သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် တရုတ်သွားတောလား


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံကို သွားဖြစ်မယ်လို့ ပါတီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း က အတည်ပြုပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီကိစ္စကို ညှိနှိုင်းဆဲလို့ ပြောပါတယ်။ မည်သို့ပင်ဖြစ်စေကာမူ ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်ကို သွားမယ့်ကိစ္စဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး အလားအလာတွေပေါ်မှာ ဘယ်လို ရိုက်ခတ်မှု ရှိနိုင်သလဲဆိုတာကို မြန်မာ့အရေးသုံးသပ်သူ ဦးအောင်ခင်၊ ဧရာဝတီ ဦးအောင်ဇော်တို့နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။


ဦးကျော်ဇံသာ ။ ။ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘလ်ဆုရတဲ့ ပုဂ္ဂိုလ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံလို နိုင်ငံမျိုးကို သွားရောက်မယ့် ထူးထူးခြားခြားလို့ ပြောရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်နိုင်ငံဟာ ကမ္ဘာ့ငြိမ်းချမ်းရေး တရုတ်လူမျိုးရရှိတဲ့ကိစ္စကိုလည်း ဆန့်ကျင်တယ်။ အလားတူစွာပဲ ငြိမ်းချမ်းရေးဆုရှင် ဒလိုင်းလာမားကိုလည်း အမြဲတမ်း ဆန့်ကျင်နေကြ ဖြစ်တဲ့အတွက်ကြောင့် ငြိမ်းချမ်းရေးဆုရှင်အနေနဲ့ တရုတ်နိုင်ငံဟာ နည်းနည်း ကနကောစ ဖြစ်နေတယ်လို့ ထင်ပါတယ်။ ဒီမှာ ဒေါ်အောင်ဆန်းစုကြည် သွားလိုတဲ့ကိစ္စ ဘာများထူးခြားနိုင်သလဲဆိုတာကို ဆရာဦးအောင်ခင် ပထမဦးဆုံး သုံးသပ်စေချင်ပါတယ်။

ဦးအောင်ခင် ။ ။ သူကတော့ လက်တွေ့သဘောအရပေါ့ဗျာ။ အရင်တုန်းကတော့ တရုတ်က နိုဘလ်ဆုတို့ ဆန့်ကျင်တဲ့ကိစ္စကိုတော့ သဘောတရားအရပေါ့။ အခုကတော့ ဒေါ်စု သွားတဲ့ကိစ္စကတော့ တရုတ်က ပိုပြီးတော့ လိုလိုချင်ချင်ရှိလို့ သွားတဲ့သဘော ရှိတယ်။ တရုတ်က ဗမာပြည်နဲ့ ပတ်သက်လို့ သူ့ရဲ့ သဘောထားတွေကို ပြန်ပြီးတော့ adjust လုပ်နေတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကလည်း အရေးပါတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တော့ တရုတ်အကျိုး ရှိမယ်လို့ ထင်တာပဲ။

ဦးကျော်ဇံသာ ။ ။ တရုတ်ရဲ့ အကျိုးက ပိုရှိမယ်လို့ ထင်တယ်ပေါ့။ ဒီကိစ္စမှာ။ ကိုအောင်ဇော် ဘယ်လို သဘောရပါသလဲ။ ဒေါ်အောင်ဆန်းစုကြည် သွားတာ။ ပထမဦးဆုံး ငြိမ်းချမ်းရေး နိုဘလ်ဆုရှင် တစ်ယောက်အနေနဲ့ တရုတ်ကိုသွားတာ ဘယ်လို မြင်ပါသလဲ။

ဦးအောင်ဇော် ။ ။ တရုတ်ကတော့ ကျနော်မြင်တာ အခုနက ဆရာ သုံးသပ်သွားသလိုပါပဲ သူ့ရဲ့ pragmatic policy ကို ပြတာပေါ့လေ။ ပြန်ကြည့်မယ်ဆိုရင် ၁၉၉၀ election ပြီးတဲ့နောက်ပိုင်းမှာ election မှာ နိုင်ခဲ့တဲ့ NLD ပါတီကို ပထမဦးဆုံး ပန်းခြင်းနဲ့လာပြီး ဂုဏ်ပြုတာ တရုတ်သံအမတ် ဖြစ်ပါတယ်။ ဆိုတော့ တရုတ်က pragmatic အဖြစ်နဲ့ သူ့ရဲ့ အိမ်နီးနားချင်းနိုင်ငံ ဖြစ်ပေါ်လှုပ်ရှားတိုးတက်မှုတွေ အကုန်လုံးကို မျက်ခြေပြတ်ခံတာ မဟုတ်ဘဲနဲ့ အာဏာရလာမယ့်သူနဲ့ ပတ်သက်ပြီး လက်တွေ့ကျကျ ဘယ်လို ဆက်ဆံရမလဲဆိုတာကို သုံးသပ်ပြီသား။ မဟာဗျူဟာ ရှိပြီးသာဖြစ်ပါတယ်။ ဘာကြောင့်ဆိုတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က အခု ၂၀၁၅ election မှာဆိုရင် ဘာတွေ ဖြစ်လာမလဲဆိုတော့ တရုတ်က အခြားနိုင်ငံတွေလိုပဲ political အရ investment လုပ်တာမျိုးတခုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကို election မတိုင်ခင်မှာ တရုတ်နိုင်ငံကို ဖိတ်တာလို့ပဲ ကျနော်အနေနဲ့ သုံးသပ်မိပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံတကာကအမြင်၊ မြန်မာပြည်သူတွေရဲ့ အမြင်၊ အာဏာပိုင်တွေရဲ့ စွပ်စွဲချက် အားလုံးဟာ သူဟာ အနောက်ကိုယိမ်းတယ်ဆိုတာကတော့ လူတိုင်းကြားဖူးကြပြီ ဖြစ်ပါတယ်။ တကယ်လဲပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ အနောက်တိုင်းနိုင်ငံတွေနဲ့ သိပ်ရင်းနှီးပါတယ်။ အနောက်ဖက်ကို အကြိမ်ပေါင်းများစွာ သွားပြီးမှ အခု တရုတ်ပြည်ကို တကြိမ်သွားပါတယ်။ တနည်းအားဖြင့် ဒါဟာ ငါဟာ အနောက်ကိုလည်း မယိမ်းပါဘူး။ အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း သင့်တင့်အောင် နေလိုတယ်ဆိုတဲ့။ အနောက်ကိုယိမ်းတယ်ဆိုတဲ့ သူ့ပုံရိပ်ကို နည်းနည်းပြန်ပြီးတော့ balance ဖြစ်အောင် လုပ်တယ်လို့ ဆရာဦးအောင်ခင် မမြင်ဘူးလား။

ဦးအောင်ခင် ။ ။ ဖြစ်နိုင်ပါတယ်။ ဗမာပြည်ရဲ့ အခြေအနေကလည်း လုံးဝပြောင်းသွားတာကို။ အရင်တုန်းကတော့ ဗမာပြည်ရဲ့ ဆန့်ကျင်ဖက်အင်အားစုအတိုင်း တရုတ်ကတဖက်၊ အနောက်တိုင်းကတဖက် ဖြစ်နေတာ။ ဗမာပြည်က ဆန့်ကျင်ဖက် အင်အားစုတွေ ပြန်ပြီးတော့ အဆင်ပြေသွားတဲ့အချိန်မှာ တရုတ်နဲ့ အနောက်တိုင်းကလည်း ပြန်ပြီးတော့ adjust လုပ်တဲ့အချိန်ပေါ့။ အခုကတော့ အရင်တုန်းကလို့ မတူတော့ဘူး။ အရင်တုန်းက game နဲ့ အခု new game က တမျိုးပေါ့။ အဲဒီမှာ NLD အနေနဲ့ကလဲ အရင်တုန်းက ပုံစံမျိုးမဟုတ်ဘဲနဲ့ အသစ်သူချရမယ့်ဟာတွေရှိတယ်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်ပံတောင်းတောင်ကိစ္စမှာ ပါပြီးတော့လုပ်တော့ တရုတ် နဲ့ စစ်တပ်ကုမ္ပဏီတို့ ဆက်ပြီးတော့ လုပ်နိုင်အောင်လို့ လုပ်သွားတဲ့ကိစ္စတွေကို တရုတ်က သဘောကျမှာပေါ့။

ဦးကျော်ဇံသာ ။ ။ ကိုအောင်ဇော် ဘယ်လို မြင်ပါသလဲ။ ဆရာက လက်ပံတောင်းတောင်ကိစ္စပြောတယ်။ ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းတောင်ကိစ္စမှာလဲ ဆန္ဒပြတဲ့လူတွေကို မလုပ်ကြဖို့ ဟန့်တားတဲ့အတွက်ကြောင့်ဆိုပြီး ဆန္ဒပြသူတွေက တရုတ်ဖက်ကို ယိမ်းတယ်လို့တောင် စွပ်စွဲတာတွေ ရှိခဲ့တယ်။ ကိုအောင်ဇော် ဒီကိစ္စကို ဘယ်လို သဘောရပါသလဲ။

ဦးအောင်ဇော် ။ ။ ကျနော်ထင်တယ် နံပတ်တစ်ကတော့ လက်ပံတောင်းတောင်ကိစ္စမှာတော့ ဒေါ်အောင်ဆန်းစုကြည် က တရုတ်ကို သူဖက်က fair ဖြစ်တဲ့ stand တစ်ခုအနေနဲ့ သူနေနိုင်တယ်ဆိုတာကို ပြတယ်။ ဒါပေမဲ့ ကျနော်ပြောချင်တာက အဲဒီကိစ္စမှာ ပြည်သူတွေက NLD ပါတီထဲကတောင် သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး သဘောတူဖို့ကတော့ အတော်ခဲယဉ်းပါတယ်။ နံပတ်သုံးအချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အခု အရင်တုန်းက စစ်အစိုးရ၊ အခုတော့ ဘောင်ဘီချွတ်ထားတဲ့ အစိုးရကနေ ဒေါ်အောင်ဆန်းစုကြည်ကို ကော်မတီဖွဲ့ခိုင်းပြီးတော့ အသုံးချတဲ့ ပုံစံလို့ အများစုက အခုအချိန်မှာ သုံးသပ်ကြတာကို တွေ့ရတယ်။ ပြောချင်တာ ဘာလဲဆိုတော့ တရုတ်သည် ဒေါ်လာသန်းပေါင်း ၂၀ ဘီလံယန်လောက် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နံှထားတာ ဖြစ်ပါတယ်။ အဲဒီတော့ နောင်လာမယ့် အစိုးရသည် ဘယ်ခေါင်းဆောင်ပဲဖြစ်ဖြစ် သူတို့ရဲ့ အကျိုးစီးပွား၊ ရင်းနှီးမြှုပ်နံှမှုတွေကို ဘယ်သူက အကာအကွယ်ပေးမလဲဆိုတဲ့အပေါ်မှာ တရုတ်အစိုးရနဲ့ တရုတ်ခေါင်းဆောင်တွေက စဉ်းစားတာ ဖြစ်ပါတယ်။ ဘာကြောင့်ဆိုရင် အခု တရုတ်သံအမတ်ကြီး Yang Houlan က အစ NLD ကို လာတွေ့နေတဲ့ တရုတ်နိုင်ငံရေး ခေါင်းဆောင်တွေ၊ ယဉ်ကျေးမှုအဖွဲ့တွေ၊ တရုတ်-မြန်မာ ချစ်ကြည်ရေးအဖွဲ့တွေ အများကြီး ရှိပါတယ်။ အဲဒီလို လာတဲ့အခါတိုင်းမှာ သူတို့ အဓိက ဆွေးနွေးတဲ့အကြောင်းအရာက နံပတ်တစ်ကတော့ တရုတ်အကျိုးစီးပွား မြစ်ဆုံစီမံကိန်းကို ဘယ်သူက အကာအကွယ်ပေးမလဲဆိုတာကို အဓိက ဆွေးနွေးတာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ NLD ပါတီဝင်တွေ အခုအချိန်အထိ (၃) ကြိမ် ရှိသွားပါပြီ။ NLD Delegation တွေကို တရုတ်နိုင်ငံ ဘေဂျင်း၊ ရှန်ဟိုင် ကို ဖိတ်ပြီးတော့ တရုတ်ရဲ့ SE Zone, Free Trade ကိစ္စတွေကို ပြတယ်။ သဘောကတော့ နောင်လာမယ့် potential leaders တွေကို တရုတ်အစိုးရအနေနဲ့ ဖိတ်ပြီးတော့ မဟာမိတ်ဖွဲ့နေတယ်လို့ပဲ ကျနော်အနေနဲ့ သုံးသပ်ချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုအောင်ဇော် စောစောက သုံးသပ်ခဲ့တဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၀၁၅ ရွေးကောက်ပွဲ အလားအလာတွေကြည့်ပြီးတော့ နိုင်ငံရေး အလားအလာတွေ ကြည့်ပြီးတော့ တရုတ်က ကြိုပြီးတော့ နိုင်ငံရေးအားဖြင့် invest လုပ်ချင်တဲ့သဘောလို့ ပြောတယ်။ ဒီနေရာမှာ ကျနော် တခုစဉ်းစားမိတာက တရုတ်နိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ နယ်မြေအငြင်းပွားမှု ဖြစ်တယ်။ လူတိုင်းသိပါလိမ့်မယ် မြေပုံကိုကြည့်ရင် တရုတ်ဟာ ပိုင်နက်တွေကို တအားကြီး ဟိုဘက်နိုင်ငံအထိဆွဲပြီးတော့ သူတို့ပိုင်တယ်ဆိုပြီးတော့ လုပ်နေတဲ့ကိစ္စပါ။ ဒီကိစ္စကို မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌအဖြစ် ဖြေရှင်းပေးရတော့လဲ တရုတ်ကို ဆန့်ကျင်ပြီးတော့ တစုံတရာ ပြောခဲ့တာ လုံးဝမရှိခဲ့ပါဘူး။ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို မြှုပ်နံှရင်ကော ဒေါ်အောင်ဆန်းစုကြည် က တရုတ်ဖက်ကို လုံးဝပါလာလိမ့်မယ် ထင်သလား။ မူလက ဒီကိစ္စမှာတော့ ဒေါ်အောင်ဆန်းစုကြည် က အနောက်နိုင်ငံတွေရဲ့ ဆန္ဒနဲ့ တရုတ်ရဲ့ ဆန္ဒကြားမှာ အတော်လေး အခက်အခဲ ဂယက်ရိုက်စရာ ဖြစ်မယ်လို့ထင်တယ်။ ကိုအောင်ဇော် ဘယ်လို သုံးသပ်လိုပါသလဲ။

ကိုအောင်ဇော် ။ ။ ကျနော်ထင်တယ် ဒေါ်အောင်ဆန်းစုကြည်ကတော့ သူက တိုင်းပြည်ရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဖြစ်လာမယ်ဆိုရင်တော့ South China Sea မှာဖြစ်တဲ့ ပဋိပက္ခတွေ၊ နောက်ပြီးတော့ တရုတ်ပြည် နယ်ပယ်ချဲ့ထွင်တဲ့ကိစ္စတွေ။ အရှေ့တောင်အာရှမှာ ဖြစ်နေတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် က မြန်မာပြည်မှာရှိတဲ့ တခြားခေါင်းဆောင်တွေလိုပဲ အခုလက်ရှိ အစိုးရဆိုရင်လဲ ပြန်ကြည့်မယ်ဆိုရင် တကယ့် pragmatic ဖြစ်တဲ့ foreign policy တစ်ခုချပြီး ဟိုဖက်ဒီဖက် မျှမျှတတ balance ဖြစ်အောင် သူတို့ကြိုးစားပြီးတော့ ကြိုးတန်းပေါ်မှာ လမ်းလျှောက်လုပ်ရတာမျိုး ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလဲ ကျနော်ထင်တာကတော့ တရုတ်ကိုယိမ်းမယ်၊ အမေရိကန်ကို ယိမ်းမယ်ဆိုတဲ့ ပုံစံမျိုးမဟုတ်ဘဲနဲ့ သူဟာ တကယ့်တကယ်တော့ တိုင်းပြည်မှာရှိတဲ့ တကယ့် authority ဖြစ်တဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်လာခံမယ်ဆိုရင်တော့ နှစ်ဦးနှစ်ဖက်စလုံးကို Win-Win ဖြစ်နိုင်အောင်လို့ လုပ်ပေးနိုင်တဲ့ ခေါင်းဆောင်တစ်ဦးအနေနဲ့ လိမ်မာပါးနပ်စွာနဲ့ ကစားနိုင်တယ်လို့၊ အဲဒီလို ကစားမယ်လို့ သုံးသပ်မိပါတယ်။ ဒီထက်ပိုပြီးတော့ သူဟာ တခြားနိုင်ငံရေးခေါင်းဆောင်တွေလို မိုက်မဲစွာနဲ့ Pro တရုတ်၊ Pro အမေရိကန် ပုံစံမျိုးနဲ့ လုပ်မယ်လို့တော့ မထင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆရာဦးအောင်ခင်ရဲ့ သဘောထားကိုလည်း သိချင်ပါတယ်။

ဦးအောင်ခင် ။ ။ တရုတ်အပေါ် ဆက်ဆံရေးကတော့ အဖုအထစ်တွေကတော့ ရှိတာပေါ့။ အဖုအထစ်တွေက ဟိုနှစ်ပေါင်း ထောင်နဲ့ချီလာတဲ့ ဆက်ဆံရေးဆိုတော့ ဒီထက်ဆိုးတဲ့ အခြေအနေတွေလည်း ရှိတာပဲ။ သူက ဒေါ်အောင်ဆန်းစုကြည် ဖိတ်တယ်ဆိုတာလဲ သူ့ရဲ့ နည်းပရိယာရ်တစ်ခုပေါ့။ ဆိုတော့ တကယ့်တကယ်က မြန်မာအစိုးရအနေနဲ့ ဘယ်အစိုးရပဲတက်တက် ဦးနုအစိုးရတုန်းကလဲ ဒီလိုပဲ။ စစ်အစိုးရတုန်းကလဲ ဒီလိုပဲ။ သူတို့မှာ တကယ် ပြဿနာ ဖြစ်လာလို့ရှိရင် ဒီပြဿနာကို ဖြေရှင်းဖို့ အကူအညီတောင်းတာ အိမ်နီးချင်းနိုင်ငံတွေပဲဖြစ်တာကို တွေ့ရတယ်။ အဝေးကြီးကို လှမ်းတောင်းလို့ မရဘူး။ အဲဒီတော့ စစ်အစိုးရ အကြပ်အတည်းဖြစ်ပြီးတော့ မျက်ဖြူဆိုက်နေတဲ့ အချိန်မှာ တရုတ်က ကူညီတယ်။ ဟိုအရင်တုန်းက ဦးနုအစိုးရ မျက်ဖြူဆိုက်နေတဲ့ အချိန်တုန်းက အိန္ဒိယ က ကူညီတယ်။ ဒီအချက်တွေကို ကြည့်ချင်းအားဖြင့် ဗမာပြည်မှာရှိတဲ့ အင်အားစုကြီးတွေကို အဆင်ပြေဖို့ တရုတ်က အဓိကထားတယ်။ ကျန်တာကတော့ အပေါ်က cosmetic ပေါ့။ အဆင်ပြေအောင်၊ ကြားကောင်းအောင်၊ ကြည့်ကောင်းအောင် လုပ်တဲ့သဘောမျိုးလို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တစ်ခုက မြန်မာပြည်မှာ ရင်းနှီးမြှုပ်နံှတဲ့ကိစ္စကို ပြန်ကောက်ရမယ်ဆိုရင် တရုတ်တို့ရဲ့ ရင်းနှီးမြှုပ်နံှမှု ပုံစံက သူတို့လိုချင်တာကို အကုန်ထုတ်ယူတယ်။ ပတ်ဝန်းကျင် ထိခိုက်မှု၊ ဒေသခံတွေ နစ်နာမှု၊ အဲဒီကိစ္စတွေကို တနည်းပြောရရင် ethical မဖြစ်ဘူး။ အဲဒီပုံစံမျိုးနဲ့ ရင်းနှီးမြှုပ်နံှနေတယ်ဆိုပြီး သုံးသပ်ကြပါတယ်။ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကလဲ အနောက်နိုင်ငံတွေကိုတော့ ပြောတယ် မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြှုပ်နံှဖို့ မလောကြပါနဲ့ ဒါတွေဒါတွေကို ကြည့်သင့်ပါတယ်ဆိုပြီး အမြဲတမ်း သတိပေးနေပါတယ်။ ဒါပေမဲ့ တရုတ်က ဒါကို လုံးဝမကြည့်ဘဲနဲ့ လုပ်တယ်ဆိုတဲ့ဟာကို လူတိုင်းပြောဆိုဝေဖန် နေကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် က ဘယ်လောက်ကိုင်တွယ်နိုင်လိမ့်မယ် ထင်ပါသလဲ။ ဒီခရီးစဉ်အတွင်း သွားဖြစ်ခဲ့ရင်။

ဦးအောင်ခင် ။ ။ အဲဒါကတော့ စစ်အစိုးရ ဖိတ်တာ။ ဝန်ကြီးဌာနတွေ လာဘ်ထိုးပြီး တရုတ်က လုပ်တဲ့စီမံကိန်းတွေ အများကြီးရှိတယ်။ မဆလခေတ်ထဲကလည်း တရုတ်က လုပ်တာပဲ။ အဲဒီတော့ ပြည်တွင်းတရုတ်ကလည်း ပိုက်ဆံပေးလုပ်တယ်။ တရုတ်ပြည်က တရုတ်ကလည်း ပိုက်ဆံပေးလုပ်တယ်။ အဲဒီဟာတွေကနေ တဖြည်းဖြည်း ရပ်ဆိုင်းသွားအောင် ဗမာပြည်မှာ Civil Society တွေ ပေါ်လာတယ် မဟုတ်လား။ အများကြီးရှိတယ်။ ဒီဟာတွေကလဲ နော်ဝေးကလုပ်တဲ့ သံယံဇာတ ထုတ်ယူမှုကိစ္စနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာဖို့တို့ ဘာတို့။ ဒီအဖွဲ့အစည်းတွေနဲ့ Civil Society တွေနဲ့ အများကြီး သွားပြီးလုပ်ရမယ်။ ဒေါ်စု တစ်ယောက်တည်း လုပ်လို့မရဘူး။ NLD တစ်ခုတည်းနဲ့ မရဘူး။ အဲဒီတော့ Civil Society တွေ ဗမာပြည်မှာ တော်တော်များများရှိတယ်။ အဲဒါတွေ အားကောင်းလာဖို့ သိပ်လိုတယ်။ ဒီဟာတွေ အားကောင်းလာလို့ရှိရင် တဖြည်းဖြည်း ဒီဟာတွေက ပေါ်လာမယ်လို့ ကျနော်ထင်တယ်။

ဦးအောင်ဇော် ။ ။ ၂၀၁၅ အပြီးမှာ ဘယ်သူပဲ ခေါင်းဆောင်ဖြစ်လာဖြစ်လာ တရုတ်က investment လုပ်ထားတဲ့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ project တွေအားလုံးဟာ ဘယ်လောက်အထိ transparent ထင်သာမြင်သာရှိရှိနဲ့ မြန်မာပြည်သူတွေအတွက် အကျိုးရှိမလဲ။ တရုတ်တွေကနေ ကျနော်တို့ကို လာပြီးတော့ exploite လုပ်နေတာ၊ ကျနော်တို့ကိုလာပြီး ဖျက်ဆီးနေတာ၊ ကျနော်တို့ရဲ့ အရင်းအမြစ်တွေကိုလာပြီးတော့ ယူနေတယ်ဆိုတဲ့ ပုံစံမျိုးကို သေချာတင်ပြနိုင်တဲ့ ခေါင်းဆောင်မျိုးကိုသာ မြန်မာပြည်သူလူထုက သေသေချာရွေးချယ် တင်မြှောက်မယ်လို့ ကျနော်ထင်တယ်။ အဲဒီကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရုတ်ကို သွားတဲ့အခါမှာ ပြတ်ပြတ်သားသားပြောဖို့ လိုလိမ့်မယ်လို့ ကျနော် သုံးသပ်တယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံး မေးချင်တာတစ်ခုက တိုတိုတုတ်တုတ် အဖြေကိုပဲ လိုချင်ပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်ကို သွားရောက်ခြင်းဟာ တိုင်းပြည်အတွင်ကော၊ ဒေါ်အောင်ဆန်းစုကြည်အတွက်ကော၊ အထူးသဖြင့် တိုင်းပြည်အတွက်ဆိုပါတော့။ မြန်မာနိုင်ငံအတွက် မြန်မာပြည်သူတွေအတွက် ကြိုဆိုသင့်တဲ့ ခရီးစဉ်လို့ ကိုအောင်ဇော် ထင်ပါသလား။

ကိုအောင်ဇော် ။ ။ ကျနော်တော့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်ကို ကျနော်တို့က မြေပုံထဲက ခွါထုတ်လို့လဲ မရဘူး။ လှီးထုတ်လို့လဲ မရဘူး။ အဓိက ကျနော်ထင်တယ် အရေးကြီးတာက တရားအားမထုတ်ဘဲနဲ့ မြန်မာပြည်ဟာ အနောက်နဲ့ကော၊ အရှေ့နဲ့ကော၊ တရုတ်နဲ့ကော ဆက်ဆံနိုင်တဲ့ အားလုံးက လေးစားရတဲ့ နိုင်ငံတစ်ခု foreign policy တစ်ခုအနေနဲ့ အဲဒါ ဖြစ်ဖို့တော့ အရေးကြီးတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာရဲ့ နောက်ဆုံးမှတ်ချက်သိချင်ပါတယ်။

ဦးအောင်ခင် ။ ။ ဟုတ်ပါတယ်။ တရုတ်ကတော့ အိမ်နီးချင်းပေါ့။ အိမ်နီးချင်းဆိုတော့ အိမ်နီးချင်းက ဘယ်တော့မှ ခွဲလို့ရတာ မဟုတ်ဘူး။ အဲဒီတော့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဆက်ဆံရမှာပဲလေ။ အဲဒါကတော့ အဓိကပဲ။

XS
SM
MD
LG