သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အောင်မြင်ခဲ့တဲ့ ၂၀၁၂ ဒီမိုကရေစီ ဖော်ဆောင်ရေး


ကချင်စစ် ရပ်ရေး ဆန္ဒပြပွဲ (ဇန်နဝါရီ ၁ရက်၊ ၂၀၁၃။)
ကချင်စစ် ရပ်ရေး ဆန္ဒပြပွဲ (ဇန်နဝါရီ ၁ရက်၊ ၂၀၁၃။)

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ ၂၀၁၂ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေးဟာ မျှော်လင့်တာထက်ပိုပြီးတော့ ပေါက်မြောက်အောင်မြင်ခဲ့တယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူ ပါမောက္ခ David Steinberg က သုံးသပ်ပါတယ်။ ဒါဆိုရင် တိုက်ပွဲတွေ ဆက်ဖြစ်နေသေးတဲ့ ကချင်ပြဿနာ၊ စစ်တပ်ရဲ့ သြဇာကြီးစိုးမှု ဆက်ရှိနေသေးတဲ့ ကိစ္စတွေကိုကော သူက ဘယ်လိုများ သုံးသပ်ပါသလဲ။ ဒီအကြောင်းအရာတွေကို ပါမောက္ခ Steinberg နှင့် ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ Prof.Steinberg မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်အတွင်းမှာ သူရဲ့ဒီမိုကရေစီခရီးစဉ် ဘယ်လောက်ထိ အရှေ့ကို တိုးခဲ့တယ်လို့ ထင်ပါသလဲ။ ဒေါ်အောင်ဆန်းစုကြည်ကလည်းပဲ လူတွေမျှော်လင့်ထားကြသလို လွှတ်တော်မှာ အမတ်တစ်ယောက် ဖြစ်လာခဲ့ပါပြီ။ ဆိုတော့ မြန်မာနိုင်ငံ ဒီမိုကရေစီခရီး ဘယ်လောက်ပေါက်ခဲ့တယ် ထင်ပါသလဲ။ ပြီးခဲ့တဲ့နှစ်က။

Prof. Steinberg ။ ။ လူတွေ မျှော်လင့်မထားမိလောက်တဲ့အထိ မှတ်လောက်သားလောက် ခရီးပေါက်ခဲ့တယ်လို့ ထင်ပါတယ်။ လူတွေ စဉ်စားမိတာထက်ကို ခရီးပေါက်ခဲ့တာပါ။ ဘယ်လို အကန့်အသတ်တွေ ရှိနေသေးတဲ့ ဒီမိုကရေစီဖြစ်တယ်ဆိုတာမျိုးကနေ လွတ်မြောက်ဖို့အထိကတော့ အတော်ဝေးဝေး ခရီးဆက်ရဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အင်မတန်ကြီးမားတဲ့ တိုးတက်မှုတွေရှိခဲ့တာပါ။ ရှေ့ဆက်တိုးတက်လာမယ်လို့လဲ မျှော်လင့်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီလို တိုးတက်မှုတွေအဖြစ် ဘယ်လိုအချက်တွေကို ထောက်ပြလိုပါသလဲ။

Prof. Steinberg ။ ။ အတိုက်အခံ ရှိလာပါတယ်။NLD ဟာလွှတ်တော်ကို ရောက်လာခဲ့ပါတယ်။ ဒါတွေဟာ ကောင်းမွန်တဲ့ တိုးတက်မှုတွေပါ။ ဆင်ဆာဖြတ်တောက်မှုကို ဖျက်သိမ်းခဲ့ပါတယ်။ နိုင်ငံနှင့်အုပ်ချုပ်ရေးပိုင်းဖြစ်တဲ့ သမ္မတဦးစီးတဲ့ အစိုးရနှင့် ဥပဒေပြုရေးပိုင်းဖြစ်တဲ့ လွှတ်တော်တို့အကြား ကွဲလွဲမှုကြောင့် ပြဿနာတက်ခဲ့ရတာတွေတောင် ရှိလာခဲ့ပါတယ်။ ဒါဟာ မတူကွဲပြားမှုတွေ ရှိပိုင်ခွင့် ဗဟုဝါဒ Pluralism ရဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒီမိုကရေစီမှာ ဒါမျိုးရှိဖို့ လိုအပ်ပါတယ်။ ဆိုတော့ ကျနော်တို့ဟာ ဗဟုဝါဒရဲ့ အရိပ်လက္ခဏာတွေကို မြင်တွေ့လာရပါပြီ။ ဒါဟာ တကယ့်ကိုကောင်းတဲ့ အချက်ပါ။

ဦးကျော်ဇံသာ ။ ။ ဒါပေမယ့် အတိုက်အခံ ရှိလာပြီလို့ဆိုပေမယ့် မြန်မာနိုင်ငံရဲ့အတိုက်အခံဟာ ပီပီပြင်ပြင် မဟုတ်သေးပါဘူး။ အတိုက်အခံဆိုတာ တကယ်တော့ အစိုးရရဲ့လုပ်ဆောင်ချက်တွေကို အစိုးရရဲ့ မူဝါဒတွေကို ဝေဖန်ပြီးတော့ ကွဲလွဲတဲ့မူဝါဒကို ထောက်ပြရမယ်။ ငါတို့သာ အစိုးရဖြစ်ခဲ့ရင် ပြဿနာကို ဒီလို ရှင်းမယ်။ စသဖြင့်ပေါ့။ ဥပမာ ကချင်ပြည်နယ်ကိစ္စ ကြည့်ပါဦး။ ဆိုတော့ မြန်မာအစိုးရ လုပ်နေတာကို လူတိုင်းက လက်မခံ ကန့်ကွက်နေကြပေမယ့် အတိုက်အခံဟာ အဲဒါကို ကန့်ကွက်တယ်။ ငါတို့က ဘယ်လိုမူဝါဒမျိုးနှင့် လုပ်ချင်တယ်ဆိုတာမျိုး ပီပီပြင်ပြင် ချပြနိုင်ခြင်း မရှိသေးပါဘူး။ ဒါဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ်အရ လိုအပ်တဲ့ အတိုက်အခံ တစ်ရပ် ပေါ်ထွန်းလာပြီလို့ ပြောနိုင်ပါရဲ့လား။<

Prof. Steinberg ။ ။ ဒီနေရာမှာ ခင်ဗျာ သိထားရမှာကတော့ ဒါဟာ ဖြစ်စဉ်တစ်ရပ်ဆိုတာပါဘဲ။ ပြဿနာကို ဖြေရှင်းလိုက်လို့ ပြေလည်ပြီး ပေါ်ထွက်လာတဲ့ နောက်ဆုံးရလဒ် မဟုတ်ပါဘူး။ ဒါဟာ ပြောင်းလဲမှု ဖြစ်စဉ်ပါ။ ဟုတ်ပါတယ်။ အတိုက်အခံ အစီအစဉ်တစ်ရပ်နှင့် ပေါ်ထွက်လာရမယ်လို့ ယူဆပါတယ်။ ကိစ္စရပ် တော်တော်များများအတွက် အစီအစဉ်မျိုး ဖြစ်ပါတယ်။ ပညာရေး ညံ့ဖျင်းနေတယ်။ ပြုပြင်ရမယ်ဆိုတာမျိုး။ ကျန်းမာရေး အခြေအနေ ဆိုးဝါးတဲ့ လူနည်းစုတွေနှင့် ဆက်ဆံရေး ပိုကောင်းရမယ်ဆိုတာမျိုးလောက်နှင့် မရပါဘူး။ ပြဿနာ တစ်ခုချင်းစီအတွက် အတိအကျ အစီအစဉ်မျိုး ဖြစ်ရပါလိမ့်မယ်။ ဒီလို အစီအစဉ်မျိုးကို အခြေတင် ဆွေးနွေးကြရမှာပါ။ တိုင်းရင်းသားလူမျိုးစု ပြဿနာဟာ လွတ်လပ်ရေးရပြီးကတည်းက အစိုးရအနေနှင့် ရင်ဆိုင်ခဲ့ရတဲ့ အဓိက ပြဿနာတစ်ရပ်ပါ။ ဦးနုရဲ့ အရပ်သားအစိုးရက ဒီပြဿနာကို မဖြေရှင်းနိုင်ခဲ့ပါဘူး။ ဗိုလ်ချုပ်နေဝင်း နှင့် ဗိုလ်ချုပ်သန်းရွှေတို့ရဲ့ စစ်အစိုးရတွေက ဒီပြဿနာကို ပိုပြီးဆိုးရွားစေခဲ့ပါတယ်။ အခုအခါမှာ ကျနော်တို့ဟာ အပေါင်းလက္ခဏာရဲ့ အစပျိုးမှုကို တွေ့မြင်နေရပါပြီ။ ပြောင်းလဲမယ့် အလားအလာလည်း ရှိနေပါပြီ။ဒါပေမယ့် ရိုဟင်ဂျာပြဿနာကတော့ ဖြေရှင်းရ အခက်ဆုံး ပြဿနာအဖြစ်နှင့် ရှိနေပါလိမ့်ဦးမယ်။

ဦးကျော်ဇံသာ ။ ။ နောက်တစ်ခုက ပါမောက္ခ ဒီ စစ်တပ်သြဇာလွှမ်းမိုးမှု ဆက်လက်ရှိနေတယ်ဆိုတာကို လုံးဝမထောက်ပြခဲ့ပါဘူး။ တကယ်တော့ မြန်မာနိုင်ငံမှာ စစ်တပ်သြဇာလွှမ်းမိုးနေတယ်ဆိုတဲ့ အချက်ဟာ သိပ်ကိုပေါ်လွင်နေပါတယ်။အဓိကအားဖြင့် ကြည့်မယ်ဆိုလို့ရှိရင် သမ္မတကိုယ်တိုင်ကလည်း ဒီကိစ္စကို ငြိမ်းချမ်းစွာ ဘယ်လိုဖြေရှင်းမယ်ဆိုတာ သူ့အစိုးရအဖွဲ့ဝင်တွေကတဆင့်ကော သူကိုယ်တိုင်ကော ပြောနေပါတယ်။ ဒါပေမယ့် ဒါကို မဖြေရှင်းနိုင်တာဟာ စစ်တပ်က သြဇာလွှမ်းမိုးနေလို့တာ ဖြစ်တယ်ဆိုတာကို လူတိုင်းက ပြောဆိုထောက်ပြနေကြတာပါ။

Prof. Steinberg ။ ။ စစ်တပ်လွှမ်းမိုးမှု ဆက်ရှိနေဦးမှာတော့ သေချာပါတယ်။ အနောက်နိုင်ငံတွေမှာလို အရပ်သားတွေရဲ့ လက်အောက်မှာရှိတဲ့ အရပ်သားအမိန့်အာဏာကို နာခံတဲ့ စစ်တပ်ဆိုတာ မြန်မာနိုင်ငံ လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်ကတည်းက မရှိခဲ့ပါဘူး။ အခုလည်း ဖွဲ့စည်းပုံဥပဒေအသစ်မှာ စစ်တပ်ရဲ့ အခန်းကဏ္ဍကို သူတို့ဟာသူတို့ပဲ ဖွဲ့ဆိုရေးသားထားတာပါ။ ဒါပေမယ့် ဒီအချက်ဟာလည်းဘဲ အချိန်ရလာတာနှင့်အမျှ ချုပ်ငြိမ်းသွားရမှာပါ။ အခုအခါမှာတော့ လူတွေက စစ်တပ်လွှမ်းမိုးမှု၊ ကြီးစိုးမှု ဆိုတာ ရေရှည်တည်တံ့ဦးမယ့် ပြဿနာတစ်ရပ်လို့ မမြင်ကြတော့ပါဘူး။ စစ်တပ်ကို ဝင်တယ်ဆိုတာ ဘဝတက်လမ်းအတွက် အကောင်းဆုံးလမ်းကြောင်းဘဲဆိုတဲ့ အမြင်ရှိနေခဲ့ပေမယ့် ဒီအမြင်တွေ လျော့ပါးလာမှုနှင့် စစ်တပ်အခန်းကဏ္ဍကျဆင်းမှုဟာ အတူမှေးမိန် သွားရမှာပါ။ လူ့အဖွဲ့အစည်း ဘဝတက်လမ်းအတွက် တခြားလမ်းကြောင်းတွေ၊ အလားအလာတွေ ပွင့်လင်းလာတာနှင့်အမျှ စစ်တပ်ရဲ့ အရေးပါမှုလည်း နည်းပါးသွားနိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ ဒါပေမယ့် ကျနော် အခု ထောက်ပြလိုတာကတော့ လောလောဆယ်ဖြစ်နေတဲ့ ကချင်ပြဿနာကို ကြည့်မယ်ဆိုရင် စစ်တပ်လွှမ်းမိုးမှုက သိပ်ကိုသိသာထင်ရှားနေတယ်လို့ မထင်ဘူးလား ခင်ဗျာ။

Prof. Steinberg ။ ။ ခင်ဗျာ ပြောတဲ့ ကိစ္စဟာ နည်းနည်းပိုပြီး လေးလေးနက်နက် ပြောရမယ့် ကိစ္စပါ။ သမ္မတရဲ့ အယူအဆနှင့် စည်းမျဉ်းစည်းကမ်းတွေဟာ လူ့အဖွဲ့အစည်းရဲ့ အစွန်းအဖျားတွေအထိ ပျံ့နှံ့သက်ရောက်မှုရှိရဲ့လား။နောက်တစ်နည်းပြောရမယ်ဆိုရင် သမ္မတဟာ စစ်တပ်ကို ထိန်းချုပ်နိုင်သလား။ သမ္မတဟာ အောက်ခြေ ဒီမိုကရေစီ အုပ်ချုပ်မှုယန္တရားကို ထိန်းချုပ်နိုင်သလား။ နယ်စွန်းနယ်ဖျား တိုင်းရင်းသား နယ်စပ်ဒေသတွေအထိ သမ္မတရဲ့ အယူအဆတွေ၊ ထိန်းချုပ်နိုင်မှုတွေ တက်ရောက်မှု ရှိရဲ့လား။ ဒါတွေဟာ တကယ့်ကို မေးစရာတွေပါ။ အခုအချိန်ထိ သေချာတာ တစ်ခုကတော့ စစ်တပ်ဟာ သမ္မတရဲ့ အမိန့်အာဏာစက်အောက်ကို ပြတ်ပြတ်သားသား ရောက်ရှိတာ မတွေ့ရသေးဘူး ဆိုတာပဲ ဖြစ်ပါတယ်။ သမ္မတွေနှင့် ပြည်သူတွေဘဝ၊ ကချင်ပြည်သူတွေရဲ့ ဘဝနှင့်အတူ စစ်တပ်ရဲ့အကျိုးစီးပွားတချို့ကိုလည်း ကာကွယ်ပေးနေရဦးမှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တစ်ခုက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို နှိမ်နင်းတဲ့ကိစ္စနှင့် ပတ်သက်ပါတယ်။ ဒီနေရာမှာလည်းဘဲ တချို့သုံးသပ်ကြတာက အခုအရပ်သားအစိုးရ ဘာလို့ပြောနေလဲ သမ္မတဦးသိန်းစိန် ဆိုတဲ့ လုပ်ရပ်ဟာ ဟိုစစ်အစိုးရခေတ်ကို ပြန်ရောက်သွားသလိုဘဲ နောက်ကို ပြန်ဆုတ်သွားသလိုဘဲ ဖြစ်တယ်လို့သုံးသပ်နေကြပါတယ်။ ဘာပြောလိုပါသလဲ။

Prof. Steinberg ။ ။ ကြေးနီသတ္တုတူးဖော်ရေးကိစ္စဟာ အလုပ်သမားတွေနှင့် စီမံခန့်ခွဲရေးအပိုင်း ပြဿနာဟာ သိပ်အရေးကြီးတယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်တို့အနေနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုကို လုံးဝမတွေ့လို မမြင်လိုကြပါဘူး။ ဒီနေရာ ကျနော်က သိပ်အသေးစိတ်တော့ မပြောလိုပါဘူး။ ဒါပေမယ့် အစိုးရ အဆက်ဆက်တို့က သဘာဝပတ်ဝန်းကျင် ထိခိုက်မဲ့အရေးကို အလေးနက်မထားခဲ့ကြပါဘူး။ အလုပ်သမားအရေးကို လုံလုံလောက်လောက် မထားခဲ့ကြပါဘူး။ အလုပ်သမားတွေ အခွင့်အရေးဟာ ၁၉၆၂ ခုနှစ်က စတင်ခဲ့တဲ့ ကာလတလျှောက်မှာ အခုအခါ ပိုမို ရရှိလာနေပါပြီ။ အပြည့်အဝ အလုံအလောက်တော့ မဟုတ်သေးပါဘူး။တဖြည်းဖြည်းတော့ တိုးလာနေပါပြီ။ အခု ကြေးနီသတ္တုတွင်း ပြဿနာကို သတိနှင့် ကိုင်တွယ်ဖြေရှင်းနိုင်တာလည်း ကျနော်တို့ လိုချင်ပါတယ်။ ဒီကိစ္စမှာတော့ တရုတ်နှင့်ဆက်ဆံရေး ပြဿနာလည်း ပါဝင်နေတာပါ။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ ကျနော် အဓိက ဒီမှာ မေးလိုတဲ့ကိစ္စကတော့ လက်ပံတောင်းတောင်ကိစ္စ ဆန္ဒပြတဲ့ လူတွေအပေါ်မှာ အာဏာပိုင်တွေက နှိမ်နင်းတဲ့အခါ အင်အားကို လိုအပ်တာထက် အလွန်အကျွံ ပိုသုံးခဲ့တယ်ဆိုတဲ့ အချက်ကို ပြောတာပါ။

Prof. Steinberg ။ ။ လိုအပ်တာထက် အင်အားသုံးနှိမ်နင်းတယ်ဆိုတာကို ကျနော်တို့က လုံးဝမလိုလားပါဘူး။ ဒီကိစ္စမှာလည်း အစိုးရအသစ်က ဘာတွေလုပ်ဖို့ ကြိုးပမ်းနေတယ်ဆိုတာကို အောက်ခြေဒေသက အရာရှိတွေ နားမလည်နိုင်ကြသေးဘူးလို့ ထင်ပါတယ်။ သူတို့က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်နိုင်ပါတယ်။ မမှန်မကန်လုပ်ရပ်တွေကို လုပ်နိုင်ပါတယ်။ ဒါတွေကို ပြုပြင်ဖို့ လိုတယ်ဆိုတာကတော့ အမှန်အကန်ပါဘဲ။ ဘာမှ စောဒက တက်စရာ မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ လာမယ့်နှစ်အတွင်း။ ဒါမဟုတ် လာမယ့်နှစ်တွေအတွင်း မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေးမှာ အရေးကြီးဆုံး အဟန့်အတားတွေ ဘာတွေ ဖြစ်လာနိုင်တယ်လို့ ထင်ပါသလဲ ခင်ဗျာ။

Prof. Steinberg ။ ။ ဒီမိုကရေစီ ဆိုတဲ့နေရာမှာ အလျော့အတင်း အပေးအယူ လုပ်ခြင်းဆိုတာ ပါပါတယ်။ ကျနော်တို့ အမေရီကန် ပြည်ထောင်စုမှာလည်း ဒီပြဿနာရှိနေတယ်ဆိုတာ ခင်ဗျာ သိတဲ့အတိုင်းပါ။ မြန်မာနိုင်ငံမှာလည်း ဒီလို ပြဿနာ ပေါ်လာမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာ အာဏာပါဝါဆိုတာဟာ ပုဂ္ဂိုလ်ရေး သိပ်ဆန်ပါတယ်။ အဖွဲ့အစည်းလိုက် တည်ရှိတဲ့သဘော မတွေ့ရပါဘူး။ ဒီလို လူပုဂ္ဂိုလ်ရေးအရ အာဏာရှိနေတဲ့အခါကြတော့ လူပုဂ္ဂိုလ်တွေအနေနှင့် အလျော့အတင်း အပေးအယူ လုပ်ဖို့သိပ်ပြီး တွန့်ဆုတ်တက်ကြပါတယ်။ ဒါပေမယ့် အလျော့အတင်းလုပ်ခြင်းဟာ ဒီမိုကရေစီရဲ့ အခြေခံပါ။ အပေးအယူ လုပ်တဲ့အခါမှာ လူတွေဟာ ကိုယ်လိုချင်တာကို အပြည့်အဝ မရနိုင်တာဟာ ခံရခက်တဲ့ ကိစ္စပါ။ လူတိုင်းမှာ အနည်းအများ အလျော့ပေးရတယ်။ ဆုံးရှုံးရတယ်။ အနည်းအကျဉ်း ပြောင်းလဲပေးရပါတယ်။ ဒီလို အပေးယူလုပ်တဲ့ ဖြစ်ရပ်မျိုး ကိစ္စမျိုးဟာ မြန်မာ့သမိုင်းမှာ မရှိခဲ့ဖူးတာ သိပ်ကို ကာလကြာမြင့်ခဲ့ပါပြီ။ ဆိုတော့ ဒါမျိုး ဖွံ့ဖြိုးဖြစ်ထွန်းလာဖို့ အချိန်ယူရပါလိမ့်မယ်။ ဒါကို ကျနော်တို့က ပြုစုပျိုးထောင် ပေးရပါလိမ့်မယ်။ အပြောင်းအလဲတွေကို အားပေးထောက်ခံရမယ်။ ရေရှည်စွဲမြဲတဲ့ အလေ့အကျင့် ဖြစ်သွားအောင် အားထုတ်ကြရပါလိမ့်မယ်။ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်လာတဲ့ သမိုင်းကြောင်းကို ပြန်ကြည့်လိုက်မယ်ဆိုရင် လူထုတစ်ရပ်လုံးရဲ့ သဘောထားတွေ ပြောင်းလဲတိုးတက်လာမှုနှင့်အညီ ထွန်းကားလာခဲ့တာကိုလည်း တွေ့ရပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ အဲဒီ လူထုတစ်ရပ်လုံးရဲ့သဘောထား ပြောင်းလဲလာဖို့ဆိုတာ လွယ်လွယ်နှင့် ဖြစ်ပါ့မလား။ သဘောထားပြောင်းလဲအောင် ဘာတွေလုပ်ပေးသင့်ပါသလဲ။ သီးသန့်ပညာရေး စနစ်ဆိုတာများ လိုအပ်ပါသလား။

Prof. Steinberg ။ ။ လုပ်စရာ နှစ်ခုရှိပါတယ်။ ပထမတစ်ချက်ကတော့ ထိပ်ဆုံးကလူတွေအနေနှင့် ဒီလိုအလျော့ပေး ညှိနှိုင်းတာမျိုးကို နမှုနာ လုပ်ပြရမယ်။ ဒုတိယတစ်ချက်က ဒါတွေကို ဖြစ်ထွန်းစေမယ့် ပညာရေးစနစ်တစ်ရပ် လိုပါတယ်။ ကျောင်းသားတွေအနေနှင့် သူတို့ရဲ့ ပါမောက္ခတွေ၊ ဆရာတွေနှင့် ကွဲလွဲတဲ့ အယူအဆတွေကို တင်ပြနိုင်မယ့် ပညာရေးစနစ်တစ်ရပ် လိုအပ်ပါတယ်။ ဒီလို ကျောင်းသူ၊ကျောင်းသားတွေရဲ့ မတူကွဲပြားတဲ့ အယူအဆတွေကို လက်ခံကြဖို့လည်းလိုအပ်ပါတယ်။ ဆရာက တုတ်ကိုင်ပြီး သင်ကြားပေးတဲ့ ပညာရေးစနစ်မျိုး မဟုတ်ဘဲ အပြန်အလှန် ဆွေးနွေးမေးမြန်းတဲ့ သင်ကြားနည်း ဖြစ်ဖို့လည်း လိုပါတယ်။ ဒါတွေအားလုံးဟာ ရေရှည်လုပ်ရမယ့် ကိစ္စတွေပါ။ ကမ္ဘာပေါ်မှာလည်း ဒီလိုဖြစ်လာအောင် မျိုးဆက်အလိုက် ပြောင်းလဲပြုပြင်ခဲ့ကြရတာပါ။ ခင်ဗျာတို့ တိုင်းပြည်မှာလည်း ဒီလိုအခြေအနေ လုပ်သွားကြရမှာပါ။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ ကျနော် နောက်ဆုံး တိုင်းရင်းသားလူမျိုးစုကိစ္စနှင့် ပတ်သက်ပြီးတော့ မေးခွန်းတစ်ခု ပြန်မေးချင်ပါတယ်။ အခု ကချင်မှာ ဖြစ်တဲ့ကိစ္စ တော်တော်လေး ဆိုးနေပါတယ်။ ဒါ့အပြင် တခြားတိုင်းရင်းသားတွေနှင့် ဆက်ဆံတဲ့ နေရာမှာလည်း အပစ်အခတ် ရပ်စဲရေးဆိုတာကိုတော့ လောလောဆယ် လုပ်ထားနိုင်တာတွေ့ရပါတယ်။ အဲ့ အပစ်အခတ် ရပ်စဲပြီးတော့ နယ်စပ်ဒေသ သူတို့ တိုင်းရင်းသား ဒေသတွေမှာ စီးပွားရေး ဖွံ့ဖြိုးအောင် လုပ်၊ ဒီလိုလုပ်ရင် ပြဿနာ ပြေလည်သွားလိမ့်မယ်ဆိုတာကို ဦးစားပေးပြောနေကြပါတယ်။နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ဒါကိုပဲ လိုက်ပြီးပြောနေကြတယ်။ တချို့ မြန်မာအရေးသုံးသပ်သူတွေက ဒီဟာက အဖြေအစစ်အမှန် မဟုတ်ဘူးလို့ ပြောနေကြပါတယ်။ ဆရာကြီးအနေနှင့် ဘယ်လိုပြောလိုပါသလဲ။ ဒီကိစ္စကို။

Prof. Steinberg ။ ။ ဒါက လွယ်လင့်တကူ ချဉ်းကပ်ထားတဲ့ အဖြေသာ ဖြစ်ပါတယ်။ လက်တွေ့မှာ က ဒီပြဿနာဟာ ဒီထက်ပိုရှုပ်ထွေးပါတယ်။ ဒီအရေးမှာ နိုင်ငံတကာ အသိုင်းအဝိုင်းက ဘာမှ မလုပ်နိုင်ပါဘူး။ အပေးအယူလုပ် ညှိနှိုင်းကြဖို့ အားပေးတိုက်တွန်းရုံလောက်ဘဲ လုပ်နိုင်မှာပါ။ တကယ့် ပြဿနာက ဗမာလူအများစုဟာ သူတို့ တိုင်းပြည်အတွက် အန္တရာယ်မရှိတော့ဘူးဆိုတာ ဖြစ်စေချင်ကြပါတယ်။ တိုင်းရင်းသားတချို့က တစ်ချိန်တုန်းက သီးခြားခွဲထွက်ရေး လွတ်လပ်ရေးကို တောင်းဆိုနေခဲ့ကြတာပါ။ အခုတော့ Federal စနစ်ပြည်ထောင်စုကို ပြောင်းလဲ တောင်းဆိုလာကြပါတယ်။ ဒါပေမယ့် အစိုးရဟာ Federal စနစ်ကို ကြောက်နေပါတယ်။ ဒါပေမယ့် အာဏာခွဲဝေရေးကို ပုံစံတစ်မျိုးမျိုးနှင့် လုပ်ဖို့ လိုအပ်နေပါတယ်။ ဒီလို အာဏာခွဲဝေရေး ကိစ္စဟာလည်း သိပ်တော့ မလွယ်ကူလောက်ပါဘူး။ ရာစုဝက်ကျော်ကျော် ပျက်ပြားနေခဲ့တဲ့ ယုံကြည်မှုကို တဖြည်းဖြည်းဘဲ ပြန်လည်တည်ဆောက်ကြရမှာပါ။ ဒီပြဿနာ၊ ဒီတိုင်းရင်းသားလူမျိုးစု ပြဿနာဟာ ကျနော် ခင်ဗျာတို့ တိုင်းပြည်ကို စတင် စိတ်ဝင်စားလာခဲ့စဉ်တုန်းကတည်းက မြန်မာနိုင်ငံရဲ့ အဓိကပြဿနာ၊ မဖြေရှင်းမဖြစ် ပြဿနာဆိုတာ သဘောပေါက် နားလည်ခဲ့ရပါတယ်။ အခုထိအဖြေရှာလို့လည်း မတွေ့နိုင်သေးပါဘူး။ ဆက်လက်ပြီး ကြိုးစားသွားကြရဦးမှာပါ။ နိုင်ငံရေး ပြေလည်မှု မရနိုင်သေးပါဘူး။ ဒါပေမယ့် အစိုးရရယ် အတိုက်အခံရယ် တိုင်းရင်းသားတွေရယ် စုပေါင်းပြီး အဖြေရှာနိုင်ကြပါစေလို့ဘဲ မျှော်လင့်ပါတယ်။

XS
SM
MD
LG