သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်အတွင်းက ကမန်လူမျိုးစု


A Myanmar policeman and soldier provide security
A Myanmar policeman and soldier provide security
ဒီတပတ် မြန်မာအရေး မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ကမန်တွေဟာ အနည်းဆုံး ရခိုင်ပြည်၊ မြောက်ဦးခေတ်ကတည်းက ရခိုင်လူမျိုးတွေနှင့်အတူ နေထိုင်လာခဲ့ကြဆိုတာ သမိုင်းအထောက်အထားတွေ ရှိပါတယ်။ ဒီလို ရာစုနှစ်နှင့်ချီ ယှဉ်တွဲနေထိုင်လာကြတဲ့ လူတွေကြား အကြမ်းဖက်မှုတွေ ဖြစ်ပေါ်နေကြတာကို ဘယ်လို တားဆီးသင့်ပါသလဲ။ ရခိုင်ပြည် အလယ်ပိုင်းက ကမန်အမျိုးသားတစ်ဦး နှင့် ဦးကျော်ဇံသာက ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးမောင်မောင်တင်။ ။ဘယ်လိုဖြစ်လဲဆိုတော့ဗျာ။ မနေ့ညကပင် ကျနော်က ရင်တမမနှင့် သူတို့ဝင်လာမယ်၊ ဝင်လာမယ်ဆိုတာကို စိုးရိမ်ကြောင့်ကြပြီးတော့ တညလုံး ကျနော် အိပ်မရဘူး။ နောက်ပြီး ကျနော်တို့ ရွာထဲမှာရှိတဲ့ ကလေးတွေ၊ အမျိုးသမီးတွေ၊ အဘွားကြီးတွေ၊ အဘိုးကြီးတွေ အားလုံး အိမ်တွေထဲမှာ သူတို့လာမယ်၊ လာမယ်၊ ဝင်မယ်၊ ဝင်စီးမယ် အကြမ်းဖက်မယ်ဆိုတာကိုပဲ ရင်တမမနှင့် ကျနော်တို့ စောင့်ရင်း စောင့်ရင်း ကျနော်တို့ အိပ်ပျော်သွားခဲ့တယ် ခဏလေးပေါ့လေ။ မနက်မိုးလင်းလောက်မှ နည်းနည်းလေး အိပ်ပျော်သွားခဲ့တယ်။ မနက် (၇) နာရီကျော်လောက်၊ (၇) နာရီ (၅) မိနစ်နှင့် (၁၀) မိနစ်ကြားလောက်မှာ အသံတစ်ခုကြားတာက ဝင်လာပြီးဆိုတဲ့ အသံကြားလိုက်တယ်။ အဲဒီတော့ ဘာဝင်လာသလဲ ကျနော်တို့ ကျောက်ထရံက လမ်းကြောင်းပေါ်သွားကြည့်တော့ လူအုပ်စုက အများကြီး သူတို့ရခိုင်လူမျိုးတွေပေါ့။ အဲဒီ အုပ်စုက ဘယ်ကလာသလဲဆိုတော့ ကျနော်တို့ ကျောက်နီမော်။ ကျောက်ထရံရဲ့ အစွန်းအဖျားဖက်မှာရှိတဲ့ ကျေးလက်တောရွာတွေဖြစ်တဲ့ ရမ်းဗြဲနယ်တိုင်းနယ် လို့ ခေါ်တာပေါ့ အဲဒီတိုင်းနယ်က ကျေးရွာသေးသေးက လူတွေ ရခိုင်လူမျိုးတွေပေါ့။ (၂၁) ရွာက လူတွေလို့လည်း ထင်ရတယ်။ ဒါပေမဲ့ နှစ်ဆယ့်တစ်ရွာက လူတွေကို စည်းရုံးပြီး ခေါ်လာတယ်ဆိုတာကတော့ ဒါကတော့ သေချာပေါက် ဖြစ်မယ်လို့ ကျနော် အောက်မေ့ရတယ်။ လူအုပ်ကြီးက အများကြီးပဲ။

ဦးကျော်ဇံသာ။ ။ ဘယ်သူက စည်းရုံးပြီးတော့ ခေါ်လာတာလဲ။

ဦးမောင်မောင်တင်။ ။ သူတို့စည်းရုံးပြီးတော့ ခေါ်လာတဲ့ လူတွေထဲမှာတော့ ခေါင်းဆောင်တွေကတော့ သူတို့ ဒီအကြမ်းဖက်၊ အကြမ်းနည်းနှင့် တိုက်ခိုက်မယ်ဆိုတဲ့ ခေါင်းဆောင်တွေကတော့ ရှိမှာပေါ့ဗျာ။ အဲဒီခေါင်းဆောင်တွေကတော့ ကျနော် မပြောချင်ပါဘူး။ ပြောရင်လည်း တဖက်သတ် ကျနော် ရန်မှုခံပြီး ရန်သူအဖြစ်နဲ့ ရန်မှုခံရမှာကိုလည်း စိုးရိမ်ရတယ်။

ဦးကျော်ဇံသာ။ ။ ဦးမောင်မောင်တင် ကျနော် တခု သိချင်တာက ကျနော်လည်း ရခိုင်ပါဗျာ။ ဒါပေမယ့် ကျနော်တို့ ငယ်ငယ်တုန်းကတော့ ကျနော့်အဖေ ရမ်းဗြဲတို့ ဘာတို့မှာ ကျောင်းဆရာ လုပ်ခဲ့တယ်။ အဲဒီက ဆရာကြီးဦးဖိုးရင်ဆိုတာ ကမန်လူမျိုးပဲ။ ဆွေမျိုးလိုပဲ။ ကျနော်တို့ မြောက်ဦးမှာ လာနေတယ်။ အခုဘယ်လိုကြောင့် ကမန်တွေနှင့် ရခိုင်တွေ ရန်ဖြစ်ရသလဲ။ ဘယ်လိုကြောင့်။ အရင်က ချစ်ချစ်ခင်ခင် နေလာတာပဲ။

ဦးမောင်မောင်တင်။ ။ ဟုတ်တယ်ဗျာ။ ကျနော်တို့လည်း အဲဒါ စဉ်းစားရခက်တယ်။ ကျနော်တို့ အေးအတူပူအမျှ၊ ဥမကွဲသိုက်မပျက်၊ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ကူးလူးဆက်ဆံမှုတွေ၊ ရောင်းဝယ်ဖောက်ကားမှုတွေရော၊ ဒီလူမျိုးတွေနှင့် ကျနော်တို့ ဗုဒ္ဓဘာသာလူမျိုးတွေနှင့် ရခိုင်လူမျိုးတွေနှင့် ကျနော်တို့ အစ္စလာမ်ဘာသာကို ကိုးကွယ်တဲ့ ရခိုင်မျိုးနွှယ်စုနှင့် ကမန်တိုင်းရင်းသားတွေနှင့် ညီလိုအကိုလို နေလာလူတွေပါ။ အခုမှ သူတို့က ဘာကြောင့် ကျနော်တို့အပေါ်မှာ ဒီလို ရန်သူမျိုးလို ထင်လာရတယ်ဆိုတာကို ကျနော်တို့က နားမလည်နိုင်တဲ့အဆင့်ထိ သံသယ ဖြစ်ရပါတယ်။

ဦးကျော်ဇံသာ။ ။ ကျနော်က အဓိက အဲဒါကို ဖော်ထုတ်ချင်တာ။ ဘာဖြစ်လို့ ရန်မူသွားကြတာလဲ။ ကျနော်တို့နောက် ကျနော်တို့ ကျောင်းမှာနေလာတဲ့ အခါမှာလည်း ကျနော်တို့ ကျောင်းအတူတူသွားကြတယ်။ ကျနော်တို့ တက္ကသိုလ်ရောက်သွားတော့လည်း ခင်ဗျာတို့ဆီကဘဲ အဲဒီ ကျောက်နီမော်က လူတွေ ရခိုင်အသင်းမှာ အတွင်းရေးမှုး တက္ကသိုလ်မှာ လုပ်ကြတယ်။ ချစ်ချစ်ခင်ခင်ပဲ။ အခု ဘာကြောင့်ဖြစ်သလဲ။ ကျနော်အဓိက အဲဒါကို ဖော်ထုတ်ချင်တယ်။

ဦးမောင်မောင်တင်။ ။ အဲဒါ သူတို့က အကြောင်းကြားတာကတော့ ဒီမေလ၂၈ နေ့က ဖြစ်ခဲ့တဲ့ မသီတာထွေးကိစ္စနှင့် ပတ်သက်ပြီးတော့ ဒါတွေကိုတော့ သူတို့က အကြောင်းခံပြီးတော့ ပြောနေတာပေါ့။

ဦးကျော်ဇံသာ။ ။ ဒါက ရာဇဝတ်မှုပဲ။ ဘာသာရေးနှင့် ဘာမှ မဆိုင်ပါဘူး။ အဲဒါကတော့ ရာဇဝတ်မှုကို အဲဒီ ဘယ်သူ၊ ဘယ်ဘာသာ၊ ဘယ်ဘာသာ ဆိုတာ ထည့်ပြောစရာကို မလိုတဲ့ကိစ္စပါ။

ဦးမောင်မောင်တင်။ ။ ကျနော် ထင်သလောက်ဆိုရင်တော့ ဒီနေရာမှာ ပါတီတွေရဲ့ ဂယက်တွေလည်း အများကြီးပါမယ်လို့ ကျနော်ထင်ပါတယ်။ အဲဒီ အဖွဲ့အစည်းက ဒီ လှုပ်ရှားနေတဲ့ လူတွေမရှိရင်လည်း ဒီလို ရာဇဝတ်မှုတစ်ခု ဒီလောက် ရခိုင်ပြည်နယ်ကြီး တစ်ခုလုံး ပြာကျဆင်းရဲသွားလောက်အောင် အသည်းအသန်နှင့် တကယ့်နောက်ကွယ်က ကန့်လန့်ကာနောက်ကွယ်ကလူ အကြီးအကဲတွေ မရှိဘဲနှင့် ဒါတွေတော့ ဖြစ်နိုင်မယ်လို့ ကျနော်မထင်ပါဘူး။

ဦးကျော်ဇံသာ။ ။ ကျနော်လည်း အဲဒါစဉ်းစားမိတာ။ အဲဒီတော့ ဦးမောင်မောင်တင် ကျနော် တခုမေးချင်တာက ကျောက်နီမော် မဲဆန္ဒနယ် ရှိသလား။

ဦးမောင်မောင်တင်။ ။ ရှိပါတယ်။

ဦးကျော်ဇံသာ။ ။ အဲဒီ ကျောက်နီမော် မဲဆန္ဒနယ်က လွှတ်တော်အမတ်တွေက ဘယ်သူတွေလဲ။

ဦးမောင်မောင်တင်။ ။ ကျောက်နီမော် မဲဆန္ဒနယ်က ပြည်ခိုင်ရုံးပါတီကတော့ ကျနော်တို့ ကျောက်နီမော် မဲဆန္ဒနယ်က ဒီလိုပါ ရမ်းဗြဲမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်ပါ။ အမှတ် (၂) မဲဆန္ဒနယ်မှာတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်တိုင်းဒေသကြီးအတွက် လွှတ်တော်ကိုယ်စားလှယ်က အခု လက်ရှိ လမ်းပန်းဆက်သွယ်ရေးမှာ ဝန်ကြီးဖြစ်နေတဲ့ ဗိုလ်မှုးကြီးဦးကျော်ခင်၊ ရခိုင်တိုးတက်ရေးပါတီမှာကြတော့ ရခိုင်တိုးတက်ရေးပါတီရဲ့ ပုဂ္ဂိုလ်အမတ်လောင်းကြတော့ ကျနော် မမှတ်မိဘူး။ နောက်တစ်ယောက် ကျနော်တို့ အစ္စလာမ်ဘာသာ ကမန်အမျိုးသားတိုးတက်ရေးပါတီမှာကြတော့ ဦးထွန်းမြင့် ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ပြည်နယ်လွှတ်တော်အတွက် ကမန်ကိုယ်စားလှယ်လည်း ပါတယ်။ သူတို့တွေကကော ပါတီအချင်းချင်း လွှတ်တော်မှာ ပါတီအချင်းချင်း လက်တွဲလုပ်နေကြလား။ သူတို့အချင်းချင်း ညှိနှိုင်းဖြေရှင်းဖို့ ထိန်းသိမ်းဖို့ ကြိုးစားတာကော မရှိဘူးလား။

ဦးမောင်မောင်တင် ။ ။ အဲဒါတော့ အာဏာရပါတီကတော့ လောလောဆယ် ပြည်ထောင်စုကြံ့ခိုင်ရေး ဖွံ့ဖြိုးရေးပါတီနှင့်၊ ဒုတိယပါတီကတော့ ကျနော်တို့ ရခိုင်တိုးတက်ရေးပါတီ၊ တတိယ လုံးဝ မဲအပြည့်ရတာကတော့ ကမန်အမျိုးသားတိုးတက်ရေးပါတီ ဖြစ်တယ်။ ဒီနေရာမှာ နောင် election တွေမှာ ရခိုင်မျိုးချစ်စိတ်ဓါတ်တွေကို မွေးမြူးပြီးတော့ ရခိုင်ပြည်နယ်မှာ ဘယ်ပါတီကိုမှ အလိုမရှိလောက်အောင် ဒီဟာ နည်းတစ်မျိုးမျိုးနှင့် သူတို့တွေရဲ့ စိတ်ဓာတ်တွေကို အမျိုးသား၊ အမျိုးသမီးအာလုံးကို တက်တက်ကြွကြွနှင့် ရခိုင်တိုးတက်ရေးပါတီသော်လည်းကောင်း၊ ရခိုင်ဒီမိုကရက်တစ်ပါတီသော်လည်းကောင်း၊ နှစ်ခုစလုံးကို ပူးပေါင်းပြီးတော့ ဘယ်ကြံ့ခိုင်ရေးပါတီကိုပဲဖြစ်ဖြစ်၊ အမျိုးဒီမိုကရေစီပါတီဝင်ပဲဖြစ်ဖြစ် ဘယ်သူကိုမှ မပေးစေချင်တဲ့ သဘောမျိုးများ ရှိကောင်းရှိမလားဆိုတာကိုလည်း ကျနော်တို့ တွေးတောမိပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် တခုထင်တာကတော့ ကမန်ဆိုတာကတော့ ရခိုင်ပြည်မှာ ကမန်ဆိုတဲ့နာမည် ကိုယ်နှိုက်ကလည်း ဂုဏ်ယူစရာကောင်းတဲ့ နာမည်ပါ။ လေးပစ်တဲ့ လေးသည်တော်တွေ၊ ရခိုင်ဘုရင်တပ်မှာ အမှုထမ်းခဲ့တဲ့ စစ်သည်တော်ကောင်းတွေဆိုတဲ့ နာမည် တလေးတစား ခေါ်ဝေါ်ခံယူတဲ့ နာမည်ဖြစ်ပါတယ်။ နောက် ကမန်လူမျိုးတွေမှာ ဘာသာရေးကလွဲရင် ဘာသာစကားလည်း ရခိုင်စကားပဲ ပြောကြတာပဲ။ ရခိုင်လိုပဲ ဝတ်နေကြတာပဲမို့လား။

ဦးမောင်မောင်တင် ။ ။ ဟုတ်ကဲ့ပါ။ ဟုတ်ပါတယ်။

ဦးကျော်ဇံသာ။ ။ ဆိုတော့ အဲဒီဟာမှာ အခုအခါမှာ တချို့က ရခိုင်တချို့ကို ကျနော် လေ့လာမိတာတော့ သူတို့ ရိုဟင်ဂျာဆိုတာကိုတော့ သူတို့ သိပ်ပြီးမနှစ်သက်ကြဘူး။ ရိုဟင်ဂျာဆိုတာ အသစ်ဖန်တီးပြီးတော့ ဝင်လာတယ်။ ဘာညာဆိုပြီးတော့ ပြောကြတာရှိတယ်။ သူတို့ဖက်က။ ကမန်တွေက ရိုဟင်ဂျာ ဖြစ်သွားပြီးလား။ တချို့က ကမန်ကိုလည်းပဲ ရိုဟင်ဂျာ စာရင်းထဲမှာ ထည့်ပြီးတော့ ပြနေကြတာ တွေ့ပါတယ်။ ကမန်တွေဟာ ရိုဟင်ဂျာဆိုတဲ့ သဘောကို ခံယူနေချင်ကြတဲ့ သဘောများရှိနေသလား။

ဦးမောင်မောင်တင် ။ ။ အဲဒါတော့ ကျနော်တို့ ရခိုင်ပြည်တောင်းဘက်ပိုင်းမှာတော့ အထူးသဖြင့် ကျောက်ဖြူရယ်၊ ရမ်းဗြဲရယ်၊ သံတွဲရယ် ဒီနေရာမှာရှိတဲ့ လူတွေကြတော့ အခုနေ ကျနော်တို့ ရမ်းဗြဲမြို့နယ်မှာကြတော့ ပိုပြီးတော့ ကင်းရှင်းတယ်။ လူစိမ့်ဝင်မှုဆိုတာလည်း ဘင်္ဂလားဒေ့ရှ်က လူစိမ့်ဝင်မှု၊ နိုင်ငံရပ်ခြားက စိမ့်ဝင်မှု ဆိုတာ လုံးဝမရှိသလောက်ပါ။ နောက် ရိုဟင်ဂျာကိစ္စကလည်း ဒီ ရမ်းဗြဲကျွန်းတန်းမှာ ကျောက်ဖြူခရိုင်ရှိတယ်၊ ရမ်းဗြဲမြို့နယ်ရှိတယ်၊ ကျောက်နီမော်အုပ်စုရှိတယ်။ ဒီဟာထဲမှာလည်း ကျနော်တို့ ရိုဟင်ဂျာဆိုတာကိုလည်း လူတွေက ဘယ်လိုနည်းနှင့်မှ သူတို့က ရိုဟင်ဂျာကိုလည်းပဲ သူတို့က သဘောလည်း မပေါက်ဘူး။ လက်လည်းမခံတဲ့လူတွေ ဖြစ်ပါတယ်။ ကျနော်တို့ ကိုယ်တိုင်ကလည်း ဒီလိုပါ။ ဘင်္ဂလီဆိုတာကတော့ ဝေးပေါ့။ ဘင်္ဂလီဆိုတာကတော့ ဒီနေရာမှာ ကျနော်တို့ ကျောက်နီမော်ဒေသ အနေနှင့် ဆိုရင်လည်း မောင်းတော၊ ဘူးသီးတောင်ဖက်က ဒီနေရာမှာ အခြေစိုက်ပြီးတော့ နေတာတွေ မရှိသလိုပါပဲ။ အမှန်အားဖြင့် ပြောရရင် လုံးဝမရှိတဲ့ အတိုင်းအတာပါ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ တချို့ကလည်း ပြောတယ်။ အဲဒီလို ဘူးသီးတောင်၊ မောင်းတောဘက်က ဟိုဘက်က ဝင်လာတယ်လို့ ယူဆရတဲ့သူတွေကို ခရီးသွားလာခွင့်ပိတ်တယ်။ လက်ထပ်ထိမ်းမြားခွင့်တောင့်မှ ခွင့်ပြုချက် ယူရတယ်ဆိုတာတွေ လုပ်တယ်လို့ ပြောတယ်။ အဲဒီလို ဥပဒေမျိုး ဒီ ကမန်ဒေသတွေမှာကော လုပ်ခဲ့လား။ ကျောက်ဖြူတို့…

ဦးမောင်မောင်တင် ။ ။ အများကြီး လုပ်ခဲ့ပါတယ်။ အများကြီး အများကြီး လုပ်ခဲ့ပါတယ်။ ကျနော်တို့ ကိုယ်တိုင် ကိုယ်နှိုက်ကပဲ ၂၀၀၈ ခုနှစ်က ကျနော်တို့ မှတ်ပုံတင်ရှိတဲ့ ကမန်နိုင်ငံသားမှတ်ပုံတင်ရှိတဲ့ ကမန်တွေပဲ။ ၂၀၀၈ ခုနှစ်က ကျနော့်အမျိုးသမီး ဆေးကုဖို့သွားတဲ့ အချိန်တောင်မှ ကျနော်အမျိုးသမီးက အမတကဒ် ပေါ့နော်။ ပန်းရောင်သုံးခေါက်ချိုးပေါ့။ ကျနော်မှာတော့ နိုင်ငံသား စီစစ်ရေးကဒ် ရှိပါတယ်။ အဲဒီအချိန်မှာ ကျနော်တို့ ဗီဇာတွေ ဘာတွေ ယူပြီးတော့ဘဲ သွားခဲ့ရတာ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ အရင်တုန်းကတော့ အဲလို မရှိဘူးဗျာ။ ကျနော်တို့ ငယ်ငယ်တုန်းကတော့ အဲဒီ နိုင်ငံသား လက်မှတ်ကိုင်ပြီးတော့ ကျနော်တို့နှင့် လေယာဉ်ပျံ အတူတူစီးသွားတာ တက္ကသိုလ် သွားတက်ကြတာ ရှိတာပဲ။ အခုအဲလို မွစ်စလင်ဘာသာဝင် ရခိုင်ပြည်ထဲမှာဆိုရင် ကမန်ဖြစ်ဖြစ် ဘာဖြစ်ဖြစ် မသွားရဘူး။ လက်ထပ်ဖို့အတွက် ခွင့်ပြုချက်ယူရမယ်ဆိုတာ ဘယ်အချိန်မှာ စပြီးလုပ်ခဲ့တာလဲ ခင်ဗျာ။

ဦးမောင်မောင်တင် ။ ။ အဲဒါတော့ နှစ်အားဖြင့် ကျနော်တွက်ကြည့်မယ်ဆိုရင်တော့ တော်တော်ကြာပါပြီဗျာ။ ၉၆ ခုနှစ်လောက်ကတင် ကျနော်တို့ ဒီ အသည်းအသန် ဖြစ်လာတယ်လို့ပဲ ကျနော် ထင်ပါတယ်။
ဦးကျော်ဇံသာ။ ။ ဆိုတော့ အဲဒီဟာကြောင့်များ တင်းမာမှုကို ပိုမိုဖြစ်စေတယ်လို့ သဘော ဆိုနိုင်သလား။

ဦးမောင်မောင်တင် ။ ။ အဲဒါတော့ နိုင်ငံရေးဘက်မှာ ကျနော်တို့ အခု ဖြစ်နေတဲ့ကိစ္စ ဒါနှင့်ပဲ ကျနော် ပတ်သက်တယ်လို့ မထင်ပါဘူး။ ဒါတော့ နည်းတစ်မျိုးမျိုးနှင့် ဘင်္ဂလီဆိုတာကို အကြောင်းပြပြီးတော့ ရိုဟင်ဂျာဆိုတာကို အကြောင်ပြုပြီးတော့ အကြမ်းဖက်ဝါဒတစ်ခုကို မင်းမိုက်စရိုက်ပုံစံမျိုးနှင့် လူမျိုးဘာသာ ပြုန်းတီးအောင်၊ လူမျိုးတုန်းသတ်ဖြတ်နေတဲ့ ပုံစံမျိုး အကြမ်းဖက်နေတဲ့ ပုံစံမျိုးတခုလို့ ကျနော် မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တစ်ခုက ဦးမောင်မောင်တင် ခင်များတို့ဘက်မှာတော့ ကျနော် သိပ်မကြားမိဘူး။ ဒါပေမယ့် ဟိုဘက်မှာလည်း ဒီ ရသေ့တောင်တို့၊ ဘူးသီးတောင် မောင်းတောတို့မှာ၊ အဲဒီဖက်မှာတော့ ရှိတယ်။ နှစ်ဖက်လုံး လွန်ကျွံတာတွေရှိတယ်။ ဒါပေမယ့် ကျနော်က အဓိက ဒီနေ့ ဇောင်းပေးပြီးတော့ ဆွေးနွေးချင်တာ ကမန်တွေရဲ့ ပြဿနာ ဖြစ်ပါတယ်။ ဆိုတော့ ကမန်တွေဟာ ရိုဟင်ဂျာလို့လည်း သူတို့ မခံယူဘူး။ အဲဒါကိုလည်း လက်မခံဘူး။ နှစ်ပေါင်းများစွာလည်း နေလာတယ်။ ဘာသာရေးကလွဲလို့ သူတို့မှာ ရခိုင်နှင့် ကွဲပြားစရာလည်း ဘာမှရှိဘူး။ ဦးမောင်မောင်တင်တို့နှင့် နှစ်ပေါင်းများစွာ အတူတူနေလာတဲ့ ရခိုင်တွေ၊ ဗုဒ္ဓဘာသာတွေ အထဲမှာကော ဦးမောင်မောင်တင်နှင့် အရင်တုန်းက ရင်းနှီးတဲ့ မိတ်ဆွေတွေ မရှိဘူးလား။

ဦးမောင်မောင်တင် ။ ။ အများကြီးပဲ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။သူတို့ ဘာလုပ်နေကြလဲ။ သူတို့နှင့် ဦးမောင်မောင်တင်နှင့် အခု မျက်နှာချင်းဆိုင်တွေ့ပြီး ပြောနိုင်တဲ့ အနေအထား ရှိပါသလား။

ဦးမောင်မောင်တင် ။ ။ ရှိတဲ့လူတွေကလည်း အများကြီးရှိတယ်။ မရှိတဲ့ လူတွေကလည်းကတော့ နည်းနည်းလေးပါ။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ အဲဒီတော့ ရှိတဲ့လူတွေနှင့် ဆက်သွယ်ပြီးတော့ လုပ်လို့ မရနိုင်ကြဘူးလား။ ကျနော်တို့ အဖွဲ့အစည်းအတွင်းက။

ဦးမောင်မောင်တင် ။ ။ ရှိတဲ့သူတွေကိုလည်းပဲ ရခိုင်မျိုးချစ်စိတ်ဓာတ်ကို အတင်းအဓမ္မ လွန်စွာနေတဲ့သူတွေက ကျနော်တို့တွေ အစ္စလာမ် မွစ်စလင်တွေနှင့် ရင်းရင်းနှီးနှီးသူတွေတောင်မှ သူတို့တွေဟာ ရရာနေရာက ဒုက္ခပေးမယ်ဆိုလို့ အဲဒီလူတွေကိုယ်တိုင်တောင်မှ ထွက်ပြေးသွားတဲ့ လူတွေရှိတယ်။

ဦးကျော်ဇံသာ ။ ။ဦးမောင်မောင်တင်တို့ ကမန်တွေဖက်ကကော အဲဒီလို တင်းမာတဲ့ စိတ်ဓာတ်ရှိတဲ့သူတွေ ရှိသလား။ ရှိကောရှိမှာပေါ့။

ဦးမောင်မောင်တင် ။ ။ မရှိပါဘူး။ ကျနော်တို့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ အဲဒီလို ရင်းရင်းနှီးနှီးနှင့် နေလို့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီလို တင်းမာတဲ့ သဘောထားရှိသူ မရှိဘူးပေါ့။

ဦးမောင်မောင်တင် ။ ။ မရှိပါ။ လုံးဝ လုံးဝ မရှိပါ။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ကမန်လွှတ်တော်အမတ်ဆိုတဲ့ အမတ်ကကော။ သူက ဘာများ အခု ဆောင်ရွက်ပေးနိုင်သလဲ။

ဦးမောင်မောင်တင် ။ ။ အဲဒီပုဂ္ဂိုလ်ကတော့ သူကိုယ်တိုင်ပဲ သူ့မြို့နယ်တစ်ခုလုံး ပြာကျသွားပြီ။ သ့ူမြို့နယ်တစ်ခုလုံး မရှိတော့ ရန်ကုန်မှာပဲ တိမ်ရှောင်ပြီးတော့ ထွက်ပြေးသွားပြီ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ကျနော်တို့ ရှေ့ကိုမျှော်ပြီး ကြည့်ရအောင်။ ဒီလိုပဲ တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ပြီးတော့ နေသွားကြတော့မှာလား။ ဘယ်လိုလို့ ငြိမ်းချမ်းရေး ရမလဲ။ ကျနော်တို့ ငြိမ်းချမ်းရေးရအောင် ဘယ်လို ဆက်ပြီးလုပ်သင့်တယ်လို့ ထင်ပါသလဲ။ ဦးမောင်မောင်တင်တို့ဖက်က။

ဦးမောင်မောင်တင် ။ ။ ငြိမ်းချမ်းရေးရအောင်ဆိုရင်တော့ ကျနော်တို့က အတူယှဉ်တွဲ နေထိုင်ဖို့အတွက်ကတော့ အငြိုးအတေးတွေ အာဃာတတရားတွေကို ထားပြီးတော့ လူသားဝါဒ ကျင့်သုံးနိုင်ရင်တော့ တရားဥပဒေ၊ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းသာယာရေးကို အမြန်ဆုံး အကောင်ထည်ဖော်နိုင်ရင်တော့ ဒါက ကျနော်တို့ ရင်ဆိုင်နိုင်တာပဲ။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ငြိမ်းချမ်းရေး တစ်နေ့ ရလာမယ်လို့ မျှော်လင့်ပါသလား။ ပြန်လည်ပြီးတော့ ရနိုင်တယ် ထင်သလား။

ဦးမောင်မောင်တင် ။ ။ ငြိမ်းချမ်းရေးဆိုတာက နိုင်ငံတော်အစိုးရက ဥပဒေတရား စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းသာယာရေးကို အမြန်ဆုံး အကောင်ထည်ဖော်သင့်တယ်။ ဒါကတော့ ဒီလူတွေဟာ အရင်လည်း ဒီလူမျိုးတွေ၊ ဘာသာမတူတဲ့ လူမျိုးတွေ၊ ဘာသာတူတဲ့ လူမျိုးဖြစ်ဖြစ်၊ လူမျိုးဘာသာ မတူတဲ့ လူတွေက အများကြီးဘဲ ကမ္ဘာပေါ်မှာ နေနေကြတာ။
XS
SM
MD
LG