သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ မြန်မာ့စီးပွားရေးစစ်တမ်း


သမ္မတဦးသိန်းစိန် နဲ့ အာရှဖွံ့ဖြိုးရေးဘဏ် အကြီးအကဲ Takehiko Nakao
သမ္မတဦးသိန်းစိန် နဲ့ အာရှဖွံ့ဖြိုးရေးဘဏ် အကြီးအကဲ Takehiko Nakao

အရပ်သားတပိုင်းအစိုးရရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အောင်မြင်နိုင်ဖို့အတွက် ပြုပြင်ရေးအရှိန်အဟုန် မြှင့်တင်ဖို့ လိုအပ်ကြောင်း သုံးသပ်ထားတဲ့ စာမျက်နှာ (၂၀၀) ကျော် မြန်မာ့စီးပွားရေးစစ်တမ်း Unlocking the Potential ကို ADB အာရှဖွံ့ဖြိုးရေးဘဏ်က လွန်ခဲ့တဲ့ သြဂုတ်လက ထုတ်ဝေထားပါတယ်။ ထူးခြားတာကတော့ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီး ဒေါက်တာကံဇော် ကပါ အမှာစာရေးထားတာ ဖြစ်ပါတယ်။ အာရှဖွံ့ဖြိုးရေးဘဏ် က ဝေဖန်ဆန်းစစ်ပြီး အကြံပေးတာကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။ ခွဲခြမ်းစိတ်ဖြာ ဝေဖန်သုံးသပ်မှုကို မြန်မာအစိုးရ ကြိုဆိုနိုင်တာဟာ ကောင်းမွန်တဲ့အရိပ်လက္ခဏာတခု ဖြစ်ပါတယ်။

အခြားအပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေ ထုတ်ပြန်တဲ့ မြန်မာပြည်ဆိုင်ရာ အစီရင်ခံစာတွေကိုလည်း ADB စစ်တမ်းမှာ ကိုးကားထားပါတယ်။ ဈေးကွက်စီးပွားရေးမှာ လိုအပ်တဲ့ ဥပဒေရေးဆွဲရာမှာ ရပိုင်ခွင့်နဲ့ ပြဿနာဖြေရှင်းမှုကို အထူးအာရုံစိုက်သင့်တယ်လို့ ဆိုပါတယ်။ ဖြေရှင်းရမယ့် မြေယာပြဿနာ (၇၀၀) ကျော်ရှိပြီး လယ်ယာမြေဥပဒေ ရှိပေမယ့် အဆက်အသွယ်အားကိုးပြီး အလွဲသုံးစားလုပ်နေတုန်းပဲလို့ ဆိုပါတယ်။ လယ်ယာမြေ စုံစမ်းရေးကော်မရှင်ကို ရောက်နေတဲ့ တိုင်စာ (၂၆၀၀၀) ကျော်ရှိပြီး ပြဿနာဖြေရှင်းနိုင်တဲ့ အရေအတွက် အလွန်နည်းနေတာကိုတော့ ပြည်တွင်းသတင်းစာတွေမှာ ဖော်ပြပါတယ်။

မိမိလုပ်ရပ်နဲ့ ပေါ်လစီကို တာဝန်ယူမှု၊ သိသာမြင်သာမှု၊ စည်းမျဉ်းကို ခန့်မှန်းနိုင်မှု စတာတွေဟာ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး ဖြစ်ပါတယ်။ မြန်မာအစိုးရယန္တရားမှာ အရေးတကြီး ပြုပြင်ရမှာနဲ့ လုပ်ရည်ကိုင်ရည် မြှင့်တင်ရမှာတွေ အများကြီး ရှိနေပါတယ်။ အထက်အမိန့်ကို နာခံတဲ့ စစ်အစိုးရစနစ်အောက်မှာ နေလာခဲ့တဲ့ အစိုးရဌာနတွေဟာ ညှိနှိုင်းလုပ်ကိုင်ဖို့ အခက်အခဲ ရှိနေပါတယ်။ အာဆီယံနိုင်ငံတွေမှာ ဝန်ကြီးဌာန (၂၀) ဝန်းကျင်သာ ရှိပေမဲ့ မြန်မာမှာ ဝန်ကြီးဌာန (၃၆) ခု ရှိနေတာမို့ လုပ်ငန်းမတွင်ကျယ်တာလို့ ဆိုပါတယ်။ ဒီလောက်ကြီးမားတဲ့ ဗျူရိုကရေစီယန္တရားကို စွမ်းရည်ရှိလာအောင်လုပ်ဖို့ ခက်ခဲပါတယ်။ စစ်ဗိုလ်အများအပြား ပါဝင်တဲ့ အုပ်ချုပ်ရေးဖြစ်လို့ ဌာနချင်း ပူးတွဲလုပ်ဆောင်မှု လစ်ဟင်းနေပါတယ်။ စစ်ဗိုလ်နဲ့ စစ်ဗိုလ်ဟောင်းတွေရဲ့ စွမ်းရည်မှာ အကန့်အသတ်တွေ အများကြီး ရှိပါတယ်။

ဝန်ကြီးဌာနအဆင့်မှာ ပေါ်လစီညှိနှိုင်းဆောင်ရွက်မှု အားနည်းတဲ့အတွက် ပူးတွဲဆောင်ရွက်ဖို့ ခက်ခဲပါတယ်။ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီးဌာနနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနတို့ ပူးတွဲညှိနှိုင်းပြီး ဘတ်ဂျက်ရေးဆွဲနိုင်ကြသလို ကျန်ဝန်ကြီးဌာနတွေက မလုပ်နိုင်ကြပါဘူး။ စွမ်းအင်ဝန်ကြီးဌာနနဲ့ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနဟာ သီးခြားစီမံကိန်းတွေ လုပ်နေပေမဲ့ အချင်းချင်းညှိနှိုင်းမှု မရှိပါဘူး။ ပညာရေးမှာ ပါဝင်ပတ်သက်နေတဲ့ ဝန်ကြီးဌာနတွေကလည်း (၁၂) ခု ရှိပါတယ်။ ဝန်ကြီးဌာနတွေရဲ့ ပေါ်လစီကိစ္စကို ကြီးကြပ်ညှိနှိုင်းနိုင်သူဟာ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဝန်ကြီးဌာန ဖြစ်ပေမဲ့ လုပ်ပိုင်ခွင့်မရှိဘဲ ဖြစ်နေပါတယ်။ ဗဟိုအစိုးရနဲ့ ပြည်နယ်ဒေသကြီး အစိုးရတွေအကြား ညှိနှိုင်းဆောင်ရွက်နိုင်ဖို့လည်း အရေးကြီးပါတယ်။ ဒီနေရာမှာ မရှင်းလင်းရင် အဂတိလိုက်စားမှု ကြီးထွားလာနိုင်ပါတယ်။

သဘာဝသယံဇာတ၊ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ငန်းနဲ့ ခရီးသွားလာရေးလုပ်ငန်းတွေက မြန်မာ့စီးပွားရေးကို ဦးဆောင်လိမ့်မယ်လို့ ဆိုပါတယ်။ လူဦရေ (၇၀) ရာခိုင်နှုန်းရှိတဲ့ စိုက်ပျိုးရေးကဏ္ဍ အထွက်တိုးလာရင် ဆင်းရဲမှုကျဆင်းလာပြီး စီးပွားရေး တိုးတက်ဖွံ့ဖြိုးလာနိုင်ပါတယ်။ ဒါပေမဲ့ ဆန်အထွက် အနည်းဆုံးမှာ မြန်မာက ဒုတိယလိုက်နေပါတယ်။ ဒီနေရာမှာ ဘင်္ဂလားဒေ့ရှ်နဲ့ ဗိယက်နမ်ဟာ မြန်မာ့ဖက် အများကြီးသာနေပါတယ်။ ဟိုတယ်ခနဲ့ အခြားစရိတ်စခတွေ ကြီးမြှင့်လာလို့ ခရီးသွားလုပ်ငန်းမှာ လူကြိုက်နည်းမယ့် အလားအလာကို တွေ့နေရပါတယ်။ တိုးပွားလာတဲ့ ခရီးသွားဦးရေကို ကိုင်တွယ်နိုင်ဖို့အတွက် ခေါင်းဆောင်ပိုင်းမှာ အကြံဉာဏ် အားကောင်းဖို့ လိုကြောင်း အကြံပေးထားပါတယ်။

မြန်မာနိုင်ငံဟာ ပညာရေးအစဉ်အလာ ကြီးမားပါတယ်။ မြန်မာပညာတတ်တွေကို ပြည်တွင်းပြည်ပမှာ တချိန်က ရိုသေလေးစားကြပါတယ်။ ဒါပေမဲ့ ပညာရေးနဲ့ ကျန်းမာရေးကို အနှစ် (၅၀) လျစ်လျူရှုခဲ့တာကြောင့် လူ့စွမ်းရည်တိုးတက်မှု ရပ်ဆိုင်းသွားတာဟာ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေပါတယ်။ အာရှတိုက်မှာ ပညာရေးအသုံးစရိတ် အနည်းဆုံးနိုင်ငံဟာ မြန်မာ ဖြစ်ပါတယ်။ ဗိယက်နမ်က အများဆုံးဖြစ်ပြီး၊ မလေးရှားက ဒုတိယ၊ ထိုင်းက တတိယ ဖြစ်ပါတယ်။ ဦးသိန်းစိန်အစိုးရက ပညာရေးအသုံးစရိတ်ကို တိုးမြှင့်သုံးပေမယ့် အာရှတိုက်မှာတော့ အနည်းဆုံးအဆင့် ဖြစ်နေပါတယ်။

ကောင်းမွန်တဲ့ အုပ်ချုပ်ရေးနဲ့ တိုင်းပြည်စီးပွားရေး တည်ငြိမ်ရေးကို အခြေခိုင်အောင် ရည်ရွယ်တဲ့ မဟာဗျူဟာ ရှိသင့်တယ်လို့ ဆိုပါတယ်။ လူသားရင်းမြစ်တိုးတက်ရေးနဲ့ အခြေခံအဆောက်အအုံ ကောင်းမွန်ရေးကိုလည်း တာဝန်ယူရပါလိမ့်မယ်။ နေရာတကာမှာရှိနေတဲ့ အဂတိလိုက်စားမှုကိုလည်း တိုက်ဖျက်ဖို့ လိုပါတယ်။ တိုးတက်ဖွံ့ဖြိုးရေးကိစ္စမှာ အစိုးရအနေနဲ့ မလုပ်နိုင်တာတွေကို လုပ်နိုင်အောင် ကြိုးစားဖို့လိုအပ်ပြီး နိုင်ငံခြားကျွမ်းကျင်သူများကို ခေါ်သင့်ရင်လည်း ခေါ်ရမှာဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ သြဂုတ်လထုတ် မြန်မာ့စီးပွားရေးစစ်တမ်းမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG