သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးကော်မရှင် သုံးသပ်ချက် အစီရင်ခံစာ


ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Yanghee Lee နဲ့ မြန်မာလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များ။ ရန်ကုန်
ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Yanghee Lee နဲ့ မြန်မာလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များ။ ရန်ကုန်

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ Burma Partnership နဲ့ ပတ်သက်လို့ Equality Myanmar လို့ခေါ်တဲ့ ညီမျှချင်းမြန်မာအဖွဲ့က မြန်မာ့လူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်နိုင်စွမ်းရည်ကို သုံးသပ်တဲ့ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာ့အရေး တက်ကြွဆောင်ရွက်သူ ဦးအောင်မျိုးမင်း ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုအောင်မျိုးမင်းတို့ လူ့အခွင့်အရေးအဖွဲ့တွေက မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ရပ်ကို အကြမ်းမျဉ်းလွှမ်းခြုံသုံးသပ်ရင် ဘယ်လို တိုးတက်မှုမျိုး တွေ့ရပါသလဲ။ သို့တည်းမဟုတ် မအောင်မြင်ဘဲ ရပ်တန့်နေတယ်လို့ တွေ့ရပါသလား။ အဲဒါကို စပြောပါ။

ဦးအောင်မျိုးမင်း ။ ။ အရင်တုန်းကဆိုရင် သမ္မတရဲ့အမိန့်နဲ့ ဖွဲ့စည်းပြီးတော့ သမ္မတက ရွေးချယ်ထားတဲ့သူတွေပဲ ပါဝင်ထားတဲ့ဟာမျိုးကနေ ဥပဒေတစ်ရပ် ပြဌာန်းပြီးတော့ ဒီ ဥပဒေရဲ့ လုပ်ထုံလုပ်နည်းအတိုင်း လုပ်ဆောင်မှုတွေကို ဒီ ဥပဒေမှာ ဖော်ပြထားတာက တိုးတက်လာမှုတစ်ချက်ပါ။ ဥပဒေမှာပါတဲ့ လုပ်ငန်းစဉ်အတိုင်း နောက်ထပ် ကော်မရှင်ဝင်တွေကို ရွေးဖို့အတွက် ဘယ်အချိန်လဲ ကာလသတ်မှတ်ချက် တိတိကျကျ မရှိသေးပါဘူး။ နောက်တခါ ဒီ ဥပဒေထဲမှာ တချို့သော အားနည်းချက်တွေ ရှိတယ်။ နောက် အခု ဒီလိုမျိုး လက်ရှိထမ်းဆောင်နေတဲ့ လူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်တွေထဲမှာဆိုရင် ထိရောက်တဲ့လုပ်ငန်းစဉ်ဆိုတဲ့ဟာကို ပြနိုင်ဖို့ရယ်။ လူထုအခြေပြုအဖွဲ့တွေနဲ့ ပူးပေါင်းပါဝင်မှုတွေမှာ ပူးပေါင်းရမယ်လို့ ပြောထားပေမဲ့ တကယ်တမ်း ပူးပေါင်းမှု အားနည်းနေတဲ့ အချက်တွေတော့ ကျနော်တို့ သုံးသပ်တွေ့ရှိရပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုန လွှမ်းခြုံသုံးသပ်တဲ့အထဲမှာ လူ့အခွင့်အရေးကော်မရှင်ဖက်က တကယ်အားနည်းချက်ဆိုတာထက် ဥပဒေကို အကောင်အထည် မဖော်နိုင်သေးတာ၊ ဥပဒေရဲ့ အားနည်းချက်တွေ ရှိနေတာဆိုတော့ မြန်မာနိုင်ငံ Legislature ဥပဒေပြုအဖွဲ့အစည်းနဲ့ ပိုမိုသက်ဆိုင်တယ်လို့ ထင်ပါတယ်။ လူ့အခွင့်အရေးအဖွဲ့ကိုယ်၌ အားနည်းချက်ကတော့ လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့်နေရာမှာ အားနည်းနေတဲ့အချက်လို့ ထင်ပါတယ်။ ကျနော်ပြောတာ ဟုတ်ပါသလား။

ဦးအောင်မျိုးမင်း ။ ။ ဟုတ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီလိုဆိုတော့ ဘယ်လို အားနည်းချက်တွေ ရှိနေသလဲဆိုတာကို သိပါရစေ။ ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ ဘယ်လို အချက်တွေကို ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ကိုအောင်မျိုးမင်းတို့က ထောက်ပြလိုပါသလဲ။

ဦးအောင်မျိုးမင်း ။ ။ ပထမဦးဆုံး ပြောပြချင်တဲ့အချက်ကတော့ မှတ်ပုံတင်ထားတဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတဲ့ သဘောမျိုး ဖြစ်နေပါတယ်။ အခုဆိုလို့ရှိရင် ကျနော်တို့ အသင်းအဖွဲ့များ မှတ်ပုံတင်ဆိုင်ရာ ဥပဒေကြီးလည်း ပြဌာန်းထားပါပြီ။ အဲဒီ ဥပဒေမှာဆိုရင် မှတ်ပုံမတင်လည်း၊ မတင်ခွင့်ရှိတယ်ဆိုတဲ့ အချက်မျိုးပါပါတယ်။ အဲဒီတော့ အဲဒီလိုမျိုး ဥပဒေပြဌာန်းထားပေမဲ့ လူ့အခွင့်အရေးကော်မရှင်က မှတ်ပုံတင်ထားတဲ့ အဖွဲ့များနဲ့သာ ပူးပေါင်းဆောင်ရွက်မယ်ဆိုတာက ကိုယ့်ရဲ့လုပ်ပိုင်ခွင့်ကို ကိုယ်ဘာသာ ပြန်လည်ကန့်သတ်တဲ့ သဘောမျိုး ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါကတော့ သူ့ရဲ့ လုပ်ပိုင်ခွင့်မှာ မှတ်ပုံတင်ထားတဲ့အဖွဲ့တွေနဲ့ပဲ လုပ်ဆောင်မယ်ဆိုတဲ့အချက်ပါ။ နောက်ထပ်တခုကတော့ တကယ်တမ်း လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းတယ်ဆိုတဲ့အချက်ကို ကျနော် ချပြချင်ပါတယ်။ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေကိုခေါ်တဲ့ အစည်းအဝေးမျိုးလောက်ကို အရင်ကထက်စာရင် ဒီအစည်းအဝေးတွေ၊ အခမ်းအနားတွေမှာ လာရောက်စကားပြောတာ ရှိပေမဲ့ တကယ်တမ်း အပြန်အလှန် ဆွေးနွေးနိုင်ပြီးတော့ တဖက်နဲ့တဖက် အမြင်သဘောထားကို ဖလှယ်နိုင်တဲ့ ပိုမိုအားကောင်းအောင် အကြံပေးနိုင်တဲ့ လုပ်ငန်းစဉ်တွေက အခုအချိန်အထိ အကောင်အထည်ဖော်နိုင်တာ မရှိသေးပါဘူး။ ဒါကတော့ ဒီအပိုင်းမှာ အားနည်းချက်လို့ ထောက်ပြချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ လူ့အခွင့်အရေးကော်မရှင်ရဲ့ တိုးတက်မှုအဖြစ်နဲ့ ကိုအောင်မျိုးမင်း အစောကပြောသွားတဲ့အထဲမှာ အစိုးရခန့်ကြီးပဲ မဟုတ်ဘဲနဲ့ လွတ်လပ်တဲ့ကော်မရှင် အဖွဲ့ဝင်တွေ ပါဝင်လာတယ်လို့လည်း ပြောပါတယ်။ ဒီလို ပါဝင်လာခြင်းအားဖြင့် အခုန ကိုအောင်မျိုးမင်းတို့ ဖြစ်စေချင်တဲ့ လူ့အဖွဲ့အစည်း လူမှုအသိုင်းအဝိုင်းအခြေပြု အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမယ့်အလားအလာ ပိုမကောင်းလာဘူးလား။ သို့တည်းမဟုတ် အဲဒီလို ဆွေးနွေးဖို့အတွက် အစိုးရခန့်တွေ မဟုတ်ဘဲ လွတ်လပ်တဲ့အဖွဲ့ဝင်ကြီးပဲ ဖြစ်လာဖို့ လိုအပ်နေသလား စသည်ဖြင့် အဲဒါကိုလည်း ထောက်ပြပါအုံး။

ဦးအောင်မျိုးမင်း ။ ။ ပထမဦးဆုံး ဒီဥပဒေထဲမှာ ဖော်ပြထားတာကတော့ သမ္မတကနေ တိုက်ရိုက်ခန့်အပ်တာ မဟုတ်တော့ပါဘူး။ ဒါပေမဲ့ ရွေးချယ်ရေးဘုတ်အဖွဲ့ ရှိပါတယ်။ ဒီ ရွေးချယ်ရေးဘုတ်အဖွဲ့မှာ စုစုပေါင်း (၁၀) ယောက် ပါပါတယ်။ ဒီ ဥပဒေသစ်ထဲမှာဆိုရင်။ အဲဒီ (၁၀) ယောုက်ထဲမှာ အများစုကတော့ အစိုးရဌာနနဲ့ သက်ဆိုင်တဲ့ ဝန်ကြီးဌာန နဲ့ အစိုးရဝန်ထမ်းတွေ ဖြစ်ပြီးတော့ လူထုအခြေပြုအဖွဲ့တွေ ကိုယ်စားပြုတာကတော့ (၂) ယောက်ပဲပါပါတယ်။ အဲဒီ (၂) ယောက်ကလည်း မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်း ဖြစ်ရမယ်ဆိုတော့ ရွေးချယ်ရေးဘုတ်အဖွဲ့မှာ ကိုယ်တိုင်က လူထုအခြေပြုအဖွဲ့တွေရဲ့ ပါဝင်မှု အားနည်းနေတာ တွေ့ရတယ်။ နောက်တခါ ဒီဘုတ်အဖွဲ့ကနေ တင်ပြထားတဲ့၊ အဆိုတင်သွင်းထားတဲ့ လူထဲကမှ ပြန်ပြီးတော့ သမ္မတက ပြန်လည်ရွေးချယ်မှာ ဖြစ်တဲ့အတွက် နောက်ဆုံး ရွေးချယ်မှု အာဏာကတော့ သမ္မတပဲ ဖြစ်နေတာ ရှိနေပါတယ်။ တခြားနိုင်ငံတွေမှာကတော့ အဲဒီလို ရွေးချယ်တဲ့နေရာမှာ လူထုအခြေပြုအဖွဲ့တွေက ကိုယ်တိုင်တင်ပြီးတော့ အမည်စာရင်း တင်သွင်းနိုင်တဲ့အချက်ထဲကမှ ဒီလိုမျိုး ဘုတ်အဖွဲ့က ပြန်လည်ပြီး ရွေးချယ်ပါတယ်။ ရွေးချယ်မှုကို သမ္မတက အသိအမှတ်ပြုတယ် Endorsement သဘော လုပ်ဆောင်တဲ့အရာမျိုး ဖြစ်ပါတယ်။ ဒီလိုမျိုး ရွေးချယ်မှုအပိုင်းကဏ္ဍမှာ အားနည်းနေပါတယ်။ နောက်တခုကတော့ ဒီလိုမျိုး ရွေးချယ်တင်မြှောက်တဲ့ အထဲမှာ အခုနလိုမျိုး လူထုအခြေပြုအဖွဲ့တွေနဲ့ ကျွမ်းကျင်တဲ့လူတွေ ပါလာလို့ရှိရင်တော့ ကျနော်တို့ ကောင်းပါတယ်။ ဒါမှမဟုတ် အခုနလို လက်သိပ်ထိုးပြီးတော့ ရွေးချယ်ပြီးတော့မှ သမ္မတရဲ့ သဘောနဲ့ တင်မြှောက်တဲ့လူတွေ ပါလာလို့ရှိရင်တော့ ဒီကော်မရှင်ရဲ့ လွတ်လပ်မှု၊ လုပ်ပိုင်ခွင့်၊ ထိရောက်မှုအပိုင်းမှာတော့ မေးခွန်းထုတ်စရာတွေ၊ ထောက်ပြစရာတွေ ဖြစ်လာနိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက် ပိုပြီးလက်တွေ့ကျတဲ့ အစိတ်အပိုင်းတခုကို မေးချင်တာက မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဆိုတာ ပေါ်ပေါက်လာတဲ့အတွက် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်တဲ့ကိစ္စတွေ ဘယ်လောက် လျော့နည်းသွားသလဲ။ ဥပမာ ဘယ်လို ကိစ္စမှာဖြင့် လူ့အခွင့်အရေးကော်မရှင်က ဝင်စွက်ခဲ့လို့ အဲဒီ ကော်မရှင်ကို တိုင်ကြားတာကို ဘယ်လို အရေးယူဖြေရှင်းလိုက်လို့။ ဘယ်ကိစ္စကဖြင့် သက်သာမှု ရသွားတယ်ဆိုတာမျိုး လက်ဆုတ်လက်ကိုင်ပြနိုင်ပါသလား။

ဦးအောင်မျိုးမင်း ။ ။ အဲဒီအချက်က ကျနော်တို့ ထောက်ပြတဲ့အချက်ပါ။ ကော်မရှင်အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ တိုင်ကြားမှုတွေ (၃) ထောင်ကျော်ရတယ်လို့။ (၆) ထောင်ကျော် ရတယ်လို့ သူ့ရဲ့ အစီရင်ခံစာ တွေ့ရပါတယ်။ ဒါပေမဲ့ ပြဿနာက အဲဒီအမှုတွေက ဘယ်လိုမျိုး အမှုတွေလဲ။ အဲဒါတွေကို ဘယ်လိုမျိုး ဆက်လက်လုပ်ဆောင်ပါသလဲ။ တုန့်ပြန်မှု ဘာရှိလဲ။ ဘယ်ပြဿနာ၊ အမှုကို ဖြေရှင်းနိုင်လဲဆိုတဲ့ အချက်တွေကို တိတိကျကျ မဖော်ပြထားတဲ့ သတင်းကိစ္စက ကျနော်တို့အကုန်လုံး ကြုံတွေ့ရတဲ့အရာ ဖြစ်ပါတယ်။ ကျနော်တို့ စုံစမ်းကြည့်တဲ့အခါမှာ သူတို့ရဲ့ တာဝန်အတိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုလို့ သတ်မှတ်ရင် သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ အစိုးရဌာနကို လွှဲပြောင်းပြီးတော့ လိုအပ်သလို ဆောင်ရွက်ဖို့အတွက် ပြောပေမဲ့ တကယ်တမ်း ဘယ်လောက်အထိ ဆောင်ရွက်သလဲ။ ဘယ်လောက်အထိ ထိရောက်တဲ့ အရေးယူမှု ရရှိသလဲဆိုတာကို သိပ်ပြီးတော့ မတွေ့ရဘူး။ အဲဒီတော့ လူထုက ပထမဦးဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တိုင်ကြားနိုင်တဲ့ လူ့အခွင့်အရေးကော်မရှင်ဆိုပြီးတော့ တိုင်ကြားလာနိုင်ပေမဲ့ အကောင်အထည်ဖော်နိုင်တဲ့ဟာတွေ၊ ထိရောက်တဲ့ အရေးယူမှုတွေ၊ နောက်ဆက်တွဲ အဖြစ်အပျက်တွေ မရှိတဲ့အခါမှာ တချို့လူတွေက အယုံအကြည်နည်းလာပါတယ်။ ပို့လို့ရှိရင်လည်း ဘာထူးမှာလဲဆိုတာ ဖြစ်လာတယ်။ ဘယ်လိုဖြစ်နေလဲဆိုတာ မသိရတဲ့အတွက် တင်တဲ့လူတွေမှာလည်း ဘယ်လိုအခြေအနေရောက်နေတယ်ဆိုတာ မသိရတဲ့အတွက် ကော်မရှင်ပေါ်မှာ ယုံကြည်မှုမဲ့တဲ့ကိစ္စမျိုးတွေလည်း နောက်ဆက်တွဲ ဖြစ်ပေါ်လာတာကို တွေ့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ကိုအောင်မျိုးမင်းတို့က ဒီလို လူ့အခွင့်အရေးကော်မရှင်ရဲ့ ဆောင်ရွက်ချက်ကို စမ်းစစ်သုံးသပ်ကြတဲ့နေရာမှာ သူတို့ကော်မရှင်ဝင်တွေနဲ့ တွေ့ဆုံညှိနှိုင်းမှု လုပ်ခဲ့ပါသလား။ ဒီ အစီရင်ခံစာအတွက်။

ဦးအောင်မျိုးမင်း ။ ။ ဒီ အစီရင်ခံစာ ANNI လို့ခေါ်တဲ့ Asian NGOs Network on National Human Rights Institutions က လုပ်ဆောင်တာ ဖြစ်ပါတယ်။ သူတို့ဆီ နဲ့ ကော်မရှင်တို့ကို စာအားဖြင့် မေးခွန်းတွေ မေးပြီးတော့လုပ်တာ ရှိပါတယ်။ လူချင်းတိုက်ရိုက်တွေ့တာ မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ နောက် ဒီအစီရင်ခံစာထဲမှာ မြန်မာလူ့အခွင့်အရေးကော်မရှင်က ဘာလုပ်သင့်ပါတယ်။ ဘယ်လို လုပ်ရင်ဖြင့် ကောင်းလိမ့်မယ်ဆိုတဲ့ recommendation ထောက်ခံတင်ပြချက်တွေကော ပါပါသလား။ ဘယ်ဟာတွေကို အဓိက ထောက်ခံတင်ပြထားပါသလဲ။

ဦးအောင်မျိုးမင်း ။ ။ အဓိက တင်ပြတဲ့အချက်ကတော့ ဒီလူ့အခွင့်အရေးကိစ္စကို တတ်သိနားလည်းပြီးတော့ ကိုယ့်ရဲ့လုပ်ပိုင်ခွင့်ကို ထိထိရောက်ရောက် လုပ်နိုင်မယ့် လူ့အခွင့်အရေးကော်မရှင်တွေကို ရွေးချယ်ဖို့အတွက် တိုက်တွန်းထားပါတယ်။ နောက်ထပ်တခုကတော့ ဒီဥပဒေထဲမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီးတော့ ကန့်သတ်မှုသဘောမျိုး သက်ရောက်နေတာ ရှိပါတယ်။ ဥပမာ တရားရင်ဆိုင်နေတဲ့အမှုမျိုး၊ တရားစီရင်ပေးတဲ့အမှုမျိုးဆိုရင်တော့ လူ့အခွင့်အရေးကော်မရှင်နဲ့ မဆိုင်ဘူးဆိုတဲ့သဘောမျိုး ဖြစ်ပါတယ်။ တဖက်ကကြည့်မယ်ဆိုရင် တရားရေးဆိုင်ရာ လွတ်လပ်ခွင့်ကို လွတ်လပ်ခွင့်ပေးထားတဲ့ သဘောမျိုး သက်ရောက်ပေမဲ့ တဖက်မှာ ကျနော်တို့ မြန်မာနိုင်ငံရဲ့ အနေအထားမှာက တရားရေးဆိုင်ရာမှာတင် လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ အခြေအနေမျိုးတွေ ဖြစ်ပါတယ်။ သက်သေမရှိဘဲနဲ့ အမိန့်ချမှတ်တာ။ ခိုင်လုံမှုမရှိဘဲနဲ့ အမိန့်ချမှတ်တာ။ နောက်တခါ တရားရေးမဏ္ဍိုင်ကို အလွဲသုံးပြီးတော့ တဖက်သတ် မျက်နာလိုက်ဆုံးဖြတ်တာ။ အဲဒါတွေက တရားရေးဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပါတယ်။ အဲဒီလိုမျိုး အမှုမျိုးတွေကို ကိုင်တွယ်ခွင့် မရှိဘူးဆိုတဲ့ သတ်မှတ်ချက်က တရားရေးမဏ္ဍိုင်ကို အကန့်အသတ်တွေ ဖြစ်နေတယ်။ နောက်တခါ တချို့နေရာတွေမှာ သွားရောက်စုံစမ်းမှုအတွက် အခက်အခဲ၊ ကန့်သတ်မှုတွေ ရှိလာတယ်။ ဥပမာ ချင်းတောင်ကို သွားမယ်ဆိုရင် ကြိုတင်ပြီးမှ အသိပေးသွားရတဲ့အခါမှာ အမှန်တကယ် သတင်းတွေ မရနိုင်တာတွေ ဖြစ်လာတယ်။ တချို့အစိုးရပိုင်း ထိပ်တန်းလျှို့ဝှက်ချက်လို့ သတ်မှတ်ရင် မေးမြန်းခွင့်မရှိဘူးဆိုတဲ့ ကန့်သတ်ချက်တွေ ရှိလာတယ်။ အဲဒီလို ကန့်သတ်ချက်တွေကို အားလုံးရုတ်သိမ်းပြီးတော့ လူ့အခွင့်အရေးကော်မရှင် ထိရောက်တဲ့ စုံစမ်းဖို့ ဖြစ်လာဖို့အတွက် အကန့်အသတ်တွေအားလုံးကို ဖယ်ပေးဖို့ ကျနော်တို့ တောင်းဆိုပါတယ်။ အခု ကျနော်တို့ တောင်းဆိုတဲ့အချက်ကတော့ ဒီလိုမျိုး တင်သွင်းထားတဲ့ အချက်တွေကို ပြည်သူလွှတ်တော်အပါအဝင်၊ လွှတ်တော်တွေကအစ အသိပေးဖို့။ သူတို့ကို ပုံမှန်တင်ပြဖို့။ နောက်တခါ လူထုအခြေပြုအဖွဲ့တွေကိုလည်း ပုံမှန်နဲ့ အဓိပ္ပါယ်ရှိရှိနဲ့ တွေ့ဆုံမှုတွေ။ ဒီဟာနဲ့ ပတ်သက်ပြီး လုပ်ဆောင်မှုတွေကို ဝိုင်းဝန်ပြီးတော့ ဆွေးနွေးတဲ့အရာမျိုး။ ဒီထက်ပိုမိုပြီးတော့ အဓိပ္ပါယ်ပြည့်စုံတဲ့ တွေ့ဆုံတိုင်ပင်မှုမျိုး လုပ်ဆောင်ပေးဖို့ တိုက်တွန်းထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီ အစီရင်ခံစာဟာ ဒုတိယအကြိမ်မြောက်လုပ်တဲ့ အစီရင်ခံစာလို့ သိရပါတယ်။ ပထမ အစီရင်ခံစာတုန်းက အဲဒီလို အလားတူ ထောက်ခံတင်ပြခဲ့တဲ့ recommendation တွေကို လူ့အခွင့်အရေးကော်မရှင် (မြန်မာနိုင်ငံ) အနေနဲ့ လိုက်နာပြုပြင်တာတွေ ရှိပါသလား။

ဦးအောင်မျိုးမင်း ။ ။ သူ့ရဲ့ လုပ်ဆောင်ခွင့်တချို့ တိုးတက်လာတော့ ရှိပါတယ်။ ဥပမာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ပညာပေးတဲ့အနေနဲ့ လူ့အခွင့်အရေးကြေညာစာတမ်းကို ဘာသာပြန် လုပ်ဆောင်တာ။ နောက်တခါမှာ မြန်မာနိုင်ငံက လက်မှတ်ထိုးသင့်တယ်ဆိုတဲ့ နိုင်ငံတကာစာချုပ်တွေကို လေ့လာတာတွေ သူတို့ လုပ်ဆောင်တာ ရှိပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ကော်မရှင်အတွင်းမှာ လုပ်ဆောင်မှုဖြစ်ပြီး။ တကယ်တမ်း တိကျမှန်ကန်ပြီး အချက်အလက်ပြည့်စုံတဲ့ သတင်းတွေကို လူထုအခြေပြုအဖွဲ့တွေကြား။ ဒါမှမဟုတ် … နည်းစနစ်ပုံစံကတော့ အများကြီး မလည်ပတ်သေးပါဘူး။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးချင်တဲ့ မေးခွန်းကတော့ ကိုအောင်မျိုးမင်းတို့အနေနဲ့ မြန်မာနိုင်ငံထဲကို ပြန်သွားပြီးတော့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်အောင် ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ ဆိုတော့ ကိုအောင်မျိုးမင်းတို့အဖွဲ့အစည်းရဲ့ ဆောင်ရွက်မှုကြောင့် မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေ ဘယ်လောက်တိုးတက်လာသလဲဆိုတာလဲ ပြန်စမ်းစစ်ပါအုံး။

ဦးအောင်မျိုးမင်း ။ ။ ကျနော်တို့ အဓိကတော့ လူထုအခြေပြုတဲ့ ဒေသရပ်ရွာတွေဆီသွားပြီး လူ့အခွင့်အရေးပညာပေးတွေ လုပ်ပါတယ်။ အဲဒီနေရာမျိုးမှာတော့ ပြည်သူလူထုလည်း လူ့အခွင့်အရေးအကြောင်း စိတ်ဝင်စားတဲ့အတွက် ဒါတွေ လေ့လာတဲ့အပိုင်းတွေ များလာတာကို တွေ့ရပါတယ်။ နောက်တခုကတော့ ကိုယ့်ရေးရာတွေနဲ့ ပတ်သက်လို့ စုပေါင်းလုပ်ဆောင်နိုင်ဖို့အတွက် ဖိုရမ် (forum) တွေ၊ တွေ့ဆုံပွဲတွေ။ နောက်တခါ အစိုးရကို ကိုယ့်ရဲ့လိုလားချက်တွေ တောင်းဆိုတဲ့ အစီအစဉ်ထိတော့ လုပ်ဆောင်နိုင်ပါတယ်။ လူထုဖက်ကတော့ တော်တော်လုပ်နိုင်တယ်လို့ ပြောနိုင်ပေမဲ့ အစိုးရရဲ့ လိုက်လျောမှုအပိုင်းကတော့ သိပ်အားမလိုအားမရ ဖြစ်နေတုန်းပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ တင်ပြတဲ့အချက်တွေကို လက်ခံပြီး ထိရောက်တဲ့ အကောင်အထည်ဖော်မှုတွေ အားနည်းနေတုန်းပဲ။ တဖက်က ကျနော်တို့ကို ခွင့်ပြုထားပေမဲ့ ကျနော်တို့ တကယ် လိုလားတဲ့ ပြုပြင်ပြောင်းလဲမှုကို လုပ်တဲ့နေရာမှာတော့ အစိုးရက နောက်တွန့်နေတဲ့အရာတွေ ရှိနေတဲ့အတွက် အဲဒီအပိုင်းမှာတော့ အားနည်းနေသေးတယ်။ ဆက်လက်လုပ်ဆောင်ဖို့ အများကြီး လိုအပ်နေပါသေးတယ်။

XS
SM
MD
LG