သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခေါင်းဆောင်မှု ပြဿနာ


တိုင်းပြည်တိုးတက်ဖွံ့ဖြိုးမှုနဲ့ ခေါင်းဆောင်မှု ဆက်စပ်နေပုံကို ပညာရှင်အများက ရေးသားကြပါတယ်။ ခေါင်းဆောင်ကောင်းတဲ့အခါ တိုးတက်ဖွံ့ဖြိုးပြီး မကောင်းတဲ့အခါမှာ ဆုတ်ယုတ်ပျက်စီးပုံကို လေ့လာသုံးသပ်ကြပါတယ်။ ဒါပေမဲ့ တော်လှန်ရေး အောင်မြင်အောင် လုပ်နိုင်တဲ့ ခေါင်းဆောင်နဲ့ တိုးတက်ဖွံ့ဖြိုး တိုးတက်အောင်လုပ်တဲ့ ခေါင်းဆောင်ကွဲပြာုးခြားနား ပြန်ပါတယ်။ တရုတ်ပြည်မှာ မော်စီတုန်း က တော်လှန်ရေးကို ဦးဆောင်ပြီး ဒန်ရှောင်ပင် က တည်ဆောက်ရေးကို ဦးဆောင်တယ်လို့ မြင်ကြပါတယ်။ အာဏာရှင် ဓလေ့ကျန်ရှိနေတဲ့ အရှေ့တိုင်းမှာ ခေါင်းဆောင်မှု နဲ့ ဖွံ့ဖြိုးတိုးတက်မှု ဆက်စပ်ပုံဟာ ပိုပြီးသိသာပါတယ်။

မြန်မာနိုင်ငံဟာ ခေါင်းဆောင်ကောင်း ရခဲ့တဲ့ တိုင်းပြည် ဖြစ်ပါတယ်။ အမျိုးသားခေါင်းဆောင် ဖြစ်လာတဲ့ ဦးအောင်ဆန်းဟာ လွတ်လပ်ရေးမရမီ လုပ်ကြံသတ်ဖြတ် ခံရပါတယ်။ လွတ်လပ်ရေးရပြီး ဦးနု ခေါင်းဆောင်တဲ့ ပါလီမန်အစိုးရ ဆယ်နှစ်ကျော် အုပ်ချုပ်စဉ်မှာ စွမ်းရည်ရှိသူတွေ ခေတ္တပေါ်ထွက်လာပေမယ့် တိမ်မြုပ်သွားတာက (၁၉၈၈) လူထုအုံကြွမှု ဖြစ်တဲ့အထိပါ။ ဦးနုခေတ် (၁၉၅၀-၁၉၆၂) ရွှေရောင်လွှမ်းတဲ့ခေတ်လို့ ကွယ်လွန်သူ ပါမောက္ခ ဦးခင်မောင်ကြည် နဲ့ အပေါင်းပါ စီးပွားရေးပညာရှင်တစုက အမည်ပေးထားပါတယ်။ ဗိုလ်နေဝင်း ခေါင်းဆောင်ချိန်မှာ ရွှေရောင်ကို အမှောင်ဖုံးသွားပါတယ်။

မဆလ စစ်အစိုးရခေတ်မှာ အခွင့်ထူးခံ ဗိုလ်မှူးဗိုလ်ချုပ်တွေ ကြီးစိုးတာမို့ ပြည်သူ့ခေါင်းဆောင်တွေ ပေါ်ထွက်လာဖို့ အခွင့်အလမ်း မရှိပါဘူး။ ကျောင်းသား၊ အလုပ်သမား လှုပ်ရှားမှုတွေမှာ ခေါင်းဆောင်ထွက်ပေါ်လာပေမယ့် ဖိနှိပ်မှုကြောင့် ကွယ်ပျောက်ကုန်ပါတယ်။ မဆလ အစိုးရဒဏ် မခံနိုင်လို့ (၁၉၈၈) မှာ တပြည်လုံး အုံကြွတော့မှာ ခေါင်းဆောင်တွေ ပြန်ပေါ်လာပါတယ်။ စစ်တပ်က ဖြိုဖျက်တဲ့ ရှစ်လေးလုံး အရေးတော်ပုံဟာ အနာဂတ် ခေါင်းဆောင်တွေကို မွေးထုတ်ပေးနိုင်ပါတယ်။ ဒီအထဲမှာ ဒေါ်အောင်ဆန်းစုကြည် က အထင်ရှားဆုံး ဖြစ်ပါတယ်။ ဦးအောင်ဆန်းရဲ့ အရှိန်အဝါကြောင့် ဘာမှ မလုပ်ရသေးဘဲ လူထုခေါင်းဆောင်နဲ့ အမျိုးသားခေါင်းဆောင်အဖြစ် သတ်မှတ်ခံရသူ ဖြစ်ပါတယ်။ ဦးအောင်ဆန်းရဲ့ နိုင်ငံရေးအစဉ်အလာကို အမွေးဆက်ခံသူအဖြစ် ဒေါ်စု ကို ထောက်ခံအားပေးကြပါတယ်။

ခေါင်းဆောင်ကောင်း ငတ်နေတဲ့ ပြည်သူလူထုဟာ ရိုးသားဖြောင့်မတ်ပြီး ကိုယ်ကျိုးမရှာတဲ့ ဦးအောင်ဆန်းရဲ့ သမီးက ခေါင်းဆောင်တာကို လက်ခံကြိုဆိုကြတယ်။ (၁၉၉၀) ရွေးကောက်ပွဲမှာ ဒေါ်စု တည်ထောင်တဲ့ NLD ပါတီက ကိုယ်စားလှယ် (၄၀၀) နီးပါး အနိုင်ရရှိပြီး ဗိုလ်နေဝင်းရဲ့ မဆလ တဖြစ်လဲ တစညပါတီ က (၁၀) နေရာသာ ရရှိပါတယ်။ အခွင့်ထူးခံ စစ်ဗိုလ် နဲ့ စစ်ဗိုလ်လူထွက် ခေါင်းဆောင်တာကို ပြည်သူက လက်မခံကြောင်း ရှစ်လေးလုံး အရေးတော်ပုံမှာတကြိမ်၊ ၁၉၉၀ ရွေးကောက်ပွဲမှာတကြိမ် ပြသတာကို စစ်တပ်က လက်မခံလို့ အနောက်တိုင်းက ဒဏ်ခတ်အရေးယူတာ ဖြစ်ပါတယ်။ နိုင်ငံရေးခေါင်းဆောင်ဘဝကို အသွင်ကူးပြောင်းနိုင်တဲ့ စစ်ဗိုလ်ဟာ ဗိုလ်ချုပ်အောင်ဆန်း တဦးတည်းသာ ရှိပါတယ်။

ဗိုလ်သန်းရွှေလက်ထက်မှာ လူထုခေါင်းဆောင်တွေကို ခေါင်းမဖော်နိုင်အောင် ဖိနှိပ်ထားပြီး ဆွဲခန့်စစ်ဗိုလ်တွေကို ခေါင်းဆောင်လုပ်ခိုင်းပါတယ်။ NLD သပိတ်မှောက်တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ဗိုလ်သန်းရွှေ တည်ထောင်တဲ့ ကြံ့ဖွံ့က ကိုယ်စားလှယ် (၃၈၈) နေရာ အနိုင်ရပြီး၊ ဗိုလ်နေဝင်းရဲ့ မဆလ တဖြစ်လဲ တစညပါတီက (၁၇) နေရာသာ ရရှိပါတယ်။ အမိန့်နဲ့ တည်ထောင်တဲ့ အခွင့်ထူးခံ စစ်ဗိုလ်လူထွက်ပါတီချင်း တူပေမယ့် အာဏာလက်ရှိ ဗိုလ်သန်းရွှေ က ကွယ်လွန်သူ ဗိုလ်နေဝင်း ထက် သာသွားပါတယ်။ ဒါပေမဲ့ (၂၀၁၅) မှာ NLD နဲ့ လွတ်လပ်စွာ ယှဉ်ပြိုင်တော့ ဗိုလ်သန်းရွှေရဲ့ ကြံ့ဖွံ့ပါတီက (၄၁) ဦး၊ ဗိုလ်နေဝင်းရဲ့ တစညပါတီ က (၁) ဦးသာ လွှတ်တော်ကိုယ်စားလှယ်နေရာကို ရရှိပါတယ်။ အနစ်နာခံ ပြည်သူ့ခေါင်းဆောင်နဲ့ အာဏာရှင်ခိုင်းလို့လုပ်တဲ့ အခွင့်ထူးခံ စစ်ဗိုလ်လူထွက်တွေ ကွာခြားပုံကို ပြသလိုက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဖွဲ့အစည်းကို အဓိကမထားဘဲ ခေါင်းဆောင်ကို အားကိုးတဲ့ နိုင်ငံရေးဓလေ့ ပေါ်ထွက်လာပါတယ်။

စစ်အာဏာရှင်စနစ် လက်အောက်မှာ အနှစ် (၅၀) ကျော် နေထိုင်ခဲ့တဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ အာဏာရှင်ဓလေ့ အမြစ်တွယ်သွားပုံကို Lutheran World Federation အဖွဲ့က (၂၀၁၃) မှာ လေ့လာပါတယ်။ အရပ်သားအသင်းအဖွဲ့တွေနဲ့ ရပ်ကွက်တွေမှာ လူတဦးကသာ ဆုံးဖြတ်နေတာ များတဲ့အတွက် ကာယကံရှင်တွေကိုယ်တိုင် ဆုံးဖြတ်ချက်ချရာမှာ ပါဝင်ဆွေးနွေးဖို့ အခွင့်အလမ်း မရှိသလောက် ဖြစ်နေတယ်လို့ ဆိုပါတယ်။ ပြောရဲဆိုရဲ မရှိဘဲ ငြိမ်ခံတဲ့ဓလေ့ကြောင့် အပြန်အလှန် ဆွေးနွေးမှု အားနည်းလာပြီး သဘောမတူရင် စေ့စပ်ညှိနှိုင်းမယ့်အစား ခွဲထွက်ကြတယ်လို့ Lutheran အဖွဲ့က သုံးသပ်ပါတယ်။

နိုင်ငံရေးမှာလည်း ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံရစဉ်မှာ NLD ပါတီ ငြိမ်သွားပြီး လွတ်လာမှ ပြန်လည်လှုပ်ရှားတာကို မကြာခဏ တွေ့ရပါတယ်။ ခေါင်းဆောင်တဦးရဲ့ အရှိန်အဝါ ရှင်သန်နေတဲ့ အဖွဲ့အစည်းဟာ ဒီခေါင်းဆောင် မရှိတဲ့အခါမှာ ဆက်လက်ရှင်သန်ဖို့ အခက်အခဲ ရှိနိုင်ပါတယ်။ ဒါကြောင့် ခေါင်းဆောင်နေရာကို ဆက်ခံနိုင်မယ့် ပုဂ္ဂိုလ်တွေရှိဖို့ လိုအပ်ပါတယ်။ မော်စီတုန်းဟာ သြဇာအာဏာ အရှိန်အဝါ အလွန်ကြီးမားပေမယ့် သူမရှိတဲ့အခါမှာ ဆက်လက်ခေါင်းဆောင်နိုင်သူတွေ ရှိတဲ့အတွက် တရုတ်ကွန်မြူနစ်ပါတီ ဆက်လက်ရှင်သန်ပြီး တရုတ်ပြည် တိုးတက်ဖွံ့ဖြိုးလာတာဟာ သင်ခန်းစာ ယူစရာ ဖြစ်ပါတယ်။

XS
SM
MD
LG