သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးကိုယ်စားလှယ်ရဲ့ မြန်မာပြည် (၆) နှစ် ခရီး


In this Feb.15, 2013 photo, U.N. human rights envoy for Myanmar Tomas Ojea Quintana, center, visits a refugee camp in Myitkyina, north Kachin state, Myanmar. The UN's human rights envoy to Myanmar Tomas Ojea Quintana concluded his six-day mission to Myan
In this Feb.15, 2013 photo, U.N. human rights envoy for Myanmar Tomas Ojea Quintana, center, visits a refugee camp in Myitkyina, north Kachin state, Myanmar. The UN's human rights envoy to Myanmar Tomas Ojea Quintana concluded his six-day mission to Myan
ဒီသီတင်းပတ် မြန်မာ့မျက်မှောက်ရေးရာအစီအစဉ်မှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် (၆) နှစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ပါမောက္ခ Tomas Ojea Quintana ကို သူ့တာဝန်လုပ်ဆောင်မှုများနဲ့ ပတ်သက်ပြီး သူ့အမြင်၊ လုပ်ဆောင်ချက်၊ ခံစားချက်များကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ Professor Quintana မြန်မာနိုင်ငံအတွက် လူ့အခွင့်အရေးကိုယ်စားလှယ်အဖြစ် ခြောက်နှစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ ဘယ်လို တိုးတက်မှုတွေ မြင်ခဲ့ရသလဲဆိုတာကို ပြောပါ။

Quintana ။ ။ ကျနော့်ရဲ့ ခြောက်နှစ် သက်တမ်းဟာ မြန်မာနိုင်ငံလူ့အခွင့်အရေး တိုးတက်လာမှုနဲ့ အများကြီးဆက်စပ်မှု ရှိပါတယ်။ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားကိစ္စပါ။ စစ်အစိုးရလက်ထက်က ဒီမိုကရေစီရေးလှုပ်ရှားသူတွေ ထောင်နဲ့ချီပြီး အကျဉ်းထောင်ထဲ ရောက်နေခဲ့တာပါ။ အခုအခါ အများအပြား လွတ်မြောက်လာကြပါပြီ။ သိပ်အရေးကြီးတဲ့ကိစ္စပါ။ ကျနော့် တာဝန်ဘောင်အတွင်း နောက်တိုးတက်မှု ရခဲ့တဲ့ နယ်ပယ်တခုကတော့ မီဒီယာကိစ္စ ဖြစ်ပါတယ်။ ကျနော့်ရဲ့ တာဝန်သက်တမ်းအတွင်း မီဒီယာအခြေအနေလည်း အတော့်ကို ပြောင်းလဲလာခဲ့ပါတယ်။ ဒါတွေဟာ အရေးကြီးတဲ့ အသွင်ကူးပြောင်းလာမှုတွေပါ။

ဦးကျော်ဇံသာ ။ ။ တိုင်းရင်းသားဒေသတွေမှာဖြစ်တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ကော တိုးတက်မှုတွေ တွေ့မြင်ခဲ့ရပါသလား။

Quintana ။ ။ ဒါဟာ မြန်မာနိုင်ငံရဲ့ ကာလကြာရှည် တည်ရှိလာတဲ့ အဓိက စိန်ခေါ်မှုတရပ်ပါ။ မြန်မာနိုင်ငံဟာ နှစ်ပေါင်းများစွာ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားလာတဲ့နိုင်ငံပါ။ အားလုံးအတူတကွ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်အောင် ညှိနှိုင်းကြဖို့ လိုပါတယ်။ ဒီလို ညှိနှိုင်းနိုင်ကြမလားဆိုတာကို ကြည့်ကြရမှာပါ။ အစိုးရနဲ့ တိုင်းရင်းသားအင်အားစုတွေကြား သံသယတွေကလည်း အများကြီးရှိနေပါတယ်။ အရေးကြီးဆုံးကတော့ စစ်တပ်ဟာ အရပ်သားအစိုးရနဲ့ ဒီမိုကရေစီနည်းလမ်းတွေကို ဘယ်အတိုင်းအတာအထိ လိုက်နာမလဲဆိုတာပဲ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အဓိကပြဿနာက စစ်တပ်ပဲလား။ တခြားပြဿနာတွေကကော။

Quintana ။ ။ ပြဿနာများစွာအနက် စစ်တပ်ရဲ့ အမိန့်နာခံမှု ပြဿနာဟာ အဓိက အသွင်ကူးပြောင်းရေးကာလမှာ အရေးအကြီးဆုံး ပြဿနာလို့ ထင်ပါတယ်။ ကျနော် ပြီးခဲ့တဲ့ တပတ်ကျော်ကျော်လောက်ကပဲ ကချင်ဌာနချုပ် လိုင်ဇားကို ရောက်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးရဖို့အတွက် တိုင်းရင်းသားတွေနဲ့ လုပ်တဲ့အပစ်အခတ်ရပ်စဲရေးကို စစ်တပ်လိုက်နာဖို့။ လူသိရှင်ကြား ပွင့်ပွင့်လင်းလင်း လေးစားလက်ခံဖို့ ဘယ်လောက်အရေးကြီးသလဲဆိုတာ ပိုသဘောပေါက်လာပါတယ်။ မြန်မာနိုင်ငံအနာဂတ်အတွက် မြန်မာနိုင်ငံ အခြေအနေ ရှေ့ကိုရွေ့နိုင်ဖို့အတွက် မရှိမဖြစ် လိုအပ်တယ်လို့ ကျနော် ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ စစ်တပ်ကို အရပ်သားတွေရဲ့ လက်အောက်ကို ရောက်လာဖို့ စစ်တပ်ဟာ အရပ်သားတွေ သြဇာအမိန့်အာဏာကို နာခံဖို့အတွက် အရပ်သားမြန်မာပြည်သူတွေနဲ့ ဘာတွေလုပ်သင့်တယ်လို့ ထင်ပါသလဲ။

Quintana ။ ။ အချိန်ယူရပါလိမ့်မယ်။ ကျနော့်ရဲ့ ရိုးသားတဲ့အမြင်အတိုင်း ပြောရရင်တော့ အရပ်သားတွေရဲ့ ခိုင်မာပြတ်သားတဲ့ စွမ်းဆောင်ချက်တွေ လိုအပ်ပါတယ်။ ဒီအသွင်ကူးပြောင်းရေးကို ထိန်းကွပ်ဖို့အတွက် လူထုရေးရာကိစ္စတွေမှာ အရပ်သားတွေရဲ့ အားသွန်ခွန်စိုက် တက်တက်ကြွကြွ ပါဝင်မှု အများကြီး လိုအပ်ပါတယ်။ မှန်ပါတယ် အရပ်သားအဖွဲ့အစည်းတွေအတွက် အကန့်အသတ်တွေ၊ အစိုးရဖက်က ကန့်သတ်ထားတာတွေ ရှိနေတာ တွေ့ရပါတယ်။ ကန့်သတ်ထားတဲ့ ဥပဒေတွေလည်း ရှိနေပါတယ်။ ဒါပေမဲ့ အရပ်သားအဖွဲ့အစည်းတွေ၊ ဘာသာရေးဆိုင်ရာ အသိုင်းအဝိုင်း၊ စီးပွားရေးအသိုင်းအဝိုင်းတွေအနေနဲ့ သူတို့အရေးကိစ္စတွေကို သူတို့ဘာသာ ကိုင်တွယ်ဆောင်ရွက်နိုင်ကြဖို့ လိုအပ်ပါတယ်။ ဒါဆိုရင် မြန်မာပြည် ဘယ်ဖက်ရွေ့မယ်ဆိုတာကို ပြောနေစရာတောင် မလိုပါဘူး။ စစ်တပ်ဟာ သူတို့ရဲ့ နေရာမှန်ဖြစ်တဲ့ တန်းလျားဆီ တဖြည်းဖြည်းပြန်ရောက်သွားပါလိမ့်မယ်။ ဒါဟာ ကျနော့် ယုံကြည်မှုပါ။

ဦးကျော်ဇံသာ ။ ။ တခြားနောက်ထပ် စိန်ခေါ်မှုတွေလည်း ပြောပါအုံး။

Quintana ။ ။ မြန်မာနိုင်ငံမှာ သမိုင်းနဲ့ချီပြီး တည်ရှိလာတဲ့ ပြဿနာတရပ်ကတော့ သာမန်ပြည်သူတွေ၊ အောက်ခြေလူထုတွေကို တပါးတည်းဆွဲခေါ်ရမယ်ဆိုတာ၊ ဘယ်လိုဆက်သွယ်ပြောဆိုရမယ်ဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ စစ်အစိုးရတွေက ဒီကိစ္စတွေမှာ လုံးဝအတွေ့အကြုံမရှိခဲ့ပါဘူး။ အဆင်သင့်လည်း မရှိခဲ့ကြပါဘူး။ ဒီသဘောထား၊ ဒီအခြေအနေကို အစိုးရဆီမှာ ကျနော်တို့ မြင်နေရဆဲပါ။ ငြိမ်းချမ်းရေးသဘောတူညီမှုကို လေးစားရမယ့်ကိစ္စလိုပဲ လူထုနဲ့ ဆက်သွယ်ရမယ့်ကိစ္စကိုလည်း နားလည်းသဘောပေါက်ပြီး ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ တိုင်းရင်းသားဒေသတွေရဲ့ အပစ်အခတ်ရပ်စဲရေးကိုလည်း အရပ်သားတွေ အောက်ခြေလူ့အဖွဲ့အစည်းတွေက စောင့်ကြည့်ထိန်းကွပ်ပေးရမှာ ဖြစ်ပါတယ်။ အခုတော့ သာမန်လူထုရဲ့ ယန္တရားတရပ်ကို မတွေ့ရသေးပါဘူး။ ဒါဟာ သိပ်အရေးတကြီး လိုအပ်နေတဲ့ လူထုပါဝင်ဆောင်ရွက်မှု ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ထပ်အရေးကြီးတဲ့ စိန်ခေါ်မှုတွေရှိလည်း ဆက်ပြောပါအုံး။

Quintana ။ ။ နောက်ပြဿနာတရပ်ကတော့ impunity လို့ခေါ်တဲ့ အပြစ်ကျမှာကို ကြောက်စရာမလိုဘဲ ပြစ်မှုကျူးလွန်ခွင့် ရနေကြတဲ့ကိစ္စပါ။ ကျနော် မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်အဖြစ် ခြောက်နှစ်လုံးလုံး ထမ်းဆောင်ခဲ့ပြီးနောက် အခိုင်အမာ ယုံကြည်လက်ခံထားတာတခု ရှိပါတယ်။ မြန်မာနိုင်ငံမှာ လူတွေအသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတဲ့ဖြစ်ရပ်တွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် ဘယ်သူမှ အရေးယူခဲ့တာ မရှိသေးပါဘူး။ ဒီလို နှစ်ပေါင်းများစွာပြစ်ဒဏ်က ကင်းလွှတ်ခွင့်ရနေကြတဲ့ကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်တယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဒါဟာ သမိုင်းရဲ့ လိုအပ်ချက်တရပ်ပါ။ နောင်လာမယ့် မျိုးဆက်တွေအတွက် ရှေ့မျိုးဆက်တွေက လုပ်ပေးရမယ့်ကိစ္စတရပ် ဖြစ်ပါတယ်။ ဒီမိုကရေစီ ကူးပြောင်းရေးအတွက် အထောက်အကူ ဖြစ်စေမယ့်ကိစ္စလည်း ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးပေါ်ပေါက်လာတဲ့ ကိစ္စတရပ်လို့ ပြောရမယ်။ ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေအကြောင်းလည်း ပြောပါအုံး။

Quintana ။ ။ သိပ်အရေးကြီးပါတယ်။ တချိန်က မြန်မာနိုင်ငံမှာ လူ့အသိုင်းအဝိုင်းတွေအချင်းချင်း ငြိမ်းငြိမ်းချမ်းချမ်း အတူနေထိုင်လာကြတဲ့ နိုင်ငံတခုပါ။ အဲဒီ အခြေအနေကို ပြန်သွားဖို့ ဖြစ်နိုင်တယ်လို့ ကျနော် ယုံကြည်တယ်။ အခုတော့ ဘာသာရေးအကြမ်းဖက်မှု၊ အထူးသဖြင့် ရခိုင်ဖက်က အခြေအနေဟာဆိုရင် လက်မခံနိုင်တဲ့ အခြေအနေအတိုင်းအတာ ရောက်လာခဲ့ပါပြီ။ မြန်မာဟာ ဗုဒ္ဓဘာသာနိုင်ငံပါ။ ငြိမ်းချမ်းတဲ့နိုင်ငံပါ။ ဒီအချက် လက်တွေ့ဖြစ်ထွန်းတာကို တကယ် မြင်ချင်ပါတယ်။ ဘယ်လူ့အဖွဲ့အစည်းမဆို သူတို့ဆန္ဒ၊ သူတို့သဘောထားကို ဖော်ထုတ်နိုင်ပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းသောနည်းလမ်းနဲ့သာ ဖြစ်ရပါလိမ့်မယ်။ အစိုးရကလည်း ဒါကို နားလည်းသဘောပေါက်ရပါလိမ့်မယ်။ ၂၀၁၅ မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ အသွင်ကူးပြောင်းရေးအတွက် အရေးကြီးပါတယ်။ ဘယ်လိုအခြေအနေအောက်မှာ ဒီရွေးကောက်ပွဲကို ကျင်းပကြမလဲ။ ငြိမ်းချမ်းလွတ်လပ်တဲ့ အခြေအနေအောက်မှာ ကျင်းပနိုင်ရေးဟာ အရေးကြီးတဲ့ စိန်ခေါ်မှုပါ။

ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ ရခိုင်ဗုဒ္ဓဘာသာတွေရဲ့ စိုးရိမ်မှုတွေကို မစ္စတာကင်တားနား ဘယ်လောက် နားလည်းသဘောပေါက်ခဲ့ပါသလဲ။ မူစလင်တွေ နေရာယူလာတဲ့အတွက် သူတို့ဒေသ ဆုံးရှုံးရမှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။ ဒါဟာ ဘာသာရေးမုန်းတီးမှု၊ လူမျိုးရေး မုန်းတီးမှု မဟုတ်ဘူးလို့ ဒေသက လူတွေက ပြောနေကြတာပါ။

Quintana ။ ။ ခင်များ ပြောတာ မှန်ပါတယ်။ ပြီးခဲ့တဲ့ တပတ်ကျော်က ကျနော်ကိုယ်တိုင် ရခိုင်ကို ရောက်ခဲ့ပြီး ဒီအခြေအနေကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပါတယ်။ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ RNDP ကိုယ်စားလှယ်တွေနဲ့ တစ်စားပွဲတည်းထိုင်ပြီး ဆွေးနွေးခဲ့ပါတယ်။ ဒီအဖွဲ့ဟာ အကြမ်းဖက်မှု ကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့အဖွဲ့ပါ။ ကျနော် သူတို့နဲ့ တွေ့ဆုံဖို့၊ သူတို့လိုချင်တာကို နားထောင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒီမှာ ခင်များပြောတာ မှန်ပါတယ်။ သူတို့မြေကို သူတို့ ဆုံးရှုံးနေရတယ်။ သူတို့ ပစ်ပယ်ခံနေရတယ်။ စီးပွားရေးဆက်ပြီးတော့ လုပ်ကိုင်ဖို့ကိစ္စမှာ အရင်းအမြစ်ခွဲဝေရေးမှာ လစ်လျူရှုခံနေရတယ်လို့ ဆိုကြပါတယ်။ ဒီကိစ္စတွေဟာ တကယ်ကိုင်တွယ်ဖြေရှင်းပေးရမယ့် ပြဿနာတွေ ဖြစ်ပါတယ်။ အစိုးရနဲ့တကွ ရခိုင်လူ့အဖွဲ့အစည်းတွေ၊ မူစလင်အသိုင်းအဝိုင်းတွေပါ ဒီပြဿနာတွေကို စတင်အလေးထားပြီး အကြမ်းဖက်ရေးကို အလေးထားနေတာကို ပြောင်းလဲသွားအောင် ဆောင်ရွက်ရပါလိမ့်မယ်။ ရခိုင်လူ့အဖွဲ့အစည်းတွေအတွက် ဖွံ့ဖြိုးရေးအရင်းအမြစ်တွေကို ဘယ်လိုခွဲဝေပေးမလဲ။ မြေယာအသုံးချမှု ပြဿနာကို ဘယ်လိုဖြေရှင်းပေးမလဲဆိုတာတွေကို အပြုသဘောနဲ့ အလေးထားကြရမှာ ဖြစ်ပါတယ်။ ရခိုင်ဒေသ ပြဿနာပြေလည်ရေးအတွက် စတင်ဆောင်ရွက်ရမယ့်ကိစ္စ၊ Starting point ဟာ ရခိုင်ဗုဒ္ဓဘာသာ လူမှု့အသိုင်းအဝိုင်းက ပြောချင်တာတွေ၊ သူတို့လိုချင်တာ၊ ဖြစ်ချင်တာတွေကို အလေးစိုက် နားထောင်ကြဖို့ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ သူတို့ကလည်း ဒီလိုအပ်ချက်တွေရဖို့အတွက်ဆိုပြီး အကြမ်းဖက်မှုကို ရပ်ဆိုင်းကြရပါလိမ့်မယ်။ မြန်မာနိုင်ငံအနေနဲ့ရော၊ နိုင်ငံတကာအသိုင်းအဝိုင်းက အကြမ်းဖက်တာကို လက်မခံပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အကြမ်းဖက်တယ်ဆိုတာဟာ ဗုဒ္ဓဘာသာဝင်တွေဖက်ကပဲ အကြမ်းဖက်တယ်လို့များ မစ္စတာကင်တားနား က ဆိုလိုတာလား။

Quintana ။ ။ အကြမ်းဖက်မှု စဖြစ်ပြီဆိုရင် နှစ်ဖက်စလုံးက နစ်နာကြရတာပါ။ ရခိုင်ရဲဝန်ထမ်းတဦးက မူစလင်တွေ ဖမ်းသွားတဲ့အတွက် ကရုဏာသက်မိကြောင်း ရခိုင်ရဲတပ်ဖွဲ့အကြီးအကဲကို ကျနော် ပြောခဲ့ပါတယ်။ လူ့အခွင့်အရေးကိုယ်စားလှယ်တယောက်အနေနဲ့ အကြမ်းဖက်မှုဒဏ် ခံရတဲ့လူတွေအားလုံးအတွက် စာနာစိတ် ဖြစ်ရတာ အမှန်ပါပဲ။ ဒါကို RNDP ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရာမှာကော၊ လူမှု့အသိုင်းအဝိုင်းတွေနဲ့ တွေ့ဆုံတဲ့အခါတိုင်း ကျနော် ပြောပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါနဲ့ မစ္စတာကင်တားနား မကြာခင်မှာပဲ ခြောက်နှစ်တာ တာဝန်ထမ်းဆောင်မှု သက်တမ်းကုန်တော့မှာ ဖြစ်ပါတယ်။ မစ္စတာကင်တားနား နေရာမှာ လူစားထိုးမယ့် အစီအစဉ် ရှိပါသလား။

Quintana ။ ။ ဟုတ်ပါတယ်။ ကျနော့် တာဝန်ကို ဆက်လက်ထမ်းဆောင်ဖို့ အစားထိုးဖို့ ကိုယ်စားလှယ်လောင်း (၁) ယောက် ရှိနေပါတယ်။ ကျနော် မေလမှာ သက်တမ်းစေ့ပါမယ်။ နောက်ထပ် မတိုးတော့ပါဘူး။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံက အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို ဘယ်လို သုံးသပ်လိုပါသလဲ။ ကုလသမဂ္ဂ ကိုယ်စားလှယ် မလိုတော့ဘဲ သူတို့ကြီးပဲ မြန်မာနိုင်ငံလူ့အခွင့်အရေးကိစ္စကို စောင့်ကြည့်တာဝန်ယူနိုင်မယ့် အခြေအနေရှိမယ်လို့ ထင်ပါသလား။

Quintana ။ ။ ကျနော် ဒီ ကော်မရှင်ကို အမြဲအားပေးပါတယ်။ သူတို့ဟာ အရေးကြီးတဲ့ လူ့အခွင့်အရေးပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းလိုတဲ့ ဆန္ဒရှိပါတယ်။ အရေးကြီးတာကတော့ သူတို့မှာ လွတ်လပ်ဖို့ လိုပါတယ်။ အခုတော့ သမ္မတရဲ့ အမိန့်အာဏာနဲ့ ခန့်အပ်ထားတဲ့ ကော်မရှင် ဖြစ်နေပါတယ်။ အစိုးရနဲ့ ကင်းကင်းရှင်းရှင်း ရှိပါမှ လွတ်လွတ်လပ်လပ် လှုပ်ရှားဆောင်ရွက်နိုင်မှ သူတို့ပြောတာကို ကမ္ဘာက ပိုဂရုစိုက် နားထောင်မှာ၊ မီဒီယာရဲ့ အလေးထားဖော်ပြမှုကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ မောင်းတော ဒုချီးရားတန်း ပြဿနာကိစ္စမျိုးကို ဒီ ကော်မရှင်က ဖော်ထုတ်ဖို့ဆိုတာ မှန်ကန်တဲ့ဆုံးဖြတ်ချက်လို့ မထင်ပါဘူး။ ဒါပေမဲ့ ဒီ ကော်မရှင် ပိုပြီးတော့ ခွန်အားရှိလာအောင် တည်ဆောက်ဖို့ ကျနော် အမြဲအားပေးနေပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံး မေးချင်တဲ့မေးခွန်းကတော့ မစ္စတာကင်တားနား မြန်မာပြည်အတွက် တာဝန်ထမ်းဆောင်ခဲ့တာ အားလုံးကို လွှမ်ခြုံကြည့်မယ်ဆိုရင် အောင်မြင်တယ်လို့ ထင်ပါသလား။

Quintana ။ ။ ဒါကတော့ ခင်များတို့လို မီဒီယာသမားတွေ၊ မြန်မာပြည်ထဲက လူတွေက ပြောရမယ့်ကိစ္စပါ။ ဒီ ခြောက်နှစ်လုံးလုံး ကျနော်ဟာ မြန်မာပြည်သူတွေရဲ့ဘဝ အဆင်ပြေရေးကို ဇောက်ချလုပ်ဆောင်ခဲ့တယ်ဆိုတာတော့ အခိုင်အမာ ပြောရဲပါတယ်။ ကျနော့် လုပ်ရပ်အပေါ် နှစ်ထောင်းအားရတယ် ပြောတာတွေ ကြားရလို့ ဝမ်းသာပါတယ်။ ပြည်သူတွေဟာ သူတို့ မကျေနပ်ချက်၊ နာကျည်းခံပြင်းချက်တွေကို ဖော်ထုတ်ခွင့်ရတယ်လို့ ဆိုကြပါတယ်။
XS
SM
MD
LG