သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရတပ်ရဲ့ လိင်အကြမ်းဖက်မှု မှတ်တမ်းများ


အစိုးရစစ်တပ်ဟာ မုဒိမ်းကျင့်ဖို့ လေ့ကျင့်တဲ့နေရာ ဖြစ်တယ် School for Rape ဆိုတဲ့ Besty Apple ရဲ့ အစိုးရအစီရင်ခံစာ (၁၉၉၈) ခုနှစ်က ထွက်လာပါတယ်။ ဒီအကြောင်းကို မုဒိမ်းတပ်မတော်အမည်နဲ့ DVB က အသံလွှင့်ခဲ့ဖူးပါတယ်။ နောက် (၁၅) နှစ်ကြာတော့ မုဒိမ်းမှုကျူးလွန်တဲ့ အစိုးရတပ်ရင်းတွေအကြောင်း မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ် the Women’s League of Burma က Same Impunity, Same Pattern ဆိုတဲ့ အစီရင်ခံစာကို ဇန်နဝါရီလက ထုတ်ဝေခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲတဲ့ နေရာတွေမှာတောင် အစိုးရတပ်ဟာ မုဒိမ်းမှုကျူးလွန်နေတုန်းပဲလို့ မေလထုတ် ကရင်လူ့အခွင့်အရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီအတောအတွင်း တိုင်းရင်းသူအဖွဲ့အစည်းနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကလည်း အစိုးရတပ်ရဲ့ မုဒိမ်းမှတ်တမ်းကို အခါမလင့် ဖော်ထုတ်ကြပါတယ်။ ဇန်နဝါရီလထုတ် အစီရင်ခံစာမှာတော့ ၂၀၁၀ ရွေးကောက်ပွဲကျင်းပချိန်ကစပြီး ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရတပ်ကျူးလွန်တဲ့ မုဒိမ်းမှုတွေကို မှတ်တမ်းတင်ထားပါတယ်။ မြို့နယ် (၃၅) ခုမှာ အစိုးရတပ်ရင်း (၃၈) ရင်းက ကျူးလွန်ခဲ့တဲ့ မုဒိမ်းမှုတွေ ဖြစ်ပါတယ်။ တိုင်းရင်းသားနယ်မြေကို ထိုးစစ်ဆင်နေတဲ့ အစိုးရတပ်ဟာ အရပ်သားကို အန္တရာယ်အဖြစ် သတ်မှတ်တာမို့ တိုင်းရင်းသားစိတ်ဓါတ်ပျက်ပြားအောင် မုဒိမ်းလက်နက်ကို အဖြစ်သုံးတာလို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ (၂၅) နှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ အစိုးရတပ်ရဲ့ မုဒိမ်းမှုတွေကို အမျိုးသမီးအဖွဲ့အသီးသီးက မှတ်တမ်းတင်ထားတာတွေလည်း ရှိပါတယ်။ ၁၉၈၈ မတိုင်မီက ကရင်အမျိုးသမီးအစည်းအရုံးသာ ရှိခဲ့ပေမယ့် (၈၈) နောက်ပိုင်းမှာ တိုင်းရင်းသားလူမျိုးတိုင်းလိုလိုမှာ အမျိုးသမီးအဖွဲ့အစည်းတွေရှိလာပြီး နိုးကြားတက်ကြွလာတာ တွေ့ရပါတယ်။ ၁၉၉၉ ဒီဇင်ဘာလမှာ အမျိုးသမီးအဖွဲ့ ၁၂ ဖွဲ့ စုပေါင်းပြီး မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ်ကို တည်ထောင်တဲ့အခါမှာ အကြမ်းဖက်မှု ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ကျယ်ပြန့်လာပါတယ်။ အစိုးရတပ်ရဲ့ မုဒိမ်းကျင့်မှုတင်မကတော့ဘဲ အိမ်တွင်းအကြမ်းဖက်မှု ဆန့်ကျင်ရေး ပညာပေးအစီအစဉ်တွေကို အကောင်အထည်ဖော်ပါတယ်။ အစီရင်ခံစာ ပုံမှန်ထုတ်ပြန်လာတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ်ရဲ့ ဖိတ်ကြားချက်အရ နိုဘယ်ဆိုရ အမျိုးသမီးကိုယ်စလှယ်အဖွဲ့ ထိုင်း-မြန်မာနယ်စပ်ဒေသကို ၂၀၀၈ မှာ သွားရောက်လေ့လာပြီး အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေနဲ့ တွေ့ဆုံကြပါတယ်။ နောက်တော့ ၂၀၁၀ မတ်လမှာ မြန်မာပြည်က အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အပြည်ပြည်ဆိုင်ရာခုံရုံးဖွဲ့ပြီး နယူးရော့ခ်မြို့မှာ ကြားနာပါတယ်။ မြန်မာနိုင်ငံသူ (၁၂) ဦးရဲ့ ထွက်ဆိုချက်တွေကို ခုံသမာဓိပညာရှင် (၄) ဦးက ကြားနာပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ ခလရ (၅၆၇) က စစ်သားတဦး မုဒိမ်းမှု ကျူးလွန်တာကို တပ်မမှုးက တောင်းပန်ပြီး တရားဥပဒေအတိုင်း အရေးယူပြီး အရပ်ဖက်ကို လွှဲပေးမယ်လို့ ကတိပေးသွားကြောင်း မေလ (၃၀) ရက်ထုတ် မဇ္ဈိမသတင်းမှာ ဖော်ပြတာကိုကြည့်ရင် အမျိုးသမီးတွေရဲ့ ဆောင်ရွက်ချက်ဟာ အချည်းအနှီး မဖြစ်တာသိသာပါတယ်။

တကယ်တော့ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားရာအရပ်မှာ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ သက်ဆိုင်သူတွေမှာ တာဝန်ရှိကြောင်း (၁၉၄၉) ဂျနီဗာသဘောတူညီချက်နဲ့ နောက်ပိုင်း ပြဌာန်းခဲ့တဲ့ သဘောတူညီချက်တွေမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ မုဒိမ်းမှုတွေ တိုးပွားလာတဲ့အတွက် စစ်ပွဲမှာ ပါဝင်သူအားလုံး မိန်းမနဲ့ ကလေးတွေကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီက ၂၀၀၀ ခုနှစ် အောက်တိုဘာလမှာ ဆုံးဖြတ်ချက်ချပါတယ်။ နောက် (၁၀) နှစ်ကြာတဲ့အခါ လိင်အကြမ်းဖက်မှုကို လက်နက်အဖြစ် အသုံးပြုတာဟာ ပဋိပက္ခကို သက်ဆိုးရှည်စေတဲ့အတွက် ငြိမ်းချမ်းရေးကို ဟန့်တားရရောက်ကြောင်း ၂၀၁၀ ဒီဇင်ဘာလမှာ ဆုံးဖြတ်ချက်ချ ပြန်ပါတယ်။ ဒီကိစ္စကို အစီရင်ခံစာတင်ဖို့ (၂၀၁၃) ဇွန်မှာ ဆုံးဖြတ်ပြီး လွန်ခဲ့တဲ့ မတ်လမှာ ဘန်ကီမွန်းရဲ့ အစီရင်ခံစာ ထွက်လာပါတယ်။

လွန်ခဲ့တဲ့ မတ်လ (၁၃) ရက်နေ့က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း လုံခြုံရေးကောင်စီကို တင်သွင်းတဲ့အစီရင်ခံစာမှာ (၂၀၁၃) ခုနှစ်အတွင်း နိုင်ငံ (၂၀) မှာ ကျူးလွန်ခဲ့တဲ့ မုဒိမ်းမှုတွေကို မီးမောင်းထိုးပြပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံဟာ အထင်အရှား ပါဝင်နေပါတယ်။ စုံစမ်းစစ်ဆေးတာ ခက်ခဲလို့ လိင်အကြမ်းဖက်မှုကို ဖော်ပြရာမှာ အကန့်အသတ်ရှိပေမယ့် ရခိုင်၊ ကချင် နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မုဒိမ်းမှုတွေ ဖြစ်ပွားနေတာကို အရေးယူဖို့ ဗမာအစိုးရကို တိုက်တွန်းထားပါတယ်။ လုံခြုံရေးကောင်စီမှာ လိင်အကြမ်းဖက်မှုကို ဆွေးနွေးနေစဉ် ကရင်အမျိုးသမီးအဖွဲ့အတွင်းရေးမှုးနဲ့ အမျိုးသမီးအဖွဲ့ချုပ်ရဲ့ အမှုဆောင်ဖြစ်သူ နော်ကညောဖော က မြန်မာနိုင်ငံအခြေအနေကို သီးခြားတင်ပြနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ အမျိုးသမီးအပေါ် အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကို မြန်မာပြည်အတွက် တာဝန်မပေးနိုင်သေးတာဟာ အားနည်းချက်တခု ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် အမျိုးသမီးတွေ (၂၀၁၃) မှာ အကြမ်းဖက်ခံရပုံကို အထူးကိုယ်စားလှယ်က လွန်ခဲ့တဲ့ ဧပြီလ (၁) ရက်နေ့က အစီရင်ခံစာ တင်သွင်းခဲ့ပါတယ်။ ပထမ (၈) လမှာ အမျိုးသမီး (၇၀၀) နီးပါး မုဒိမ်းကျင့်ခံရပြီး တရာကျော် အက်ဆစ်နဲ့ ပက်ခံရပါတယ်။ စစ်တကောင်းမှာ ဒေသခံတွေကို ဘင်္ဂလီက မုဒိမ်းကျင့်ပုံကိုလည်း အထူးကိုယ်စားလှယ်က ကြားနာခဲ့ကြောင်းကိုလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
XS
SM
MD
LG