အဲဒီ ခေါင်းဆောင်တွေကို ပိုးမွေးသလိုမွေးဖို့ လိုပါတယ်။ ဒီတော့ ပထမဦးဆုံး ကျနော်ပြောချင်တာကတော့ ကျန်းမာရေးက သိပ်အရေးကြီးပါတယ်။ ကိုယ့်ကျန်းမာရေးကို ကိုယ်ဂရုစိုက်နိုင်ရင် တိုင်းပြည် နှင့် ကြာကြာလုပ်နိုင်တာပေါ့။ အဲဒီတော့ ကျနော် တခု အလုပ်နှင့် ပက်သက်ပြီးတော့ အကြံပေးတဲ့သဘောလည်း ဖြစ်ချင်ဖြစ်မယ်၊ တိုက်တွန်းတဲ့ သဘောလည်း ဖြစ်ချင်ဖြစ်မယ်။

ပထမတချက်ကတော့ ကျနော်ထင်တယ်။ တနေ့တနေ့ အလုပ်ဇယား စာရင်းဇယား ဆွဲတဲ့အခါမှာ နားဖို့အချိန်ချန်ပါလို့။ တခါတည်း မိုးလင်းကနေ မိုးချုပ် ညဉ့်နက်သန်ခေါင်အထိ မလုပ်ပါနှင့်လို့။ ဘာဖြစ်လို့လဲဆိုရင် အဲဒါမျိုးလုပ်ရင် ကြာကြာမခံဘူး။ လူက ဖြန်းပြီးတော့ ပန်းပြီးတော့ တခါတည်း ဒုက္ခရောက်တယ်။ ဒီတော့ ကျနော်ပြောချင်တာက အလုပ်ဇယားဆွဲတဲ့အခါမှာ နားဖို့အချိန်လေးတွေ ထည့်ထည့်ပေးပါ။ ဆွဲခိုင်းတဲ့သူက အတင်းထည့်ရင်တောင်မှ ဖြုတ်ပစ်ပါလို့ ကျနော် အဲဒါပြောချင်ပါတယ်။
ဒုတိယတချက်ကတော့ အရင်တခေါက် ခရီးထွက်တုန်းက ဆွစ်ဇလန်မှာ ခရီးပန်းပြီးတော့ နားလိုက်ရပြီးတော့ အစည်းအဝေးတွေ ဖြတ်လိုက်ရတယ်လို့ သတင်းထဲမှာပါလာတယ်။ ကျနော် တော်တော်စိုးရိမ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုရောက်ရာလေအရပ်မှာ တွေ့ချင်တဲ့သူက သိပ်များတယ်။ အဲဒီတော့ အဲသလို တွေ့ချင်တဲ့အခါမှာ ကိုယ်က လိုက်လိုက်လျောလျောလည်းလုပ်တော့ နားရမှာမဟုတ်ဘူး။

ဒီတော့ ကျနော် တွေ့ဖူးတာကတော့ အရင်တုန်းက ကမ္ဘာ့ဘဏ်မှာဆိုရင် သူတို့ ဥပဒေတစ်ခုရှိတယ်။ အရေးကြီးတဲ့ကိစ္စ အရေးကြီးတဲ့ ဆွေးနွေးပွဲရှိရင် တရက်ကြိုသွားရတယ်။ တရက်ကြိုသွားပြီး ဘာမှ မလုပ်ရဘူး။ အိပ်နေရုံဘဲ။ နားဖို့ပဲ။ ဒီတော ကျနော် ဒေါ်စုကို အကြံပေးချင်တာကတော့ ခရီးထွက်တဲ့အခါမှာ ဒီကနေ့ရောက် ရောက်ပြီး ချက်ချင်း အစည်းဝေးတန်းဝင်တာမျိုး မလုပ်ပါနှင့်လို့။ တစ်ရက်နားပါ။ ရောက်ပြီးတခါတည်း တန်းဝင် ကြာတော့ လူတော်တော်ပန်းတယ်။ ပန်းတာကတော့ အရေးမကြီးပါဘူး။ အဆုံးအဖြတ်မှားတာ။ ကျနော်တို့ ခေါင်းထဲမှာ ဒီအစာမကြေဘူး ဖြစ်လာတာပေါ့လေ။ ဒီတော့ ကျနော် အဲဒါ ပြန်ပြီးပြောချင်တာကတော့ ဒီနေ့ချင်းပေါက်လုပ်တဲ့ အလုပ်မျိုးတွေရှောင်ပါ။ တက်နိုင်တရွေ့ ဘယ်သွားသွား တစ်ရက်လောက်တော့ ကြိုနားပါ။ ဒေါ်စုတယောက် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒအားလုံးနှင့် ပြည့်စုံပါစေ။ တိုင်းပြည်အကျိုး ဆထက်တပိုး ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ဆရာ ပေးတဲ့ဆုနှင့် ပြည့်ပါစေ။ ဆရာပြောတဲ့ အချက်ကလေးတွေကိုတော့ ကျမ ခပ်မြန်မြန်ပဲ ပြန်ဖြေချင်ပါတယ်။ ဆရာပြောတာ မှန်ပါတယ်။ ကျမတို့ဟာ ကျမတို့ ဘာလိုချင်လဲဆိုတာ ကျမတို့ ပြောရမှာ။ အခု ပြုပြင်ပြောင်းလဲရေးတွေနှင့် ပတ်သက်လို့ရှိရင် ဒါ Speed ပေါ့နော်။ အမြန်လုပ်ဖို့ကြီးပဲ မကြည့်ရဘူး။ Sequencing ကို ကြည့်ရမယ်။ ဘာပြီးဘာလုပ်ရမယ်။ အဲဒါ ကျမတို့က ဆုံးဖြတ်ရမှာ။ ဒါကျမ ပြောတဲ့ စကားပါ။ ကျမတို့ အနေနှင့်။
ဆရာ့ကိုလည်း ကျမ သတိတော့ပေးမယ်နော်။ ကျမက အစိုးရ မဟုတ်သေးပါဘူး။ အဲဒီတော့ ကျမတို့လုပ်နိုင်တဲ့ အတိုင်းအတာကတော့ သူ့အကန့်သတ်နှင့် သူရှိပါတယ်။ ဒါပေမယ့် နိုင်ငံခြားက အဖွဲ့အစည်းတွေနှင့် တွေ့တဲ့အခါကြလို့ရှိရင်တော့ ကျမတို့က ပွင့်ပွင့်လင်းလင်းပဲ။ ကျမတို့ ဘာလိုချင်တယ်။ ဘာလိုချင်တယ်။ ဘာလိုချင်တယ်ဆိုတာ ပြောလေ့ရှိပါတယ်။ ဒါပေမယ့် ညှိရတာပေါ့။ ပေးတဲ့သူကလည်း ပေးချင်အောင်လည်း လုပ်ရတာပေါ့။ ဒါပေမယ့် ဆရာပြောတာကို ကျမ လုံးဝလက်ခံပါတယ်။ အဲဒီ အတိုင်းလည်း ကျမတို့ ကြိုးစားပြီးတော့ လုပ်နေပါတယ်။

နောက်တခုကတော့ ကျန်းမာရေးနှင့် ပတ်သက်ပြီးလည်း ကျမ ဂရုစိုက်ပါတယ်။ ဆွစ်ဇလန် တုန်းကဟာက နေမကောင်းလို့ မဟုတ်ပါဘူး။ ကျမက ခရီးသွားရင် မူးတက်တယ်။ မူးတက်တော့ မီးရထားနှင့်သွားတာမှာ ဆေးမသောက်မိလို့။ မီးရထား မစီးတာလည်း ကြာတဲ့အခါကြတော့ မီးရထားစီးတာကို ဆေးသောက်ဖို့ မေ့သွားတယ်။လေယာဉ်ပျံ စီးတဲ့အခါတော့ ဆေးသောက်လေ့ ရှိတာပေါ့နော်။ လေယာဉ်ပျံ မမူးအောင်။

အဲဒါ မသောက်မိလို့ မူးသွားပြီးတော့ ဖြစ်တာပါ။ တခြား ကျန်းမာရေးကြောင်း မဟုတ်ပါဘူး။ အဲဒီတော့ ဆရာရဲ့ ဆုံးမသြဝါဒကို ကျမ လေးလေးနက်နက်နှင့် ခံယူပါတယ်လို့ ကျမပြောချင်ပါတယ်။
မေး။ ။ ဒေါ်စု ဒီကုလသမဂ္ဂမှာနေတုန်းက အလုပ်လုပ်တုန်းက အတွေ့အကြုံလေးတွေကို သမီးတို့ကို နည်းနည်း Share လုပ်ပေးလို့ ရမလားလို့။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ကုလသမဂ္ဂတုန်းကတွေ့တဲ့ အတွေ့အကြုံတွေကို ပြန်ပြီးတော့ စဉ်းစားရမယ်ဆိုလို့ရှိရင် အရင်တုန်းကတော့ လူတွေက တော်တော်တော့ တက်တက်ကြွကြွ ရှိတယ်။ ဒီ ကမ္ဘာ့ကုလသမဂ္ဂကြီးအပေါ်မှာ အယုံအကြည်ကလည်း တော်တော်ရှိတယ်။ အခုနောက်ပိုင်းမှာ တခါတလေ အယုံအကြည် နည်းလာတာကို ကျမမြင်ရတယ်။ ဒါပြင်ပက အယုံအကြည် နည်းလာတာပဲလား။ ဒီအယုံအကြည်နည်းလာတဲ့ကိစ္စက အတွင်းကနေပြီးတော့ ဖြစ်တာပဲလားဆိုတာတော့ မသိဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာ့ကုလသမဂ္ဂဟာ ကမ္ဘာ့ရဲ့ပြဿနာတွေ အများကြီးကို ဖြေရှင်းလို့ မရဘူးဆိုတာအမှန်ပဲ။ ဒါပေမယ့်လည်း ဒါကြောင့်မို့လည်း အယုံအကြည် ပျက်သွားစရာတော့ မလိုပါဘူး။ ဖြေရှင်းလို့ ရတာမရတာထက် ဖြေရှင်းဖို့ ဆက်ပြီးတော့ ကြိုးစားရမှာဖြစ်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ ရှိတာကတော့ ကျမတို့ ကမ္ဘာကြီးအတွက် ကောင်းတယ်လို့ ကျမ ဒီလိုပဲမြင်ပါတယ်။ အဲဒါကြောင့်မို့လို့ အရင်တုန်းက အတွေ့အကြုံတွေကတော့ ဒါတွေက လူတွေက ငယ်တုန်းကနှင့် ကြီးလာတော့ မတူဘူးပေါ့နော်။ ဒါပေမယ့်လည်း အငယ်ကြီးပဲ ကောင်းတာမဟုတ်ဘူး။ ငယ်တုန်းက မရှိတဲ့ အရည်အချင်းတွေလည်း ရင့်ကျက်လာတဲ့အခါကျတော့ ရှိလာတတ်ပါတယ်။ ဒါကြောင့် ကုလသမဂ္ဂက အခုကျတော့ ကမ္ဘာ့ပြဿနာတွေကို လွယ်လွယ်နှင့်ဖြေရှင်းလို့ မရဘူးဆိုတာ သိသွားတာကိုက ကောင်းပါတယ်။ အဲဒီတော့ ကုလသမဂ္ဂက ဝန်ထမ်းတွေကလည်း ဒီလိုအသိမျိုးနှင့် တတ်နိုင်သမျှ ကိုယ်လုပ်တဲ့အလုပ်ကို ထိရောက်အောင်လို့တော့ ကြိုးစားစေချင်ပါတယ်။

မေး။ ။ကျနော် နည်းနည်း တင်ပြချင်တာကတော့ ဒေါ်စု ဒီမှာရှိတုန်း ဒေါ်စုက UN နှင့်လည်း အကုန်အဆင်ပြေတယ်။ ဒီက တိုင်းပြည်ကလူတွေနှင့်လည်း အကုန်အဆင်ပြေတဲ့အခါကြတော့ ကျနော်တို့ တပ်မတော်လူငယ်တွေကို အနည်းဆုံး ဒီမှာ peace keeping mission အားဖြင့် စသည်အားဖြင့် နေရာရအောင်လုပ်ပေးဖို့။ နောက်ပြီးတော့ အရင်တုန်းကဆိုလို့ရှိရင် ကျနော်တို့ ဒီမှာ Airborne Operation တွေ Airborne Training တွေ လာရတာရှိတယ်။ Senior Officers ဆိုရင် Staff police တက်ရတာ တွေရှိတယ်။ အဲဒီတော့ အဲဒါတွေက တော်တော်လည်း ဒီမက်လုံးလေးတွေပေါ့လေ။ သူတို့။ အခုတော့ တပ်အရာရှိတွေအားလုံးက ရုရှားမှာသွားပြီးတော့ Training လုပ်နေတာဘာတွေ ရှိကြတယ်ဆိုတော့။ သူတို့က ဒီဘက်ကို ငယ်ငယ်တုန်းက ကျနော်တို့ ငယ်ငယ်တုန်းက ဆိုလို့ရှိရင် အဲလို အရာရှိတွေတော့ရှိပါတယ်။ တော်လည်းတော်ကြတယ်။ နောက်ပြီးတော့ တချို့လည်း standard အောင်တာတွေရှိတယ်။ ဆိုတော့ အဲလိုဟာမျိုးလေးတွေ အခွင့်အရေးများများရအောင် ဒီဖက်ကိုနည်းနည်း လုပ်ပေးနိုင်ရင် အဲ -- များများရအောင် ဒေါ်စု နည်းနည်း စီစဉ်ပေးနိုင်လို့ရှိရင် တော်တော်လေး တပ်မတော်အင်အားစု တော်တော်များများဟာ ဒေါ်စုကို ပိုပြီးတော့ အားကိုးခင်မင်လာမယ်လို့ ကျနော်ယူဆပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ။ ။ တပ်မတော်နှင့် ပတ်သက်လို့ ကျမတို့ရဲ့တပ်မတော်ကို ခေတ်မီပြီးတော့ အင်မတန်မှ အကောင်းဆုံးဖြစ်တဲ့ တပ်မတော်ဖြစ်ဖို့ ကြိုးစားသွားမယ်ဆိုတာ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရေရှည်မူတွေထဲမှာ ပါပြီးသားပါ။ ကျမကိုယ်တိုင်ကလည်း ဒီလိုပဲ ဖြစ်စေချင်ပါတယ်။ ဒါကြောင့်မို့လို့ သင့်တော်တဲ့ အချိန်ကြလို့ရှိရင် ဒီလိုကိစ္စတွေ ဖြစ်ပေါ်ဖို့အတွက် ကျမတို့ ကြိုးစားမှာပါ။ ဘာပဲပြောပြော ကျမကတော့ တပ်မတော်မှာ အစကတည်းကလည်း သံယောဇဉ် ရှိခဲ့ပါတယ်။ အင်မတန်မ ှကောင်းပြီးတော့ ပြည်သူတွေက တကယ် ချစ်ခင်လေးစားဂုဏ်ယူနိုင်တဲ့ တပ်မတော်မျိုး ဖြစ်ဖို့ဆိုတာ ကျမ အခွင့်အရေးရတာနှင့်အမျှ ကြိုးစားသွားမှာ ဖြစ်ပါတယ်။
XS
SM
MD
LG