သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရရဲ့ မပြောင်းနိုင်တဲ့ စရိုက်ဟောင်း


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံမှာ မီဒီယာသမားတွေကို သတင်းတပ်ဖွဲ့က ဆိုင်းမဆင့်ဗုံမဆင့် ထင်သလို ခေါ်ယူစစ်ဆေးမေးမြန်းနေတာနဲ့ ပတ်သက်ပြီး မြန်မာမီဒီယာလောက က အတော်လေး ခံပြင်းနေကြပါတယ်။ စရိုက်ဟောင်း မဖျောက်နိုင်သေးတဲ့ ထောက်လှမ်းရေးတို့ရဲ့ မလေးမစားနဲ့ ခြိမ်းခြောက် သတိပေးနေတဲ့ လုပ်ရပ်လို့ ဝေဖန်နေကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝါရင့်မီဒီယာသမားတွေဖြစ်ကြတဲ့ The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၊ ဓနမဂ္ဂဇင်းအယ်ဒီတာချုပ် ဦးကျော်ရင်မြင့်တို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ သတင်းသမားတွေကို ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လက်အောက်ခံဖြစ်တဲ့ သတင်းတပ်ဖွဲ့က ခေါ်ယူစစ်ဆေးမေးမြန်းမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ ဘာတွေသိချင်လို့ မေးသလဲ၊ မြန်းသလဲဆိုတာကို ဆရာကျော်မင်းဆွေ စပြောပါ။

ဦးကျော်မင်းဆွေ ။ ။ ကျနော့်တိုက်က အယ်ဒီတာတစ်ယောက်သွားတယ်။ သူတို့ အဓိကမေးတာက အရှုံးအမြတ်ကိစ္စ၊ ဝန်ထမ်းတွေ ဘယ်လောက်ခန့်ထားလဲ၊ လစာကိစ္စတွေရယ်။ အဲဒါတွေကို အဓိကထားမေးတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခု ကောလာဟလသတင်းတွေ အများကြီးကြားနေရတဲ့အထဲမှာ မီဒီယာလောကထဲမှာ ဝင်ပြီးတော့ ငွေကြေးတတ်နိုင်သူတချို့က ငွေမဲခဝါချဖို့အတွက် ကြိုးစားနေတယ်ဆိုတဲ့ ကောက်ချက်ဆွဲကြပါတယ်။ အဲဒီရည်ရွယ်ချက်နဲ့ လုပ်တဲ့သဘောက ပိုပြီးပေါ်လွှင်နေတယ်လို့ ပြောရမလား။

ဦးကျော်မင်းဆွေ ။ ။ ကျနော်ကတော့ အဲဒီလို အကြောင်းပြချက်က ဒီလောက်ကြီး မခိုင်လုံဘူးလို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငွေကြေးခဝါချမှုလို့ ပြောလို့ရှိရင် အဓိက တိုက်ရိုက်ပတ်သက်တာ ဘဏ်တွေကို အရင်ဦးဆုံး စစ်ရမယ်။ ဒီလိုပြောလိုက်လို့ရှိရင် ဘဏ်တွေမှာ ငွေကြေးခဝါချမှု ရှိတယ်လို့ပြောတာ မဟုတ်ဘူးလေ။ မီဒီယာလောကကို လုပ်တယ်ဆိုတာက တမျိုးဖြစ်နေတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ မီဒီယာလောကမှာ ကိုယ်ဂုဏ်သိက္ခာနဲ့ကိုယ် ရပ်တည်နေတယ့် မီဒီယာတွေလည်း ရှိတာကို။

ဦးကျော်ဇံသာ ။ ။ ဆရာက ဘဏ်တွေကို ငွေကြေးခဝါချတယ်လို့ မပြောပေမယ့် ကျနော်တို့ မီဒီယာသမားတွေ ကြားနေရတာကတော့ မြန်မာနိုင်ငံ စီးပွားရေး ဦးမော့ဖို့ လုပ်တယ်ဆိုကတည်းက တရားမဝင်ရရှိတယ့် ငွေကြေးတွေ၊ မူးယစ်ဆေးဝါးငွေတွေကို အခြေခံပြီးတော့ ဘဏ်တည်တယ်၊ ဘာလုပ်တယ်ဆိုတာတွေ အများကြီးကြားနေရတယ်။ ဆရာကျော်ရင်မြင့်ရဲ့ သဘောထားကို ပြောပါအုံး။ ဒီကိစ္စနဲ့ ပတ်သက်လို့။


ဦးကျော်ရင်မြင့် ။ ။ အဲဒါကတော့ ကျနော် မသိပါဘူး။ တကယ်လို့ အဲဒီလို ရှုထောင့်ကနေပြီးမှ လုပ်ကိုင်တယ်၊ စစ်ဆေးတယ်ဆိုလို့ရှိရင်တော့ ကောင်းပါတယ်။ ငွေမဲခဝါချတယ်သူ ဘယ်သူကိုမဆို ခေါ်ယူရမယ်၊ စစ်ဆေးရမယ်၊ ဖော်ထုတ်ရမယ်။ ဒါကတော့ ကောင်းပါတယ်။ ခြိမ်းခြောက်တဲ့သဘော မဟုတ်ရင် ကျနော်တို့က သဘောကျပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ ကျနော် စဉ်းစားတာက ငွေမဲခဝါချတယ်ဆိုတာက သတင်းစာထဲမှာ ဘယ်နှစ်သိန်း၊ ဘယ်နှစ်သန်း ချနိုင်မလဲ။ ဒီထက်ကြီးကြီးကျယ်ကျယ် ဘဏ်တွေဖွင့်ပြီးတော့ လုပ်နေတာရှိနေတယ်။ ရှင်းရှင်းပြောရင် မြန်မာနိုင်ငံ စီးပွားရေးစတင်လာတာ အဲဒါနဲ့ စတယ်ဆိုပြီးတော့ ပြောနေကြတာ အများကြီးပဲ။ အဲဒါကိုတော့ ဘာမှမပြောဘူးလား။

ဦးကျော်မင်းဆွေ ။ ။ ဦးဆန်းဆင့်ကို အရေးယူသလိုပေါ့။ (၇၂) သိန်းနဲ့ အရေးယူလိုက်တယ်။ သိန်းပေါင်းထောင်ချီတာကိုတော့ အခုထိ ဘာမှမကြားရသေးဘူး။ အဲဒီတော့ အသေးလေးက စကိုင်တဲ့မူလို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက အဲဒီအထဲမှာ ရိုးရိုးသားသား လုပ်နေတဲ့ မီဒီယာတွေလည်းရှိမယ်။ အဲဒီလိုပဲ တကယ့်ငွေကြေးတတ်နိုင်သူတွေဆီက အထောက်အပံ့ယူပြီးတော့ သူတို့ရဲ့ mouth-piece အဖြစ် လုပ်နေတဲ့ မီဒီယာတွေလည်း ရှိကောင်းရှိမှာပေါ့။ တချို့ကတော့ အရှုံးခံပြီးတော့ ရောင်းတယ်ဆိုတာတွေတောင်ရှိပါတယ်။ အဲဒီဟာတွေကိုပဲ ကွက်ပြီးတော့ မမေးတာလဲ။ ဆရာကျော်မင်းဆွေ ဆက်ပြောပါခင်များ။

ဦးကျော်မင်းဆွေ ။ ။ ကျနော်က အဲဒီလို ကွက်မေးတာတို့၊ အားလုံးမေးတာတို့ဘာတို့က တပိုင်းပေါ့။ ကျနော် ပြောချင်တာက သူတို့ ဘာပဲလုပ်လုပ် ဖြစ်စေချင်တာကတော့ ဥပဒေနဲ့အညီလုပ်ဖို့ လိုတယ်လို့ထင်တယ်။ ဥပဒေနဲ့အညီဆိုတာက လူကြီးလူကောင်းဆန်ဆန် လုပ်ဖို့လိုတယ်။ ဥပမာဆိုကြပါစို့ ဒါက ဘယ်အမိန့်၊ ဘယ်ဥပဒေပါ ညွှန်ကြားချက်အမှတ် ဘယ်လောက်အရ၊ လုပ်ထုံလုပ်နည်း ဘယ်လောက်အရ၊ ဘယ်သူက ညွှန်ကြားချက်ထုတ်တယ်၊ ဘယ်သူရဲ့ အမိန့်အရ ဘယ်လိုလုပ်တယ်ဆိုတဲ့ တရားဝင် officially အကြောင်းကြားစာ ပေးဖို့လိုလိမ့်မယ်လို့ ထင်တယ်။ အဲဒီလို အကြောင်းကြားစာ မပေးဘဲနဲ့၊ တရားဝင်မဟုတ်ဘဲနဲ့ လုပ်တာဖြစ်တဲ့အခါကြတော့ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ ဘယ်လိုပြောမလဲ - ဂုဏ်သိက္ခာနဲ့ ရပ်တည်နေတဲ့ မီဒီယာတွေကိုတော့ ဂုဏ်သိက္ခာထိခိုက်အောင် လုပ်သလို ဖြစ်သွားတယ်။ ကျနော်ပြောချင်တာက အဲဒါပါဗျ။ နောက်တခုက သတင်းလွတ်လပ်ခွင့်ကို ဂုဏ်သိက္ခာရှိရှိ ရပ်တည်နေတဲ့ သတင်းမီဒီယာတွေနဲ့ တခြားမီဒီယာတွေရဲ့ သတင်းလွတ်လပ်ခွင့်ကို သွယ်ဝိုက်ပြီး ခြိမ်းခြောက်သလို ဖြစ်နေတယ်။ အဲဒါလဲ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ အဲဒီသဘော သက်ရောက်နေပါတယ်။ ကျနော် ပြောချင်တာ အဲဒါပါ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ သတင်းတပ်ဖွဲ့က တကယ်တော့ ထောက်လှမ်းရေးပေါ့လေ။ ကျနော်လည်း တချိန်က အရင်တုန်းက မြန်မာနိုင်ငံကို သတင်းကိစ္စနဲ့ လာခဲ့တုန်းက သတင်းတပ်ဖွဲ့ရဲ့ ခေါ်ယူ အဲဒီလို စစ်ဆေးမေးမြန်း၊ ခြိမ်းခြောက်တာ ခံခဲ့ရပါတယ်။ ဆိုတော့ သတင်းတပ်ဖွဲ့ဟာ အဲဒီတုန်းကနဲ့စာရင် အခု တိုင်းပြည်ဒီမိုကရေစီ ဘာညာလုပ်နေပြီဆိုပေမယ့် သူတို့စရိုက်တွေက မပြောင်းသေးဘူးဆိုတဲ့သဘောပေါ့ ဆရာကျော်မင်းဆွေ။

ဦးကျော်မင်းဆွေ ။ ။ ဒီလိုအပြောအဆိုခံ၊ အဝေဖန်ခံတာမျိုးလည်း သူတို့ရနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ သတင်းတပ်ဖွဲ့ဆိုတာ ကျနော်တို့ နားလည်းထားတာက နိုင်ငံရေးကိစ္စရယ်၊ နိုင်ငံတော် security အမျိုးသားလုံခြုံရေးကိစ္စတွေက သတင်းတပ်ဖွဲ့ရဲ့ တာဝန်ပေါ့။ အရင်တုန်းက Notorious ထောက်လှမ်းရေးက လုပ်တာပေါ့။ ဒါပေမဲ့ ဒီဖက် သတင်းတပ်ဖွဲ့က အဲဒါလုပ်ဖို့ လိုသလားပေါ့။ နောက်တခုက ငွေကြေးကိစ္စနဲ့ ပတ်သက်တာ၊ ငွေကြေးခဝါချမှုနဲ့ ပတ်သက်တာ၊ Business နဲ့ ပတ်သက်တဲ့ကိစ္စတွေက DSI လို့ခေါ်တဲ့ စသုံးလုံး အလုပ်မဟုတ်ဘူးလား။ နောက်တခုက ဦးကျော်ဇံသာ ပြောသလိုပဲ အရင်ပုံစံဟောင်း။ ကျနော် ထင်ပါတယ် ခက်တာက ကျနော်တို့က Civil Services တို့၊ Civil Administration, Public Administration ဆိုတာတွေက သီးခြားရှိတဲ့ဟာဆိုတာ အားလုံးသိနေတာပေါ့။ ဒါပေမဲ့ အခုအချိန်အထိ (၃) နှစ်သားကျော်ကျော်ရှိတဲ့ အစိုးရက Public Services ဆိုတဲ့ နေရာတွေမှာ Civil Servants တွေ နေရာတွေမှာ ပြည်သူလူထုကို ဝန်ဆောင်မှုပေးရမယ့်ဆိုတဲ့ Concept ကို အခုအချိန်အထိ မပေးနိုင်သေးဘူးဆိုတာ ဖြစ်နေတဲ့ အခြေအနေတွေ၊ ပြဿနာတွေကိုကြည့်ရင် သိနိုင်တယ်။ ဒီမိုကရေစီ ယန္တရားမှာရှိနေတဲ့ လူတွေက အစိုးရနဲ့ ဒီမိုကရေစီယန္တရား မတူဘူးဆိုတာ အခုအချိန်အထိ မကွဲဘူးပေါ့။ အုပ်ချုပ်ရေးစနစ်ထဲမှာရှိတဲ့လူက နောင်မှာ တချိန်လုံး ပြည်သူလူထုနဲ့ ထိတွေ့ဆက်ဆံရမယ့်လူတွေ။ ပြည်သူလူထုကို ဝန်ဆောင်မှု ပေးရမယ့်လူတွေ။ ပြည်သူလူထုကို အကာအကွယ်ပေးရမယ့်လူတွေ။ အခုအချိန်အထိ ခြိမ်းခြောက်နေသလို ဖြစ်နေတာမျိုးက သိပ်တော့ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူးလို့ ထင်တယ်ဗျ။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ အစိုးရအဖွဲ့ အကြီးအကဲဖြစ်တဲ့ သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ဒီကိစ္စကို သူတို့ရုံးက ညွှန်ကြားတာ မဟုတ်ဘူးလို့ ဆိုတယ်လို့လဲ ကြားပါတယ်။

ဦးကျော်မင်းဆွေ ။ ။ အဲဒီလို သူတို့ရုံးက ညွှန်ကြားတာ မဟုတ်ဘူးဆိုရင် ပိုဆိုးသွားတာပေါ့။ ပြည်ထဲရေးက သူ့ဟာနဲ့သူ ထင်ရာစိုင်းနေတယ်ဆိုတဲ့ သဘောသက်ရောက်တာပေါ့။ သမ္မတရဲ့ ညွှန်ကြားချက်အောက်မှာ မရှိဘူးဆိုတဲ့ သဘောဖြစ်နေတာပေါ့။

ဦးကျော်ဇံသာ ။ ။ နောက်တခု ကျနော် သုံးသပ်မိတာက။ အဲဒီတော့ သူက ပြောပါတယ် ဒီကိစ္စတွေဖြစ်တာဟာ တိုင်းပြည်ရဲ့ ဒီမိုကရေစီလမ်းကြောင်းကို သွားနေတာ၊ နောက်ပြန်လှည့်တာ မဟုတ်ပါဘူး၊ ဘာညာဆိုပြီး သူကပြောတယ် ဆိုပါတယ်။ အဲဒီက သတင်းသမားတွေတော့ ပြန်မေးသလား၊ မေးသလား မသိဘူး။ ကျနော် မေးချင်တာက နောက်ပြန်လှည့်စရာမှ မရှိတာ။ အစကတည်းက ရှေ့မတိုးသေးတဲ့ သဘောပေါ့။

ဦးကျော်မင်းဆွေ ။ ။ ဒီဟာကတော့ ပြောကြတယ်ပေါ့။ ပြောကြတယ်ဆိုတာက ကျနော်ကတော့ ဘာမြင်သလဲဆိုတော့ အခုအချိန်အထိ သူတို့မှာ ရဲတပ်ဖွဲ့တွေမှာ Capacity လိုအပ်ချက်။ သူတို့မှာ ဘယ်လိုကိစ္စဆို ဘယ်လိုကိုင်တွယ်ရမယ်။ သူ့ရဲ့ Dos and Don’ts ဘယ်လိုရှိတယ်။ သူ့ရဲ့ Do ရဲ့ Function က ဘာ။ ဒီမိုကရေစီစနစ်မှာရှိတဲ့ Professional ပီသတဲ့ ရဲတပ်ဖွဲ့က ဘယ်လို ဘယ်ညာဆိုတာ မသိသေးတဲ့ သဘောလို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက သတင်းသမားတွေကိုခေါ်ယူ သတိပေးချင်တယ်ဆိုတဲ့ ကိစ္စဆိုတော့ သတင်းသမားတွေဖက်ကို ပြန်ကြည့်မယ်ဆိုရင်လဲ ၂၀၁၃ ဧပြီ လွတ်လပ်ခွင့် တော်တော်လေး ရလာပြီဆိုပြီးတော့ သတင်းမီဒီယာတွေက အများကြီး ပေါ်ထွက်လာခဲ့တယ်။ တချို့က ဖောင်းပွလာတယ်လို့ ပြောတယ်။ အဲဒီအထဲမှာ မီဒီယာသမားတွေ လိုက်နာရမယ့် ကျင့်ဝတ်ကို အလွဲသုံးစားလုပ်တယ်။ Freedom ကို အလွဲသုံးစားလုပ်တယ်ဆိုတဲ့ ဝေဖန်မှုတချို့လည်း ရှိကြပါတယ်။ ဆိုတော့ သတင်းလွတ်လပ်မှုကို ထိန်းချုပ်ဖို့ အမှန်တကယ် လိုအပ်တယ်ဆိုတဲ့ အခြေအနေ ရှိပါသလား။ ဆရာကျော်ရင်မြင့်ရဲ့ သဘောထားကို ပြောပါအုံး။

ဦးကျော်ရင်မြင့် ။ ။ ကျနော်ကတော့ ဖြစ်နိုင်တယ်လို့ မထင်ဘူး။ အခု ခေါ်ယူမေးမြန်းခံရတဲ့ သတင်းစာတွေ၊ ဂျာနယ်တွေက မြန်မာနိုင်ငံမှာ လက်စောင်းအလွန်ထက်နေတဲ့ ခပ်ရိုင်းရိုင်း၊ ခပ်ကြမ်းကြမ်း ဆရာသမားတွေ မဟုတ်သေးဘူး။ တကယ်လို့ အဲဒီလို သတိပေးချင်တယ်ဆိုရင်တော့ ခပ်ရိုင်းရိုင်း၊ ခပ်ကြမ်းကြမ်းတွေ ရှိနေတယ်လေ။ သူတို့ကို အရင်ခေါ်မှာလို့ ကျနော်ကတော့ မြင်တယ်။

ဦးကျော်ဇံသာ ။ ။ ဆရာကျော်မင်းဆွေရဲ့ သဘောထားလည်း ပြောပါခင်များ။

ဦးကျော်မင်းဆွေ ။ ။ အဲဒါကတော့ ကျနော်ကိုယ်တိုင် ပြောတာထက်စာရင် သီအိုရီတွေ ပြောထားတာရှိပါတယ်။ နိုင်ငံရေးသိပ္ပံပညာရှင်တွေ ပြောထားတာက အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ် ပြောင်းတဲ့နိုင်ငံတွေမှာ ဒီ transition ကာလမှာ ဒီလို တချို့ ဗရုတ်ဗရတ် အခြေအနေလေးတွေ၊ နားလည်းမှုလွှဲတာလေးတွေ၊ Capacity လိုအပ်ချက်တွေကြောင့် ပြဿနာလေးတွေ နေရာတိုင်းမှာ ရှိပါတယ်။ သတင်းမီဒီယာလောကမှ မဟုတ်ဘူးလေ။ ကျနော်တို့ တိုင်းပြည်မှာ နှစ်အများကြီး စနစ်တခုအောက် နေခဲ့တဲ့အခါကြတော့ Professionalism ဆိုတာကိုက နေရာတိုင်းမှာ အားနည်းနေတာ။ လွှတ်တော်၊ အစိုးရ၊ အုပ်ချုပ်ရေး၊ တပ်မတော်၊ တရားရေး၊ Civil Society, မီဒီယာ အကုန်လုံးမှာ Capacity လိုအပ်ချက်က ရှိနေတာ။ ကျနော်တို့က မီဒီယာလောကတခုတည်း လိုအပ်ချက် ရှိနေတာမဟုတ်ဘူး။ နယ်ပယ်တိုင်းမှာ ရှိနေတာ။ တဖန်တခါတခု နောက်တခုကြည့်တဲ့အခါကြတော့ ဒီအသွင်ပြောင်းကာလမှာ ထုံစံအတိုင်းပဲ ကျန်တဲ့နိုင်ငံတွေမှာလည်း ကြုံခဲ့တာပေါ့။ Resistance တွေ အများကြီး ကြုံရတတ်တယ်။ Resistance ဆိုတာ တည့်တည့်ပြောမယ်ဆိုရင်တော့ စနစ်ပြောင်းတာကို မလိုလားတဲ့ အခုအခံတွေ။ အဓိက မလိုလားတာက ကိုယ်ကျိုးစီးပွားအခြေပြုပြီး မလိုလားကြတာပေါ့။ ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်အာဏာ၊ အခွင့်အရေး၊ စည်စိမ်ဓနဥစ္စာ အစရှိသဖြင့် ဒါတွေပေါ်မှာ မူတည်ပြီးတော့ သူက Resistance တွေရှိတယ်။ အဲဒီ Resistance တွေက လွတ်လပ်ခွင့်၊ မီဒီယာ လွတ်လပ်ခွင့်ရလာလို့ရှိရင် ဒါက ပြဿနာ ရှိလာနိုင်တယ် သူတို့။ ပြဿနာရှိတဲ့အတွက် မီဒီယာလွတ်လပ်ခွင့်ဟာ နိုင်ငံသားတွေ၊ ဗမာပြည်ဟာ မီဒီယာလွတ်လပ်ခွင့်နဲ့ မထိုက်တန်ဘူးဆိုတဲ့ ပုံစံမျိုး ဖန်တီချင်တဲ့ အသွင်လက္ခဏာတွေကို တွေ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သတင်းမီဒီယာလောကမှာ ထွက်လာတဲ့၊ ဝင်လာတဲ့ သတင်းဂျာနယ်တချို့က စည်းလွတ်ဝါးလွတ် ရေးနေတာက သတင်းမီဒီယာလောကကို ပုံဖျက်ချင်တယ်လို့ ကျနော်တို့က မြင်တယ်။ ဂျာနယ်လစ်အစစ် မဟုတ်ဘဲနဲ့ အရေခြုံ သတင်းသမားတွေလို့ ကျနော်က ယူဆတယ်။ အဲဒါကလဲ သူက ဒီလို မဟုတ်တန်တရား၊ စည်းလွတ်ဝါးလွတ်၊ ကျင့်ဝတ်နဲ့မညီ ရေးနေတဲ့သူတွေကို လက်ညှိုးထိုးပြီး လွှတ်တော်မှာ Lobby လုပ်လို့ကောင်းအောင် လုပ်ထားတယ်လို့လည်း ကျနော်တို့က ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ကျနော် နောက်ဆုံးမေးချင်တာက အခုလို သတင်းတပ်ဖွဲ့က သတင်းသမားတွေကို ခေါ်ယူပြီးတော့ စစ်ဆေးတယ်၊ မေးမြန်းတယ်ဆိုတဲ့ လုပ်ရပ်ကြောင့် မြန်မာနိုင်ငံ မီဒီယာလောက ရှေ့ကိုတိုးတက်မှုကို အဟန့်အတား တစုံတရာ ဖြစ်သွားမလာ။ မီဒီယာသမားတွေအတွက် တွန့်သွားမလား။ မီဒီယာသမားတွေ နည်းနည်းရွံသွားမယ်လို့ သုံးသပ်မိပါသလား။

ဦးကျော်မင်းဆွေ ။ ။ ကျနော်အနေနဲ့ပြောရင် သူ့ဘာသာ ပုံမှန်သွားနေတဲ့ ရေစီးကြောင်းတခုကို တခုခုနဲ့ ဟန့်တားတဲ့အခါ အဲဒီ ရေစီးကြောင်းက တန့်သွားမှာ မဟုတ်ဘူးလေ။ ပိုပြီးတော့ အားကောင်းပြီး ဒီဟာအပေါ်ကို ထိုးဖောက်ဖို့အတွက်၊ အဆီးအတားကို ကျော်ဖို့အတွက် ရေစီးကြောင်းက ပိုပြီးတော့ သန်လာလိမ့်မယ်လို့ ထင်တယ်။ ရေစီးကြောင်းက ဝုန်းဆိုစီးဆင်းသွားတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒီဟာကတော့ သွားနေတဲ့ လမ်းကြောင်းကို ထိခိုက်လိမ့်မယ်လို့ မယူဆဘူး။ သို့သော် စိတ်အနောက်အယှက် ရှိကြမယ်။ ကျနော်တို့ရှိနေတဲ့ အကောင်းမြင်စိတ်လေးတွေ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က တလျှောက်လုံး စနစ်ဆိုးအောက်မှာ နေခဲ့ရတယ်ဆိုတော့ အကောင်းမြင်စိတ်နည်းတယ်။ ဒါပေမဲ့ အကောင်းမြင်စိတ်လေးတွေ အထိုက်အလျောက်ရှိပြီးတော့ Professional ပီပီသသ ရပ်တည်နေတဲ့ မီဒီယာတွေကိုလည်း အကောင်းမြင်စိတ်လျော့ပါးသွားအောင် လုပ်သလိုမျိုး ဖြစ်သွားနိုင်တယ်။ ဖြစ်သွားလို့ရှိရင် မီဒီယာတွေက အဆိုးပဲမြင်တယ်ဆိုတဲ့ စကားနဲ့ လာအုံးမယ်။ ဒါဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူးလို့တော့ ကျနော် ပြောချင်တယ်။

ဦးကျော်ဇံသာ ။ ။ ဆရာကျော်ရင်မြင့် က ဘယ်လို သဘောရပါသလဲ။

ဦးကျော်ရင်မြင့် ။ ။ ကျနော်ကတော့ အားကိုးမရှိတဲ့ လူတွေအတွက်တော့ နောက်တွန့်စေမယ်ထင်တယ်။ ဦးပုညစကားနဲ့ပြောရင် “ဘုရားလိုဏ်ခေါင်း အောင်း၍ မာန်သွေးဟောင်သောခွေးကို အရေးပျူငှာ ခွင့်မသာသ့ို” သူတို့ကတော့ ဒီလိုပဲ ဟောင်းနေကြမှာပါ။ သူတို့ကတော့ ဏဘရံ ဘေးမရှိ ဆက်လက် ချီတက်နေမယ်လို့ မြင်ပါတယ်။

XS
SM
MD
LG