သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူနည်းစုရဲ့ သြဇာအာဏာ


ပြီးခဲ့တဲ့အပတ် ရန်ကုန် စီးပွားရေးတက္ကသိုလ်မှာ ကျင်းပတဲ့ စည်းဝေးပွဲမှာ လူနည်းစုချယ်လှယ်နေတဲ့ မြန်မာ့စီးပွားရေး အခြေအနေကို ဆွေးနွေးသွားပါတယ်။ လူများစု ဖွံ့ဖြိုးတိုးတက်ဖို့ အခွင့်အလမ်း နည်းပါးနေတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ နိုဝင်ဘာလကလည်း NLD ရဲ့ စီးပွားရေးအကြံပေးဆိုသူ ပါမောက္ခ Sean Turnell က ပြုပြင်ရေးလုပ်ငန်းတွေ အရှိန်သေသွားပြီလို့ ဆိုပါတယ်။ ဝန်ကြီးဌာနတွေရဲ့ ချွတ်ယွင်းမှု၊ အခြေခံညံ့ဖျင်းမှု၊ လောင်စာစွမ်းအင်ချို့တဲ့မှု၊ ကျပ်ငွေကို အယုံအကြည်နည်းပါးမှု၊ လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေဖြစ်မှု စတာတွေကြောင့် တိုင်းပြည်စီးပွားရေး ကပေါက်ကရောက် ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ စိတ်ဓါတ်ခိုင်မာမှုနဲ့ ဝိုင်းဝန်းကူညီမှုကြောင့် NLD အစိုးရ စွမ်းဆောင်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ဘတ်ဂျက်လိုငွေပြမှုနဲ့ စစ်စရိတ်ကြီးမားမှုဟာ NLD အစိုးရ စွမ်းဆောင်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေ ငွေစာရင်းဥပဒေကြမ်းမှာ အစိုးရ အသုံးစရိတ် (၁၃) ရာခိုင်နှုန်းကျော်ဟာ စစ်တပ်အတွက်ဖြစ်ပြီး ပညာရေး နဲ့ ကျန်းမာရေး နှစ်ခုပေါင်းက (၁၁) ရာခိုင်နှုန်းသာ ရှိပါတယ်။ တိုင်းပြည်အသားတင်ထုတ်လုပ်မှုရဲ့ ငါးရာခိုင်နှုန်းဟာ လိုငွေ ဖြစ်ပါတယ်။ အစိုးရသစ်မှာ အခက်အခဲတွေ များလွန်းတာမို့ အများမျှော်လင့်သလို မြန်ဆန်စွာ ကောင်းမွန်လာဖို့ မလွယ်ပါဘူး။

နှစ်ပေါင်းများစွာ စစ်အုပ်စု နဲ့ ခရိုနီတွေ ကြီးပွားချမ်းသာနေတဲ့ တိုင်းပြည်မှာ ပြည်သူ့ပါတီ NLD ရွေးကောက်ပွဲ နိုင်ရုံနဲ့ ဆင်းရဲချမ်းသာ ကွာဟမှုကြီးဟာ ပျောက်သွားမှာ မဟုတ်ပါဘူး။ NLD တရားဝင် အစိုးရဖြစ်လာပေမယ့် စစ်အုပ်စု နဲ့ ခရိုနီအုပ်စုဟာ သြဇာအရှိန်အဝါ ရှိနေဦးမှာ ဖြစ်ပါတယ်။ ရှိပြီးသား သြဇာအရှိန်အဝါကိုဆက်ပြီး ထိန်းသိမ်းနိုင်ဖို့ဟာ သူတို့ရဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ စစ်အုပ်စု နဲ့ ခရိုနီတွေဟာ လွှတ်တော်မပေါ်မီကတည်းက ချမ်းသာလာကြတာမို့ ရွေးကောက်ပွဲ ရှုံးတာဟာ သူတို့အဖို့ အရေးမကြီးပါဘူး။ နာမည်ကြီးတဲ့ ကုဋေကြွယ်ခရိုနီ ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးကျော်ဝင်းစတဲ့ ပုဂ္ဂိုလ်တွေ NLD ကို ရန်ပုံငွေ လှူနေတာ ကြာပါပြီ။ ရွေးကောက်ပွဲနိုင်တဲ့ ကိုယ်စားလှယ်တွေကို နိုင်ငံရေးသင်တန်းပေးဖို့ ဦးတေဇ က စရိတ်ခံပြီး ကြားဝင်ပြဿနာ ရှင်းပေးတာဟာ ဥပမာတစ်ခု ဖြစ်ပါတယ်။

ရွေးကောက်ပွဲနိုင်တဲ့ အစိုးရတက်လာပြီး အများအကျိုးဆောင် နိုင်ငံရေးစနစ်ကို ကျင့်သုံးပေမယ့် လူချမ်းသာတစုရဲ့ အကျိုးစီးပွားကို မပြောင်းလဲနိုင်ကြောင်း ပါမောက္ခ Daron Acemoglu နဲ့ James Robinson က Persistence of Power, Elites & Institutions ဆိုတဲ့ စာတမ်းကို ရေးထားပါတယ်။ လူအများစုအတွက်လုပ်တဲ့အခါမှာ လူနည်းစုဟာ သူတို့ရဲ့ သြဇာအာဏာနဲ့ အကျိုးစီးပွားကို မထိခိုက်အောင် ကြိုးပမ်းကြတယ်လို့ ဆိုပါတယ်။ ကြားပွဲစားငှားပြီး၊ နိုင်ငံရေးအာဏာရှိသူကို လော်ဘီလုပ် စည်းရုံးသိမ်းသွင်းတာဟာ နည်းတခု ဖြစ်ပါတယ်။ ပြည်သူ့ကိုယ်စားလှယ်မဟုတ်တဲ့ ဒီလူနည်းစုမှာ ဥစ္စာဓန နဲ့ လက်နက်ပစ္စည်းရှိပြီး ပြဿနာ ရှင်းနိုင်တဲ့ စွမ်းရည်ရှိနေတာမို့ သြဇာ ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလူတန်းစားကို ရွေးကောက်ပွဲနိုင်တဲ့ အစိုးရဟာ ပစ်ပယ်လို့မရဘဲ လက်တွဲလုပ်ကိုင်ရမယ့် အခြေအနေကို ရောက်လာပါတယ်။

တောင်အမေရိကတိုက်က နိုင်ငံတွေကို လေ့လာတဲ့အခါမှာ ချမ်းသာတဲ့လူနည်းစုရဲ့ အကျိုးစီးပွားကို မထိခိုက်နိုင်တဲ့ ပြုပြင်ရေးကိုသာ အကောင်အထည်ဖော်နိုင်တာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဆင်းရဲတဲ့ လူများစုနဲ့ ချမ်းသာတဲ့ လူနည်းစု ယှဉ်ပြိုင်ရာမှာ မျှမျှတတ ဖြစ်ဖို့ကိစ္စဟာ နိုင်ငံရေး ကျင့်စဉ်ပေါ်မှာ မူတည်ပါတယ်။ နိုင်ငံရေးမှာ သြဇာရှိဖို့အတွက် ချမ်းသာတဲ့ လူနည်းစုဟာ အရင်းအနှီး အများအပြား စိုက်ထုတ်ကြပါတယ်။ အကျိုးစီးပွားအမျိုးမျိုးကို မြှင့်တင်ဖို့ တည်ထောင်ထားတဲ့ အဖွဲ့အစည်းအမျိုးမျိုးဟာ အုပ်စုအရေးကိုသာ အဓိက ဦးစားပေးပါတယ်။ နိုင်ငံရေးသမားထဲမှာလည်း အုပ်စုအကျိုးစီးပွားကို အဓိက ထားသူတွေ များလာပါတယ်။ စီးပွားရေးသြဇာရှိတဲ့ လူနည်းစု အရေးပါအရာရောက်တဲ့ တိုင်းပြည်မှာ အများအကျိုးသယ်ပိုးဖို့ အများကြီး အခက်အခဲရှိတာကို တောင်အမေရိကနိုင်ငံတွေက သက်သေပြနေပါတယ်။

နိုင်ငံရေးမှာ စာတွေနဲ့ လက်တွေ့ ကွာခြားတာတွေ အများကြီး ရှိပါတယ်။ သဘောတရားကတော့ မဲဆန္ဒရှင် ပြည်သူလူထုဟာ ပြည်သူ့အကျိုး သယ်ပို့မယ့်လူကို ရွေးကောက်တင်မြှောက်ပြီး ပြည်သူ့အကျိုးကို သယ်ပိုးခိုင်းနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လက်တွေ့ဘဝကို ကြည့်တဲ့အခါမှာ ပြည်သူလူထုက တင်မြှောက်တဲ့ အစိုးရတက်လာလို့ ဆင်းရဲခြင်း ပျောက်ကင်းသွားမှာ မဟုတ်ပါဘူး။ NLD အစိုးရဟာ စစ်အုပ်စုနဲ့ လက်တွဲရမှာမို့ ဦးသိန်းစိန်အစိုးရ လုပ်တဲ့အတိုင်း ဆက်လုပ်ရမှာတွေ ရှိပါတယ်။ ပြောင်းလဲချိန် ရောက်ပြီဆိုတဲ့ ရွေးကောက်ပွဲဆောင်ပုဒ်ကို လက်တွဲချိန် ရောက်ပြီလို့ ပြင်ရတော့မလို ဖြစ်နေပါတယ်။

ဘရာဇီးနိုင်ငံမှာ ရွေးကောက်တင်မြှောက်တဲ့ အစိုးရတက်လာလို့ နှစ်ပေါင်း (၃၀) ကြာလာတာတောင် လူချမ်းသာတစုဟာ သြဇာအာဏာ ရှိနေဆဲ ဖြစ်ပါတယ်။ တရုတ်ကို သယံဇာတ ရောင်းစားပြီး ရပ်တည်တဲ့ နိုင်ငံဖြစ်လို့ ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမားပါတယ်။ စီးပွားရေး ကျပ်တည်းလွန်တဲ့အတွက် ဘရာဇီးရဲ့ ပထမဦးဆုံးသော အမျိုးသမီးသမ္မတ Dilma Rousseff ကို လူပေါင်း (၁) သန်းလောက် မနှစ်က ကန့်ကွက်ဆန္ဒပြကြပါတယ်။ ရွေးကောက်ပွဲနိုင်တာနဲ့ ပြည်သူ့အကျိုးသယ်ပိုးနိုင်တာဟာ လက်တွေ့ဘဝမှာ တခြားစီ ဖြစ်သွားနိုင်တာကို ဘရာဇီး က သက်သေပြနေပါတယ်။

XS
SM
MD
LG